Showing posts with label Thought. Show all posts
Showing posts with label Thought. Show all posts

Saturday, January 25, 2014

အချစ်အကြောင်း တောင်တောင်အီအီများ

ခုတလော အချစ်နဲ့ပတ်သက်လို့ ဟိုက ဒီက ဟိုတစ်စ ဒီတစ်စကြားကြားနေရတာတွေရှိတော့စိတ်ထဲရောက်လာတဲ့ အတွေးတချို့ကိုရေးဖို့ကြိုးစားကြည့်တာဒီနေ့တော့ အထမြောက်ခဲ့ပြီ။
တလောကသူငယ်ချင်းတစ်ယောက်ကအသဲကို အစိမ်းကွဲကွဲတာ မြင်နေကြည့်နေရတာ မသက်သာဘူး။ ဖေ့ဘုတ်ပေါ်မှာလည်း ဟဲဟဲထ ချစ်ကြတဲ့ ချစ်သူတွေ လူထု (public) ဆီကိုသူတို့ရဲ့ချစ်သမျှကို ပတ်ပျိုးကြီးကို နေ့စဉ်နဲ့အမျှထုတ်ပြန်နေကြတာတွေလည်းဒုနဲ့ဒေးပါ။ မိတ်ဆွေတစ်ယောက်ကပြောတယ် သူ့မှာ အွန်လိုင်းချစ်သူတွေရှိသတဲ့။ တစ်ချက်ကလေးတောင် အပျောက်မခံနိုင်ဘဲ ချစ်ကြသတဲ့။ သူ့လက်တွေ့ဘ၀ကချစ်သူကတော့သူ့အပေါ် အာရုံနည်းလွန်းသတဲ့။တချို့လည်းချစ်ကြလို့ အိမ်ထောင်သည်ဘ၀ မိသားစုဘ၀ သာသာယာယာ ချစ်ကြည်နူးနေကြတာလည်း မြင်ရဲ့။
အချစ်အကြောင်းစဉ်းစားမိတော့ ငယ်တုန်းကတော့ အချစ်ကို အလွန်ကြီးကျယ်ခန်းနားတဲ့ အရာအဖြစ်ရှူမြင်ဖူးသည်။ ကဗျာတွေစာတွေရေးတိုင်းအချစ်ဟာ တန်ခိုးရှင်လိုလို ကံကြမ္မာလိုလို။ တစ်ဦးနဲ့တစ်ဦးတော့လည်းခံယူချက်ချင်း ခံစားမိပုံချင်း တူညီကြမ်မယ်မထင်ပါ။ ငယ်ရွယ်စဉ်မှာ တချို့က အချစ်ကို စိတ်ခံစားမှုတွေအတွက် အမဲလိုက်သလို ရှာဖွေကြသည်။ လောင်းကစားခြင်းလို ရင်ခုန်ကြသည်။ တချို့ကျတော့် အချစ်ကိုသက်ဝင်ယုံကြည်ရာနတ်ဘုရားတစ်ပါးလို ကိုးကွယ်ကြသည်။ အချစ်ဟာဖြစ်တည်လာဖို့မလွယ်ဘူး။ ဘယ်တော့မှလည်း ပျက်သုန်းဖို့မရှိတဲ့မသေခြင်းတရား...စသဖြင့် ခံစားခဲ့ကြသည်။ တချို့ကျ ပေးဆပ်ခြင်းသည်သာ အချစ် မိမိချစ်သူ စိတ်ချမ်းသာမည်ဆိုအလုံးစုံလိုက်လျော ဖြည့်ဆည်းပေးခြင်းသည်သာ အချစ်စစ်ဟုလက်ခံကျင့်ကြံကြသည်။ တချို့ကျအဆုံးစွန်လည်း မပေးအဆုံးစွန်လည်းမယူ ရေချိန်ညီအောင် ဆက်ဆံရေးတည်ဆောက်ခြင်းဖြင့်အဆင်ပြေမှုဆီသို့သွားခြင်းသည်သာအချစ်ဖြစ်သည်ဟု ခံယူနေကြသည်။ ထိုသို့ဖြင့်အချစ်သည်မိမိလိုချင်သည့်အရာအား အမဲလိုက်ခြင်း၊ ကိုးကွယ်ခြင်း၊ လျှပ်လျှပ်လူးရင်ခုန်ခြင်း၊ တစ်ဖက်သက်ပေးဆပ်ခြင်း၊ ရေချိန်ညှိခြင်း စသည်ဖြင့် အမျိုးမျိုးအထွေအထွေပုံစံကွဲပြားစွာ တည်ရှိနေခဲ့သည်။
ဟိုတစ်လောကကြည့်မိသော ရုပ်ရှင်ဇာက်ကားထဲကစကားတစ်ခွန်းသတိရမိသည် ”အချစ်ဆိုတာ လူနှစ်ယောက်ကြားမှာ စိတ်ခံစားချက်တွေကို ကုလားဖန်ထိုးပြီး ကစားရတဲ့အရာ"တဲ့။လူတစ်ယောက်နဲ့ တစ်ယောက်အကြားတော့ အချစ်ကို သင်ယူခဲ့ရပုံခြင်း တူမည်မထင်ပါ။ သစ်ပင်ထိပ်ဖျားလွင့်ပါးနေတဲ့ ရွက်သစ်ငယ်စိမ်းလေးလို လှုပ်လှုပ်ခတ်ခတ် အရွယ်မှာတော့ အချစ်ဟာလှပါသည်။ ကြီးကျယ်ခန်းနားခဲ့မယ်ထင်ပါသည်။ သို့သော် အချစ်ကို မည်သို့ဖွင့်ဆိုမည်နည်းဟု ဘောဂဗေဒဆန်ဆန် ညီမျှခြင်းချမယ်ဆို

အချစ် = ကိန်းသေ (အခြားအမည်သည့်သက်ရောက်မှုများမရှိလျှင်ကျန်မည့် အခြေခံတန်ဘိုး) + (အချစ်အပေါ်သက်ရောက်နေသည့် ပင်ကိုဗီဇ ကောင်းဆိုးပြောင်းလဲမှုနှုန်းကိန်း ) x (ကြိုက်နှစ်သက်မှုအပါအ၀င် ပင်ကိုယ်ဗီဇ) + (အချစ်အပေါ်သက်ရောက်နေသည့် လိုအပ်ချက်နည်းများ ပြောင်းလဲမှုနှုန်းကိန်း ) x (ကာမဆန္ဒအပါအ၀င်လိုအပ်ချက်) + (အချစ်အပေါ်သက်ရောက်နေသည့်အခြေအနေပေးမှုနည်းများနှုန်းကိန်း ) x(အခြေအနေပေးမှု) +……………+အချစ်ကိုသက်ရောက်နေသောအခြားအရာအများကြောင့် ယူဆချက် မှားနိုင်ချေကိန်း

