Saturday, March 28, 2009

ကိုယ်ပိုင်မှတ်စု

ချင်းမိုင် မနက်ခင်းတွေ လွမ်းနေရစ်ဦးမှာပါ.. နှစ်နှစ်တာကာလဟာ တကယ်ကို ဆေးရောင်စုံခဲ့တယ်.. ဆန်းပြားတဲ့ အရောင်တွေကြား.. ကျွန်မ တခန်းတနား နှလုံးသားချည်း သက်သက် ပျော်ဝင် တင်ဆက်ကပြခဲ့တယ်။ ဘ၀ဟာ ဆန်းပြားတယ်လို့ ပြောရမလား.. ရိုးစင်းလွန်းတယ်လို့ပဲ ပြောရမလား..။ ဒါဟာ ကျွန်မ ဘ၀ထဲ ပထမဆုံး အကြိမ် အရိပ်အာဝသ ကင်းကင်း လမ်းလျှောက်ထွက်ခဲ့မှုတစ်ခုပါ...။ တောင်တွေနဲ့ မြို့.. တောတွေ အုံ့ဆိုင်းတဲ့မြို့.. လှပတဲ့ မြို့လေး ... ကျွန်မချစ်ခဲ့ပေမယ့် ချန်နေရစ်ခဲ့ရမှာပါ။ ကျွန်မချစ်တဲ့ အရာတွေကို ချန်ထားရစ်ခဲ့ဖို့.. ဆေးရောင်စုံနေ့ရက်တွေက သင်ကြားပေးခဲ့ပြီ။
လွမ်းပြီ ရန်ကုန်မြေရေ...။ ကျွန်မ မကြာခဏ ငြီးမိတဲ့ စကားတစ်ခွန်း။


အဖေ... သမီး ပြန်လာခဲ့ပြီ.. ဘ၀ဆီက သင်ယူမှုတွေတပွေ့တပိုက်နဲ့ သမီးပြန်လာခဲ့ပြီ....။


မာနတရားနဲ့ သိက္ခာတွေ.. ယုံကြည်မှုနဲ့ ကိုယ်ကျင့်တရားတွေ.. သစ္စာတရားနဲ့ မြတ်နိုးမှုတွေ.. သင်းဂြိုဟ် ခံရဖူးတဲ့ ဟောဒီ ဆေးရောင်ဆန်းပြားနေ့ရက်တွေ ကျွန်မအတွက် ကြိုတင် သိမထားခဲ့ တဲ့ ဘ၀ရဲ့ သင်းရိုးညွှန်းတမ်း တစ်ခုဖြစ်ခဲ့တယ် ။ ရိုးရိုးသားသား ရှင်သန်ဖို့ပဲ ကုတ်ကပ်ကြိုးစားခဲ့ပါတယ်။ ခွင့်လွှတ်လွယ်မှုနဲ့ မနာကျည်းတတ်မှုတွေဟာ ကျွန်မနှလုံးသားကိုကျ.. ဟိုး.. ချောက်နက်နက်တွေထဲ ဆွဲသွင်းသွားခဲ့လေတယ်..။ ရိုးရိုးသားသား ချစ်ခင် မြတ်နိုး ခဲ့ပါတယ်.. ရိုးရိုးသားသား တမ်းတညွတ်နူးခဲ့ဖူးပါတယ်..။ ရိုးရိုးသားသာ ကြည်နူးခဲ့ရတယ်။ ရိုးရိုးသားသား ၀မ်းနည်းခဲ့ရတယ်..။ ရိုးရိုးသားသား ရင်ကွဲနာနဲ့ ဆန်းပြာတဲ့ နေ့ရက်တွေကြား .. ဘ၀မှာ .. ဟောဒီလူတွေဆီမှာ.. ရိုးသားမှုတွေ အနည်းဆုံး ရှိကိုရှိမှာပါဆိုတဲ့ မျှော်လင့်ချက်က ကျွန်မရင်ထဲ ဇွဲကြီးစွာ ထင်ကျန်နေဆဲပါပဲ..။


ဒီည ကျွန်မ အဖေ့အိမ် ပြန်ခဲ့မယ်.....။
ရိုးရိုးသားသား နာကျင်ခဲ့တဲ့ အဖေ့သမီး.. ရိုးသားစွာပဲ အဖေ့အိမ် ပြန်ခဲ့ဦးမှာပါ....။



လင်းပြာနွေ
မတ်လ ၂၈ စနေနေ့
မနက် ၁၀း ၃၀

Wednesday, March 25, 2009

လေညင်းသို့

တိတ်တိတ်လေး ဖြတ်မောင်းသွားတဲ့ ရထား သံကြားတယ်
ဘယ်အရပ်ကို ထွက်ခွါပြီလဲ....
ဒါမှမဟုတ်
ဘယ်အရပ်သို့ ဆိုက်ကပ်ပြီလဲ........

ခိုကပ်ဝင်လာတဲ့ လေညင်းတွေက
အရင်တုန်းက တိုက်ခဲ့တဲ့ လေတွေလို မဟုတ်သလိုပဲ....
စိမ်းစိမ်း ခါးခါး......

လေညင်းလေး တိုက်ရုံနဲ့တောင်
ရင်ဘတ်ဆီက စူးစူးဝါးဝါးအောင့်တယ်
ပုစဉ်းရင်ကွဲတွေလို ခြစ်ကုတ်အော်နေမိတယ်

သံ
တိတ်......

လက်နက်မပါတဲ့လူ
မခုခံ တတ်တဲ့လူ
မနာကျည်းတတ်တဲ့လူ ကိုမှ
အနိုင်ယူလိုသတဲ့လား လေညင်းရယ်......
ထပ်
ပြော
မယ်.....
အနိုင်မယူလိုပါ
အရှုံးတွေပဲ ပေးခဲ့လည်း
ဘ၀ရဲ့  ဆု လာဘ်တွေ အဖြစ်
မှတ်တိုင်စိုက်ခဲ့ပါ့မယ်......

နာကျင်ပါတယ်
အသက်ရှူကျပ်မတတ် နာကျင်မိတိုင်း
တိမ်မမြင် လမမြင်ရခဲ့ဖူးတဲ့
ကြည်နူးမှုတွေကြောင့်
ကျေးဇူးတင်နေမိပြန်တယ်
လွင့်ပါလေညင်းရယ် မင်းစိတ်စေရာ .......

လေညင်းရယ်...
အပျော်သဘောနဲ့ပဲ လှုပ်ခတ်သွား လှုပ်ခတ်သွား
ဦးတည်ရာမဲ့စွာပဲ ၀င်ခဲ့ဝင်ခဲ့
ငါ့ကမ္ဘာလေးထဲ
မျက်စိလည် လမ်းမှားရောက်လာခဲ့ဖူးလို့
ကျေးဇူးတင်တယ်။

လင်းပြာနွေ
မတ် ၂၆ ၂၀၀၉
ည ၁၂ နာရီ