Saturday, March 8, 2008

တောင်တောင်အီအီများ ၂

သစ်ပင်ပေါ်တွင် အထိတ်တလန့် ပြေးလွှားနေသော ရှဥ့်ကလေး.. မည်သည့် အရာကို ကြောက်လန့်၍ ပြေးလွှားနေသနည်း ကျွန်မ စဉ်းစားနေမိသည်။ တစ်ခါတရံ လူတွေသည်လည်း မည်သည့်အရာကို စိုးရွံ့ထိတ်လန့်မှန်းမသိ ပြေးလွှားနေကြသည်ပဲ။ လမ်းပေါ်တွင် တ၀ီဝီမောင်းနှင်နေကြသော မော်တော်ကားများ... လူများအားလုံး အလျင်လိုနေကြသည်။ အလျင်လိုစွာဖြင့် ဘ၀ကို ဖြတ်သန်းနေကြသည်။ ဘယ်အရပ်ကို သွားရန် ဒီလောက်တောင် အလျင်လိုနေကြသနည်း။ တွေးကြည့်မိတော့ ကျွန်မ ပြုံးချင်သွားသည်။ မနေ့ညက ကျွန်မ သေလောက်အောင် ပူလောင်ခဲ့သည်ပဲ။ မည်သည့် အတွက်နည်း။ ကျွန်မ စဥ်းစား မရ။ တစ်ခါတရံ သိပ်ကြေကွဲစရာကောင်းသည်ဟု ထင်ရသော ကိစ္စရပ်များသည် တစ်ခါတရံ၌ ရီစရာ ဖြစ်နေတတ်သည်။ လူတိုင်း၌ ခြောင်လှန့်နေသော တစ္ဆေများရှိကြသည်။ ၄င်းတစ္ဆေများသည် မိမိတို့ ကိုယ်တိုင်ဖြစ်သည်။

လူတိုင်းတွင် ညစ်ညမ်းသော စိတ်ထားများသာမာန်အားဖြင့်မရှိကြပါ။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက် မွေးဖွားခဲ့ခြင်းမှာ သန့်စင်၍ဖြစ်သည်။ သို့သော် အရွယ်ရောက်ပြီး လူသားတိုင်းသည် ညစ်ညမ်းရန် အသင့် ဖြစ်နေသူချည်းသာ။ အမှန်ဆို ညစ်ညမ်းချင်မှလည်း ညစ်ညမ်းကြပါလိမ့်မည်.. သို့သော် ညစ်ညမ်းသည့် အတတ်အား အလိုအလျောက် တတ်ကျွမ်းပြီးသွားကြလေပြီ... တချို့လူများသည် လူ့အဖွဲ့စည်း၏ မှိုများဖြစ်ကြသည်။ ၄င်းမှိုများသည် ပတ်ဝန်းကျင်ရှိ လူများအား ယားယံစေသည်။ ဟောဟိုမှာ လူများ ကုတ်ဖဲ့နေကြ၏... သေချာပြီ၊ ဒီပတ်ဝန်းကျင်၌ မှိုများ ထူပြောစွာ ပေါက်ရောက်နေပေပြီ။ တချို့လူများသည် လူကောင်းများဖြစ်သည်။ သူတို့သည် လူကောင်းလည်း ဖြစ်ချင်ကြသည်။ နာမည်ကောင်းအား အမဲလိုက်ရင်း တောလည်သွားသော လူများ မရေမတွက်နိုင်... အိမ်သို့ ပြန်မရောက် နိုင်ကြတော့ပေ။ ကျွန်မလူကောင်းမဖြစ်ချင်ပါ။ တချို့လူများသည် လူယဉ်ကျေးများဖြစ်၏။ သူတို့သည် လူယဉ်ကျေးလည်း ဖြစ်လိုကြသည်။ လူ့အဖွဲ့အစည်းထဲ၌ အစွမ်းကုန် ယဉ်ကျေးပြစ်လိုက်ဖို့ရာ အားထုတ်ပြီးဖြစ်သည်။ ကျွန်မ လူရိုင်းတစ်ယောက်သာ ဖြစ်လိုပါသည်။ တချို့လူများသည် အဖြူရောင်ဖြစ်သည်။ အကောင်းမြင်များလည်း ဖြစ်သည်။ အကောင်းမြင်ခြင်းဖြင့် စိတ်ပဋိပက္ခမှ ရုန်းရန်ရှောင်သည်။ အဆိုးမြင်ခြင်းသည် အမှန်တရားနှင့် ပိုနီးစပ်၏။ စိတ်နှင့် အပြိုင်ရုန်းရန် ကျွန်မ စိန်ခေါ်ပါသည်။ ကျွန်မသည် ရှဥ့်တစ်ကောင် မဟုတ်ပါ။ အစွယ်မရှိသော တီကောင် ထုံထိုင်းထိုင်းကြီးတစ်ကောင်လည်း မဟုတ်ပါ။ အမှန်ဆို လူတိုင်း၌ ခါးပိုက်ပိုက်ထားသော မြွေပွေးတစ်ကောင်စီ ရှိကြသည်။ ၄င်းမြွေပွေးသည် ထိုသူတို့၏ အတ္တဖြစ်သည်။ သို့သော် လူတို့သည် ထိုမြွေပွေးနှင့် အတော်ယဉ်ပါးခဲ့ ပြီးဖြစ်လေသည်။
ချစ်သူသည် ကျွန်မအတွက်တော့ အနူးညံ့ဆုံးသော အာရုံခံစားမှုတစ်ခုဖြစ်သည်။ ပညာသည် ကြောက်စိတ်မှ ပုန်းအောင်းရာ ခံတပ်တစ်ခုဖြစ်သည်။ အနုပညာသည် စိတ်ဝိညာဉ်ခိုနားရာ အကိုင်းအခက်တစ်ခုဖြစ်သည်။

ဆက်ရန်.......