စသည်ဖြင့် အဖြေထုတ်ကြည့်မိသည်။ သချာင်္အက္ခရာနဲ့ဆို

Love = B0 + b1X1 + b2X2+ b3X3+.....+ u
ယခုအသက်အရွယ်တွင် အချစ်အား ထိုသချာင်္ပုံသေနည်းကဲ့သို့ခံစားမိသည်။ လူတစ်ယောက်သည် တဖက်လူတစ်ယောက်အားချစ်သည့်အခါ မိမိကိုယ်ကိုရိုသေမှု၊ အလေးပြုမှု (self-respect)ထက်သာလွန်ချစ်သင့်သည်ဟုမထင်တော့ပါ။ ဥပမာ ဆိုပါတော့မိန်းကလေးတစ်ယောက်ကသို့မဟုတ် ယောက်ကျားလေးတစ်ယောက်က သူ့ချစ်သူအား ဘာဖြစ်ဖြစ်ချစ်ပါတယ်၊ ဘာလုပ်လုပ်ရပါတယ် ၊ ဖြည့်ဆည်းပေးရုံပုံ စသဖြင့်မိမိချစ်သူပျော်ရွှ့င်မှုသာ ပဓာန၀ါဒန ချစ်သည်ဆိုပါစို့။ ထိုသို့အချစ်မျိုးအားလူ့အဖွဲ့အစည်းမျှ မည်သို့ရှုမြင်သနည်း။ ထို့သို့သော သူအား မိမိချစ်သူကိုယ်တိုင်မှ မိမိ၏အတ္တအား အရိုအသေတန်ခြင်း၊ လူ့အဖွဲ့အစည်းမှ ငနုံငထိုင်း စိတ်နောက်လိုက်သည့်လူပျော့တစ်ယောက်အဖြစ် အထင်အမြင်စွဲသွားခြင်းတို့မှာ ကိုးဆယ်ရာခိုင်နှုန်းသောအဖြစ်အပျက်များတွင် မှန်ကန်သည်ဟုယူဆသည်။ တစ်ရက်အပျောက်မခံနိုင်အောင်ချစ်ကြသည်ဆိုသော အိမ်မက်လေလှိုင်းလောက (virtual world အားထိုသို့ဘာသာပြန်ချင်ပါသည်) မှ အချစ်မျိုးသည် တစ်ခါတစ်ရံပိုမိုပြင်းထန်သရောင်ရှိသည်။ ပိုမိုလည်း ပြင်းထန်တတ်သည်။  တွေးကြည့်မည်ဆို အပြင်လောကမှ ပကတိအရှိတရာများလက်တွေ့ဒုက္ခသုက္ခများ မတွန်းတိုက်သေးသည်က တစ်ကြောင်း၊ လက်တွေ့ဘ၀တွင် မိမိမရယူနိုင်သောစိတ်လိုအင်များအား မိမိကိုယ်ကို ပိုမိုယုံကြည်ချက်ရှိရှိ လွတ်လွတ်လပ်လပ် ရယူနိုင်သည်တို့ကတစ်ကြောင်း စသည်တို့ကြောင့်ဖြစ်မည်ထင်သည်။ သို့သော်တစ်ယောက်ကိုတစ်ယောက် အပျောက်မခံခြင်း အပျောက်ခံခြင်းသည် အချစ်လားဟုပြန်မေးကြည့်လျှင် အတော်ရီစရာကောင်းသည်ဟု ခံစားမိသည်။
 ဈေးကစားသကဲ့သို့အတက်မြန် အကျမြန် ချစ်ခြင်းများလည်း ရှိသည်။ တစ်ချို့ အချိန်ရက်ပိုင်းအတွင်း တွေ့ဆုံပြီးနောက် သေလုမျောပါးအချစ်အား ရှာတွေ့သွားကြောင်း(အိမ်မက်လေလှိုင်းလောကတွင် တွေ့ဆုံမှုများဆို ပိုဆိုးသည်)၊ အချစ်စစ်ဟာဖိနပ်စုတ်တစ်ရံနှင့် အိမ်ပေါက်ဝမျက်စိလည်လာကြောင်း စသည့်အံ့မခန်း အချစ်မျိုးများလည်းတွေ့ဖူးသည်။ တစ်ယောက်အကြောင်းတစ်ယောက် ဘာမျှ ရေရေရာရာမသိ၊ ဘယ်လိုနားလည်မှုမျိုးမှလည်းမတည်ဆောက်ရသေးချိန်၊ တစ်ယောက်ရဲ့ ဆိုးမှုကို မည်သို့မျှလည်း မျှဝေမခံစားဖူးသေးချိန်ဟဲဟဲထ သိပ်ချစ်သည်ဆိုသည့် ထိုထိုအချစ်မျိုးအား အစစ်အမှန်တရားအဖြစ် လက်ခံရန် အင်မတန်အူကြောင်ကြောင်နိုင်ပါသည်။ သို့သော် ကျွန်မတွေ့ရှိခဲ့သည်မှာ လူတွေသည် အထက်ပါ ပုံသေနည်းများထဲမှအချစ်ကို သက်ရောက်နေသော ကိန်းရှင်များအရ အချစ်နာမည်တပ် ရူးသွပ်ပစ်လျက်ရှိသည်။တစ်ခုရှိသည်မှာ တစ်ဦးနှင့်တစ်ဦး ထိုသို့ ရူးသွပ်ပစ်နေကြသည်ကို နှစ်ဦးနှစ်ဖက်သိထားကြပြီး ၄င်းအသိအား နှစ်ဦးစလုံးမှရော မိမိကိုယ်မိမိရာ အသိအမှတ်မပြုပဲထားထားကြသည်။ ထိုသို့ဖြင့် အလုပ်ဖြစ်အောင် နေထိုင်လျက်ရှိကြသည်။
