Saturday, January 25, 2014

နာကျင်မှု ရှင်သန်ပုံ

နို့စို့အရွယ်နာကျင်မှုဟာ

 စာရွက်ပေါ် ချရေးနိုင်သေးတယ်

 ပြန်ပြောင်းပြောပြနိုင်သေးတယ်

ရေးသား မှတ်ထားနိုင်သေးတယ်

မျက်ရည်အဖြစ် လျှောဆင်းနိုင်သေးတယ်

ယမကာနဲ့ မျှောသွင်းနိုင်သေးတယ် ။

တွားသွားနေတဲ့နာကျင်မှုဟာ

တဖြေးဖြေး အတွင်းမှာ လှိုက်စားပြီး

အပြင်ပန်းမှာ တင်းကြပ်အေးခဲမာကြောစပြုလာတယ်

အခြေအနေမှန်ကို လက်ခံလိုက်တဲ့

ချောင်ပိတ်ရိုက်ခံရတဲ့ ခွေးတစ်ကောင်လို

 ငြိမ်သက်စပြုလာပါတယ်

မတ်မတ်ထိုင်နိုင်ဖို့တော့ ကြိုးစားနေသေးတယ် ။

လမ်းလျှောက်တတ်စ နာကျင်မှုဟာ အစိုင်အခဲအဖြစ် အနည်ကျလာခဲ့ပြီး

အပေါ်ယံမှာ ရေခဲပြင်တွေလို ထုထည်နဲ့ အေးခဲသွားခဲ့ပါပြီ

ကိုယ့်အနာကိုယ် ငုံထားရတဲ့ ရေခဲပြင်ဟာ

အနွေးဓာတ်အတုကို ရန်ဖန်ရန်ခါ

ဟန်နဲ့ပန်နဲ့ တည်ဆောက်ပြပြတတ်သေးတယ် ။

ဒီလိုနဲ့ ၂ နှစ်သားအရွယ် နာကျင်မှုမှာ

ရေခဲပြင်ဟာ အခိုင်အမာ ကြပ်ခဲသိပ်သည်းခဲ့သလို

မြုံနေတဲ့ အနည်တွေလည်း

ခိုင်ခံ့စွာ ကျောက်ဖြစ်သွားခဲ့ပြီ

ကျောက်ဖြစ်သွားခဲ့တဲ့ အနာဟာ

တခါတရံ အခန့်မသင့်ရင် အပေါ်ရံရေခဲပြင်ရဲ့ရင်ကို

တဆက်ဆက် ထိုးထိုးခွဲတတ်တာကလွဲလို့

အရာအားလုံး နေသားတကျ အေးစက်နေတတ်ပြီ

အရာအားလုံး နည်းနာတကျ ငြိမ်သက်နေတတ်ပြီ

အရာအားလုံး ဗလာဟင်းလင်း ရှင်သန်နေတတ်ပြီ ။    ။


 ၁၇ ဇန်န၀ါရီ ၂၀၁၄
သောကြာ

1 comment:

Burman Managers,Engineers and Scientists said...
This comment has been removed by the author.