အချစ်အပေါ် ဇဝေဇ၀ါဖြစ်သလောက် သံယောဇဉ်ဟူသော အရာအပေါ်တွင်တော့ကျွန်မယုံကြည်မှုရှိပါသည်။ သံယောဇဉ်ဆိုသည်မှာ ကောက်ရိုးမီးလို လက်ဖြစ်တစ်တွက်အတွင်းတောက်ငြိမ်းသွားသည့်အရာမျိုးမဟုတ်ပါ။ သံယောဇဉ်ဆိုသည်မှာ သက်ရှိ လူ၊ခွေး၊ ကြောင်စသည်တို့အား မဆိုထားနှင့် သက်မဲ့ အရာများအပေါ်တွင်ပါ တွယ်တက်သောအစွဲအလန်းတစ်မျိုးဟုထင်သည်။ သံယောဇဉ်ကို သရုပ်ခွဲကြည့်မိလျှင် တစ်ဦးပေါ်တစ်ဦး မေတ္တာစိတ်များပါသလိုအင်နားရှား (inertia) သဘောများလည်း ပါမည်ဖြစ်သည်။ တစ်ဦးပေါ်တစ်ဦး မေတ္တာစိတ်မှာလူတစ်ဦးနှင့်တစ်ဦးအကြား ကောင်းမွေ၊ ဆိုးမွေများ မျှဝေခံစားပြီးနောက်ဝယ်ကျန်ရှိသောစိတ်ဟုထင်ပြီး အင်နားရှားသဘောမှာ ကောင်းလိုသည်များအား ဆက်တိုက်ကောင်းလိုခြင်း၊ပေးလိုသည်များအား ဆက်တိုက်ပေးလိုခြင်း၊ ရလိုသည်များအား ဆက်တိုက်ရလိုခြင်း ၊ အကျင့်ဖြစ်ခြင်းစသည်တို့လည်း အကျုံးဝင်မည်ထင်သည်။ ဥပမာ လေးနက်သော အသဲကွဲခြင်းများတွင် ထိုအရာများရောပြွန်းပါနေတတ်သည်။ အရာအားလုံးအား ရုတ်တရက် ရပ်တန့်ရသည်။ ပေးခွင့်မရှိ၊ယူခွင့်မရှိ သူစိမ်းများအဖြစ် သုညအခြေအနေသို့ ပြန်သွားရသည်။ စိတ်အားအလွန်အမင်းနာကျင်စွာ ထိန်းကျောင်းပြီး မူလ အခြေအနေသို့ ပြန်မောင်းသွင်းရသည်။ တချို့မှာအမြန်ပျောက်လိုမှုဖြင့် ရင်ခုန်သံအစားထိုးအမဲလိုက်ကြသည်။ တချို့မှာ ငွေသုံးခြင်းစိတ်ပျော်ရာလုပ်ခြင်းဖြင့်ကုသည်၊ တချို့မှာ အရက်သောက်ကြသည်။နလုံးခုန်သံအစားထိုးမှုသည် အမြန်ဆုံး သက်သာစေသည့် ကုထုံးတစ်ခုဟု ကျွန်မယူဆသော်လည်းအရက်သောက်ခြင်းမှာ နည်းကောင်းတစ်ရပ်ဟုတော့မထင်ပါ။ အဘယ်ကြောင့်ဆိုသော် အရက်သောက်ခြင်းဖြင့်ဘာကိုမှမေ့မသွားပါ။ အရက်အရှိန်တက်လာချိန်တွင် နာကျင်မှုမှာအထွတ်အထိပ်သို့ရောက်လာတတ်ပြီး လူမှာ အထိန်းအကွပ်မဲ့စွာဖြင့် ၄င်းနာကျင်မှုအားထိုးဆွခံစားခွင့်ရလာသည်။ ဘေးလူများပြောမည်။ အော်မည်။ မျက်ရည်ကျမည်။ကဗျာတွေစာတွေချရေးမည်။ အလွန်အကျွံမူးလာချိန်မှာတော့ အိပ်ပျော်သွားပေမည် (၀ါ)မူးသောကြောင့် မှောက်သွားပေမည်။ အခန့်မသင့်လျှင် လဲမည်၊ ကွဲမည်၊ ရန်ဖြစ်မည်။မိုးလင်းသော် ခေါင်းမှာ အတွင်းပိုင်းတွင် ထိုးကလော်ရိုက်နှက်မွှေနှောက်ထားသကဲ့သို့နာကျင်နေမည်။ လူမှာ နာနေသော တိရစ္တာန်တစ်ကောင်လို ထုံပေနေမည်။ လူစိတ်ပျောက်သွားသောအချိန်ခဏငယ်မှအပ အသဲကွဲခြင်းရဲ့ နာကျင်စိတ် ပြန်ဝင်လာမည်။ ဘာကိုမှမမေ့။အဖြေမဟုတ်သည့်အပြင် ပိုတောင် နာကျင်စေသည်ဟု ကျွန်မထင်ပါသည်။ အရက်သောက်ခြင်းမှာခံစားမှုကြိုက်၍သာ သောက်ခြင်းဖြစ်သည်။ ပျော်၍လည်းမဟုတ် ၀မ်းနည်း၍လည်းမဟုတ်ပါ။သုံးဖြုန်းပျော်ပါးသော ဖြေနည်းမျိုးမှာတော ငွေကုန်လျှင် အရှိန်ကုန်လျှင်ရပ်သွားသည့်သဘောရှိပါသည်။ နောက်ဆုံးတွင် လူသည် မိမိစိတ်လိုအင်များနောက်သို့မိမိဘာသာ ကောက်ကောက်ပါအောင် လိုက်ခဲ့သူဖြစ်သလို မိမိစိတ်ပဋိပက္ခများလည်း မိမိတစ်ဦးတည်းမှသာ ဖြေရှင်းနေရသည့်သတ္တ၀ါများဖြစ်သည်။
ယခုအချိန်တွင်တော့ ကျွန်မသည် လူတစ်ယောက်ဆီမှ “ချစ်တယ်”ဆိုသောစကားအား ပုံသေနည်းဖြင့်သာ ဘာသာပြန်ကြည့်မိလျက်သားဖြစ်နေပြီး ကျွန်တော်/ကျွန်မကတော့ဖြင့်ဒါလိုအပ်နေတယ် အဆင်ပြေရင် ဆက်သွားရအောင်လို့ “အဆိုတော် မျိုးကြီးအသံဖြင့်” ပြောနေသယောင်ပဲခံစားမိတော့သည်။
နိုဝင်ဘာ ၂၂ ၂၀၁၃

အချက်အလက်တွေအပေါ် မှီခိုမှုလွန်ကဲနေသော ကျွန်ပ်တို့ဖြစ်နေပြီလား

ပေတံပဲယုံတယ်

ဖိနပ်အသစ်တစ်ရံဝယ်ဖို့သူဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်ပြီးချင်း သူ့ခြေထောက်အတိုင်းကို သူယူတယ်။ ဒါပေမယ့် ဖိနပ်ဆိုင်ရောက်တော့အတိုင်းက မပါလာဘူး။ အိမ်မှာ မေ့ကျန်ခဲ့တယ်လေ။
“အတိုင်းကျန်ရစ်တယ်ဗျာ”  လို့ ဖိနပ်ဆိုင်ရှင်ကို ပြောပြပြီး၊ ကဗျာကယာ အိမ်ပြန်ပေးခဲ့တယ်။အတိုင်းကိုယူပြီး ဈေးဘက်အသော့နှင်ခဲ့တယ်။ ဒါပေမယ့် ဈေးဘက်ပြန်ရောက်လာတော့ ဖိနပ်ဆိုင်ပိတ်ထားပြီ။ဒါကြောင့် သူဖိနပ်မ၀ယ်ဖြစ်တော့ဘူး။ ဖိနပ်မ၀ယ်ဖြစ်တဲ့အကြောင်း သူ့မိတ်ဆွေတွေကိုပြောပြတော့မိတ်ဆွေတစ်ယောက်က
“ဖိနပ်ကိုစီမးမကြည့်ဘူးလား” လို့မေးတယ်။ ဒီတော့သူက “စီးမကြည့်ဘူး၊ ကျူပ်က ပေတံကို ပိုယုံတယ်လေ”လို့ ပြန်ပြောလိုက်ပါသတဲ့။
 တရုတ်ဒဏ္ဍာရီပုံပြန်- ဘာသာပြန် - ခင်မောင်တိုး (မိုးမိတ်)


ပုံပြင်လေး ဖတ်မိတော့ တွေးမိတာလေးရှိလို့ မျှဝေလိုက်ပါတယ်။

အခုခေတ်ကြီးမှာ လူတွေ အချက်အလက် data, information and facts and figures တွေအပေါ်ဘယ်လောက်ထိ ယုံကြည်လာပြီး ဘယ်လောက်ထိ တည်မှီအလုပ်လုပ်နေကြသလဲဆိုတာ ဒီပုံပြင်ပြင်ဖတ်တော့ ပြေးမြင်မိတယ်။

တစ်ခါတုန်းက မိတ်ဆွေ နိုင်ငံခြားသူမတစ်ယောက်နဲ့ အင်ဒိုနီးရှားကနေမြန်မာပြည်အပြန် ဂျက်ကာတာလေဆိပ်မှာ အဲဒီမိန်းမက အူလျားဖားလျားအကူအညီတောင်းတယ်။ သူ့မှာငွေလဲဖို့ အခက်ခဲရှိကြောင်း၊ ကျွန်မတို့ အဖွဲ့အစည်းကနေ နိုင်ငံခြားငွေခဏချေးထားပေးစေလိုကြောင်း ပြောပါတယ်။ ကျွန်မက ငွေလဲဖို့ အခက်အခဲမရှိကြောင်း ယခုဆို လေဆိပ်မှအစ မည်သည့်နေရာမှာမဆို အလွယ်တကူငွေလဲယူနိုင်ကြောင်း ရှင်းပြပါတယ်။ ဒါပေမယ့် အဲဒီအမျိုးသမီးက "မြန်မာပြည်မှာ ငွေလဲရင် တစ်နေရာနဲ့ တစ်နေရာ ဈေးမတူဘူး၊ မသိရင် အနှပ်ခံရတယ်လေ" ဆိုတဲ့စကားကို အလွန်ယုံကြည်ချက်ခိုင်မာနေတဲ့ မျက်နှာပေး၊ လေသံတို့နဲ့ ပြောတယ်။ ကျွန်မက ယခုမဟုတ်တော့ကြောင်းရှင်းပြတဲ့အခါ ကျွန်မအဆိုမှားကြောင်းကို သူဖတ်ထားတဲ့ မြန်မာပြည်အကြောင်းခရီးသွားစာအုပ်ကို ကိုးကားပြီး ယုံကြည်ချက်အပြည့်ငြင်းခဲ့တယ်။ အဲဒီအမျိုးသမီး တကယ်လည်း မြန်မာပြည်မှာ ငွေမလဲခဲ့ဘူး။ မြန်မာပြည်ဖွား မြန်မာပြည်ထဲ ကျင်လည်နေတဲ့ မြန်မာမက ပြောတာထက် မြန်မာပြည်အကြောင်း ရေးထားတဲ့ စာအုပ်က အချက်အလက်ကို ပိုယုံပါလားလို့ ရီချင်မိသွားတယ်။  သူရေးတဲ့စာအုပ် ဘယ်တုန်းကထုတ်လဲလည်း ကျွန်မမေးမနေခဲ့တော့ပါဘူး။

အလားတူ အဖြစ်ပျက်တွေ အများကြီးကြုံဖူးတယ်။ ဥပမာ မိတ်တွေ နိုင်ငံခြားသားတစ်ယောက်က သူဖုန်းဝယ်တာ rating အများကြီးလုပ်ခံထားရတဲ့ဖုန်းကို website ပေါ်တတ်ကြည့်ပြီး အဲဒီတစ်ချက်တည်းနဲ့ ဖုန်းဝယ်ဖို့ဆုံးဖြတ်တယ်။ နင်တို့က အချက်အလက်တွေကို သိပ်မှီခိုလွန်းတယ်ပြောတော့ ကျွန်မကို အချက်အလက်တွေကို ပိုယုံသတဲ့ ပြောသွားတယ်။

ဒီနေ့ ခေတ်အခါကြီးမှာ အချက်အလက်တွေအပေါ် တည်မှီအလုပ်လုပ်ဖို့ အပြင်းအထန်လိုအပ်လာတယ်ဆိုတာ မငြင်းပါဘူး။ သို့ပေမယ့် ပုံပြင်ထဲက ဖိနပ်ဝယ်သူလိုမဖြစ်ဖို့တော့ သတိထားသင့်တယ်လို့ တွေးမိလို့ပါ။

၁၁ နိုဝင်ဘာ ၂၀၁၃

သမားတော်ကြီးများ ကရုဏာမိုးလေးတော့ စွေစေချင်တာ

တလောက ကျွန်မတူလေး ခဲတံချွန်ရင်း မျက်လုံးထဲ အမှုန်ဝင်သွားတော့ မျက်စိဆေးခန်းကို အပြေးအလွှားလိုက်ရှာရတယ်။ အိမ်မှာ မျက်လုံးထဲက အမှုန်ကို ကိုယ်ဘာသာကိုယ် မှုတ်ထုတ်ပေးဖို့ကြိုးစားသေးတယ်။ ကျွန်မတူက သူ့မျက်လုံးကို အကိုင်မခံဘူး။ ကလေးက Autism ကလေးလည်းဖြစ်တော့ ချော့မော့ပြောလို့လည်း သူ့မှာ နားမလည်ဘူး။ အဲဒါနဲ့ နာမည်ကြီးလှပါပေ့ဆိုတဲ့ မျက်စိဆေးခန်းတွေရှိတဲ့ နေရာကို အမြန်ပြေးပြီး ဆရာဝန်ထိုင်တဲ့ နာမည်ကြီး မျက်လုံးစမ်းသပ် ဆေးခန်းတစ်ခုထဲ ၀င်ပြရတယ်။ စမ်းသပ်ဆရာဝန်က ဆရာဝန်မပါ။ စမ်းသပ်ခန်းထဲ ကျွန်မရယ် ကလေးရဲ့ အမေရယ်ပါ လိုက်ဝင်သွားပြီး မျက်လုံးထဲ အမှုန်ဝင်သွားတဲ့အကြောင်းပြောတယ်။ သမားတော် ဆရာဝန်မကြီးက မျက်လုံးကို တစ်ချက်လေးတောင် ဝှေ့မကြည့်ပါဘဲ မျက်လုံးကို မှန်ပြောင်းနဲ့ ချိန်ကြည့်ဖို့ နေရာယူခိုင်းပါတယ်။ ဖြစ်ချင်တော့ ကလေးက သူပြောတာကို နားမလည်ပါဘူး။ သူ့လေသံကလည်း မာကြောခက်ထန်မှုအပြည့်နဲ့။ ကျွန်မကလည်း ကလေးက Autism လေးမို့ နားမလည်ကြောင်း ၀င်ပြောပါတယ်။ အဲဒီမှာ သမားတော်ဆရာဝန်မကြီးက အေးစက်တင်းခဲနေတဲ့ မျက်နှာထားနဲ့ မာကြောခက်ထန်စွာပဲ ထဟောက်ပါတယ်။ "ကလေးက နားမလည်တောင် လူကြီးက Autism ကလေးထက်တောင် ပိုပြီး နားမလည်ပါလား" ဆို။ အဲဒီအချိန်မှာ ကျွန်မကြားနေရတဲ့ သမားတော်မကြီးရဲ လေသံရယ်နဲ့ မျက်နှာထားရယ်ဟာ ဆရာဝန်တစ်ယောက်က လူနာတစ်ယောက်ကို ဆက်ဆံနေတဲ့အနေအထားလား၊ တပည့်လက်ပါးစေတစ်ယောက် မသိနားမလည်လို့ အမှားလုပ်မိတာကို မာန်မဲနေသလားဆိုတာ ဇဝေဇ၀ါဖြစ်သွားပါတယ်။ တစ်ဆက်ထဲ ကျွန်မရင်ထဲ ဒေါသစိတ်နဲ့အတူတွေးမိပါတယ်  သမားတော်ကြီး ဘယ်လို သမားတော်ဖြစ်လာခဲ့သလဲလို့ …….။
ဒါနဲ့ပတ်သက်ပြီး နောက်ထပ်အဖြစ်အပျက်တစ်ခုလည်း ရှိပါသေးတယ်။ ကျွန်မအဖေက ခြေထောက်နာနာနေတာကြာပါပြီ။ အဲဒါနဲ့ ဘယ်လိုမှ အရှင်းမပျောက်နိုင်တာနဲ့ နာမည်ကြီး ဆေးခန်းကြီးတစ်ခုကိုပဲ ပြေးပြရပါတယ်။ အဲဒီမှာ ထုံးစံအတိုင်း လိုအပ်တဲ့ ဆေးစစ်ချက်တွေ ဆက်ပြီး လုပ်ပေးရပါတယ်။ နောက် ဆေးစစ်ချက်တွေကို နာမည်ကြီး အထွေထွေရောဂါကု သမားတော်ကြီးတစ်ယောက်နဲ့ ပြရပါရော။ သမားတော်ကြီးက " ခြေထောက်က သွေးကြောပိတ်ချင်နေပြီ၊ ခွဲစိတ်ပြီး ရှန်တိန်လုပ်ရမယ်။ ခွဲရင် ပိုက်ဆံတော့ရှိမှရမယ် .. ခွဲမယ်ဆို အမြန်အဖြေပေး .. ခွဲရမယ့်ဆေးရုံ နဲ့ဆရာဝန် စာရေးပေးလိုက်မယ်" လို့ အလားတူပဲ အေးခဲ တောင့်တင်းမာကြောတဲ့ လေသံနဲ့ပြောတယ်။ သမားတော်ကြီးရဲ့ စကားတွေကို ကျွန်မအဖေက မျက်နှာငယ်ငယ်နဲ့ နားထောင်နေတယ်။ အဖေဘာတွေးနေလဲ ကျွန်မသိတယ်။ ပိုက်ဆံဘယ်လောက်ကုန်မလဲ… မခွဲရင် ငါဘာဖြစ်တော့မလဲ..။ တခြားနည်းလမ်းကောမရှိတော့ဘူးလား..။ ဆရာဝန်ကြီးကတော့ အခုအမြန်အဖြေပေးခိုင်းနေပြီ …..။
ဒီအဖြစ်အပျက်တွေနောက်မှာ ကျွန်မ စာတစ်ပုဒ်ရေးမယ်လို့ စိတ်ထဲ  တေးထားလိုက်မိတယ်။ ဒီလိုမျိုး အဖြစ်အပျက်တွေကို ကျွန်မတစ်ယောက်တည်းကြုံနေရတာ ဟုတ်မယ်မထင်ပါဘူး။ ကျွန်မနဲ့ ဆုံဖြစ်တဲ့ တွေ့ဖြစ်တဲ့ ပြောဖြစ်ဆိုဖြစ်ကြတဲ့ အသိမိတ်ဆွေ၊ သူငယ်ချင်းများဆီမှလည်း မကြာခဏကြားနေရပါတယ်။ လူနာတစ်ယောက်ကို နေကြာစေ့ အစားမပျက်ဘဲ အေးစက်စက် စက်ရုပ်လို ဆေးကုပေးနေတဲ့ သမားတော်ကြီးတွေ၊ ပါဝါရှိရင်ရှိသလို (ပါဝါဆိုတဲ့နေရာမှာ ငွေကြေးအပါအ၀င် အခြားအရာများလည်းပါပါတယ်) သရေကြိုးသဖွယ် အပြုံးအရယ်ကို လိုသလို ကွန်ထရိုးလုပ် ဆက်ဆံတတ်ကြတဲ့ သမားတော်ကြီးတွေ၊ စက်ပစ္စည်းတွေ တပ်ဆင်တဲ့ စက်ရုံတစ်ခုလို လူနာမျက်နှာတစ်ချက်မကြည့် ဟောတစ်ယောက် ဟောက်တစ်ယောက် အေးစက်စက်ဆေးကုပေးတတ်တဲ့ သမားတော်ကြီးတွေ  တွေ့တွေ့နေရပါတယ်။
ဒီမှာ ကျွန်မစိတ်ထဲ မေးမိတဲ့ မေးခွန်းတွေ အများကြီးပေါ်လာပါတယ်
  • ဆရာဝန်ကြီးတွေအတွက် လူနာတွေဟာ ဘာလဲ …………
  • သမားတော်ဆိုတာကရော ဘာလဲ ………………..
  • ဘယ်လိုလူတွေ သမားတော်ကြီးတွေဖြစ်လာကြသလဲ ………………..
စတဲ့ မေးခွန်းတွေကို ကျွန်မအတတ်နိုင်ဆုံး စမ်းစစ်အဖြေရှာကြည့်မိတယ်။
ဆရာဝန်များအားလုံးကို မဆိုလိုသော်လည်း ကျွန်မပြောခဲ့သလို စက်ရုပ်နှလုံးသားဖြင့် လူနာအား ပြုမူဆက်ဆံနေကြတဲ့ သမားတော်တွေ၊ ဆရာဝန်တွေကို တွေ့မြင်နေကြရတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ကျွန်မကိုယ်တိုင်လည်း သမားတော်ကြီးတွေ နေရာဝင်ခံစားကြည့်ပြီး ဘာကြောင့်ဆိုတဲ့ အဖြေကို ကူထုတ်ပေးကြည့်ပါတယ်။
သမားတော်အလုပ်သည်လည်း တစ်နေ့တစ်နေ့ လူပေါင်းများစွာ၊ လူအမျိုးစုံနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ အလုပ်တစ်ခု ဖြစ်တဲ့အတွက် စိတ်မရှည်နိုင်စရာတွေ ရှိပါတယ်။ အခုလို ခက်ထန် မာကြောသွားစေအောင် တွန်းပို့နေတဲ့ အရာတွေရှိပါတယ်။ မှန်ပါတယ်။ ဒါကြောင့် လူနာနဲ့ ဆရာဝန်အကြား ဒီလို ဆက်ဆံရေးပုံစံမျိုးတွေ တွေ့လာရတယ်ဆိုပါစို့။ ဒါဆို လူပေါင်းများစွာနဲ့ ဆက်ဆံရတဲ့ အလုပ်မျိုးကို အစိုးရရုံးတွေမှာသော်လည်းကောင်း၊ အခြားသော အလုပ်တွေမှာသော်လည်းကောင်း တွေ့နိုင်ပါတယ်။ ဆိုပါစို့ .. လ၀ကရုံး (သို့) အခွန်အရုံး စသဖြင့် ရုံးတစ်ရုံးထဲကို လူတစ်ယောက်ဝင်လာပြီဆို .. ကျွန်တော် ဒီပြဿနာလေးရှိလို့ပါ။ ဒါလေးလိုချင်လို့ပါ။ ဘယ်လိုလုပ်ပေးလို့ရလဲဆို။  မာန်ချပြီး ၀င်ကြရတဲ့ ဆက်ဆံရေးမျိုးက အားလုံးသိပြီးသားပါ။ ရုံးအရာရှိတွေကလည်း အဲဒီလို လိုပတ်ရှိလို့လာကြတဲ့ လူပေါင်းများစွာနဲ့ ဆက်ဆံရကြာလာတဲ့အခါ စိတ်မရှည်လက်မရှည် ပုံစံတွေ ခေါက်ရိုးကျိုးလာပါတယ်။ သူတို့လိုပတ်ရှိလို့ပဲ ဒီလောက်တော့ သည်းခံပေါ့ဆိုတဲ့ပုံစံမျိုးနဲ့ တစ်မျိုး ၊ လာရောက်တဲ့ ပြည်သူရဲ့ ပါဝါပေါ်မူတည်ပြီး သားရည်ကွင်းဆက်ဆံရေးမျိုးတစ်ဖုံ ဆက်ဆံနေကြတာကို အားလုံး အမြင်ရိုးနေကြပါပြီ။ သမားတော်ကြီးများရဲ့ လူနာအပေါ်စိတ်မရှည်မှုမျိုးဟာ အစိုးရရုံးအရာရှိတစ်ယောက်နဲ့ ရုံးကိုလာရောက်တဲ့ ပြည်သူအပေါ် စိတ်မရှည်မှုမျိုးနဲ့ အတိုင်းအတာ အတူတူပါပဲလား…။ တကယ့်လက်တွေ့တွင် သမားတော်ကြီးတစ်ယောက်အပေါ် လူနာတစ်ယောက်က ထားရှိသော လေးစားကြည်ညိုအားကိုးမှု တန်ဖိုးဟာ ရုံးတစ်ရုံးရှိ ရုံးအရာရှိတစ်ယောက်ကို အကြောင်းကိစ္စတစ်ခုအတွက် လာရောက်အားကိုးရတဲ့ ပြည်သူတစ်ယောက်ရဲ့ လေးစားမှုတန်ဖိုးနဲ့ အဆမတန်ကွာပါတယ်။ (ရုံးအရာရှိလူကြီးမင်းများအား နှိမ့်ချပြောလိုခြင်းမဟုတ်ပါ။) အဘယ်ကြောင့်ဆိုသော် သမားတော်များသည် လူသားတို့အတွက် တန်ဖိုးအကြီးဆုံးဖြစ်သော အသက်နှင့် ကျန်းမာရေးအား ကယ်တင်စောင့်ရှောက်ရန် စွမ်းနိုင်သူများ ဖြစ်ခြင်းကြောင့်ဖြစ်သည်။  ဒီတော့ သမားတော်ကြီးများက မိမိတို့တန်ဖိုးကို လုပ်ပိုင်ခွင့်ရှိ ရုံးအရာရှိနဲ့ ပြည်သူ တို့အကြား ဆက်ဆံရေးတန်ဖိုးလောက်သာ သဘောထားလိုက်ကြပြီလား ………….
သမားတော်ကြီးများအတွက် နောက်ထပ် အဖြေတစ်ခု ကျွန်မ ထပ်ရှာကြည့်ပါတယ်။ သမားတော်ကြီးတွေဟာ အခုလို ဒီနေ့ခေတ်မှာ သမားတော်ကြီးတွေရယ်လို့ဖြစ်လာဖို့ရာ သူတို့ ဘ၀ရဲ့ အချိန်အားလုံးနီးပါးကို စာအုပ်တွေကြား၊ လေ့လာသင်ယူမှုတွေအကြား၊ နေ့မနား ညမနား၊ လူအား၊ ငွေအား၊ လုံလ၀ီရယအား စသဖြင့် အားပေါင်းများစွာမြှပ်နှံခဲ့ရတာကြောင့် အခုလို သမားဂုဏ်မာန်လေး သက်ရင့်သွားတာပါလား လို့ အဖြေရှာကြည့်ပါတယ်။ မှန်ပါတယ်။ သမားတော်ကြီးတစ်ယောက်ဖြစ်လာစေဖို့ သာမာန်လူတစ်ယောက် ရရှိခံစားခဲ့ဖူးမယ့် အရာတော်တော်များများကို စွန့်လွှတ်ခဲ့ရမယ်ဆိုတာ။ ဒါကြောင့်လည်း သမားဂုဏ်မာန်တင်းမယ်ဆို တင်းခွင့်ရှိတယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ သမားတော်မှမဟုတ်ဘူး ဘယ်လိုပညာရပ် နယ်ပယ်မျိုးမှာမဆို နှစ်မျြပ်ရင်းနှီးခဲ့ရတဲ့သူတွေအားလုံးဟာလည်း တစ်နေ့ သူလေ့လာခဲ့တဲ့ ပညာရပ်နယ်ပယ်မှာ တစ်ဖက်ကမ်းခတ်ဖြစ်ခဲ့ပြီဆိုလည်း ဂုဏ်ဝင့်ခွင့်ရှိပြီးသားပါ။ ဒါဆို ဥပမာ- တစ်ခုခုနဲ့ပတ်သက်တဲ့ နည်းပညာကျွမ်းကျင်သူတစ်ဦးက သူ့ကို လိုအပ်လို့ ချဉ်းကပ်ကြတဲ့ နယ်ပယ်ကလူတွေအပေါ် အထက်ဆီး ဆက်ဆံခြင်းမျိုးက .. ဆရာဝန်တစ်ယောက်က ငါ့ဝေဒနာတော့ ကုပေးနိုင်မှာပဲဆိုတဲ့ အားကိုးမျှော်လင့်ချက်မျိုးနဲ့ ချဉ်းကပ်လာတဲ့ လူနာတစ်ယောက်အပေါ် ခက်ထန်အေးခဲစွာ ဆက်ဆံခြင်းမျိုးနဲ့ အတိုင်းအတာ တူညီပါသလား ……….ဒီနေရာမှာ အတူတူပဲဆိုရင်တော့ ကျွန်မခံစားမိတဲ့ သမားတော်ဆိုတာ ဘာလဲဆိုတဲ့ အဖြေကို ထပ်စဉ်းစားစရာမလိုတော့ပါဘူး။
သမားတော်လုပ်စားတာဟာ စီးပွားရေးလုပ်တာပဲလား မေးရင် အသက်မွေးဝမ်းကျောင်းလုပ်ခြင်းတစ်မျိုးပဲလို့ ကျွန်မ ယူဆပါတယ်။ အသက်မွေးဝမ်းကျောင်းခြင်းဆိုတာကို ယနေ့လိုခေတ်ကြီးမှာ စီးပွားရှာကြတဲ့ အသွင်သဏ္ဍန်အဖြစ်မြင်နိုင်မှာပါ။ စီးပွားရှာခြင်းက အဓိက personal interest လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကျိုးစီးပွားအပေါ် အခြေတည်ပြီး မက်လုံးစနစ် incentive system နဲ့ အလုပ်လုပ်ပါတယ်။ ယနေ့ခေတ် ဈေးကွက်စီးပွားရေးစနစ်ခေတ်ကြီးမှာ များများလုပ်သူက များများ ခံစားခွင့်ရှိတယ်ဆိုတဲ့ fairness အပေါ် အခြေတည်ထားပါတယ်။ ဥပမာ- ကုန်ထုတ်လုပ်သူတစ်ယောက်က များများထုတ်ရင် များများမြတ်မယ်.. အရောင်းသမားတစ်ယောက်က များများရောင်းပေးနိုင်ရင် များများ ကော်မရှင်ရမယ် ..ကုမ္ပဏီလခစားတစ်ယောက်က များများလုပ်ပြနိုင်ရင် လခများများတက်မယ်..ဒီတော့ စီးပွားရှာသမားတစ်ယောက်ရဲ့ အန္တိမပန်းတိုင်ဟာ အမြဲ maximize profit အမြတ်အစွန်း အများဆုံးရရှိရေးပါပဲ .. ဒီနေရာမှာ ပြောချင်တာက ဈေးကွက်သဘောတရားအရ သမားတော်တစ်ယောက်ဟာလည်း လူနာများများကုနိုင်ရင် ဆေးရုံးများများညွှန်းနိုင်ရင် ဆေးများများ ၀ယ်ခိုင်းနိုင်ရင် ဟိုဒီများများ ညွှန်းနိုင်ရင် maximize profit ရရှိမှာပဲဖြစ်တယ်။ ဒီနေရာမှာ သမားတော်အလုပ်ကိုရော တခြားသော စီးပွားရှာအလုပ်တစ်ခုလို အမြတ်အစွန်းအများဆုံးရရှိရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးချယ်ခဲ့တယ်ဆို ရွေးချယ်ခွင့်မရှိဘူးလားမေးရင် .. ရှိပါတယ်။ ဘယ်နေရာမှာမဆို ကိုယ်ပိုင်အကျိုးစီးပွားဆိုတာကတော့ အချိုးအစားတစ်ခုအနေနဲ့ ပါဝင်မှာပါပဲ။ ကုသိုလ်တွေဘာတွေ အသာထားဦး လူ့အသက်ကယ်တင်တဲ့အလုပ်မို့ ကြီးမြတ်ပြီး တာဝန်ကြီးလှတဲ့၊ စွန့်လွှတ်မှုတွေပေးရတဲ့၊ နှလုံးသားလှတဲ့ သမားတော်အဖြစ် အသက်မွေးဝမ်းကျောင်းဖို့ ရွေးချယ်မလား .. ဈေးကွက်စီးပွားရေးစနစ်ရဲ့ သမားတော်တစ်ဦးအဖြစ် အသက်မွေးမလားဆိုတာကတော့ သမားတော်ကြီးတွေရဲ့ နှလုံးသားတွေအပေါ်မှာပဲ မူတည်မှာပါ။ ဆရာဝန်အဖြစ်ရွေးချယ်ခြင်းကို ပြန်စမ်းစစ်ကြည့်မယ်ဆို ဆရာဝန်၊ သမားတော်ဖြစ်လာကြသူတွေဟာ ကျွန်မတို့နိုင်ငံ ပညာရေးစနစ်အရ အထက်တန်းမှာ ထူးချွန်စွာ အောင်မြင်ခဲ့သူတွေပါ။ ထူးချွန်စွာ အောင်မြင်ခြင်းမှာ ဘာ background မှ မရှိဘဲ ကိုယ်တိုင်ကြိုးစားလွန်းလို့ ဖြစ်လာသူတွေရှိပေမယ့် အရည်အတွက်နည်းပါတယ်။ ယျေဘုယျအားဖြင့် မိဘအထောက်အပံ့ ထိန်းကျောင်းမှု နှင့် ကျောင်းသားရဲ့ ကြိုးစားမှု စတာတွေအပေါ်မူတည်ပြီး ထူးချွန်စွာအောင်မြင်လာကြတယ်။ ဒါပေမယ့် ဆရာဝန်အဖြစ်ရွေးချယ်ခြင်းမှာ ဆရာဝန်အလုပ်က ဂုဏ်ရှိတယ် အကြီးမြတ်ဆုံးအလုပ်၊ ဒေါက်တာကြီးဖြစ်မှာ စတာတွေကြောင့် မိရိုးဖလာ အစဉ်အလာတစ်ရပ်လို ရွေးချယ်ဖြစ်သွားကြတာလည်းရှိသလို တကယ်ပင် ၀ါသနာပါလို့ ရွေးချယ်တက်ရောက်ခဲ့ကြတာတွေလည်း ရှိပါတယ်။ မိဘအတိုင်းဖြစ်စေချင်လို့ ရွေးချယ်တက်ရောက်ခဲ့ကြတာတွေလည်း ရှိပါတယ်။ တစ်ခုရှိသည်မှာ ထိုရွေးချယ်မှုကို လုပ်ခဲ့တဲ့အချိန်မှာ အသက် ၁၅ နှစ်၊ ၁၆နှစ် အရွယ်အသိဥာဏ်ပဲ ရှိဦးမှာပါ။ တချို့ ကျောင်းတတ်ရင်းနဲ့မှဖြစ်ဖြစ်၊ ဆရာဝန်ဖြစ်ပြီးမှဖြစ်ဖြစ် ဆရာဝန်အလုပ်ကို ၀ါသနာမပါလို့သော်လည်းကောင်း၊ တခြားအကြောင်းရင်းများ ကြောင့်သော်လည်းကောင်း ဆက်မလုပ်ဖြစ်တော့တဲ့ သာဓကမျိုးတွေလည်း တွေ့ရမှာပါ။  သမားတော်ဖြစ်လာကြသူတွေဟာလည်း ဈေးကွက်စီးပွားရေးစနစ်ရဲ့ သမားတော်တွေအဖြစ်ဘဲ ပိုပြီးရွေးချယ်ရှင်သန်နေထိုင်လာခဲ့ကြမယ်ဆို ကျွန်မတို့လို ဖွံ့ဖြိုးမှုနှေးနိုင်ငံတစ်ခုမှာ အခြေခံကျန်းမာရေး စောင့်ရှောက်မှုလေးတောင် ရဖို့အလှမ်းဝေးလာမယ့် ကလေးလူငယ်၊ သက်ကြီးရွယ်အိုတွေနဲ့ ပြည်သူတွေရဲ့ မျက်နှာငယ်နွမ်းနွမ်းတွေ၊ ကရုဏာမိုးခေါင်ရာအရပ်မှာ လူမသိသူမသိ တဖြုတ်ဖြုတ် ကြွေကုန်ရစ်တော့မှာပါ။

 "ဘယ်လိုပုံစံရွေးချယ်ရှင်သန်မယ်ဆိုတာက ကိုယ့်ရဲ့ အခွင့်အရေးတစ်ခုပါ .. ဘယ်လိုပုံစံ ရှင်သန်နေထိုင်ခဲ့တယ် ဆိုတာကတော့ ကိုယ့်ရဲ့ သမိုင်းကြောင်းတစ်ခုပဲ" လို့ မြင်မိပါတယ်။

ဇူလိုင် ၁၁ ၂၀၁၂

ကျွန်မတို့ မြန်မာအမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို ဤမျှလောက် တန်ဖိုးကြီးကြီး ပေးဝယ်နေရပြီလား

လောလောဆယ် စိတ်ထဲမှာ အတွေးတွေးမိနေတဲ့ အကြောင်းအရာလေး တစ်ခုရှိတယ်။ ဖြစ်ပျက်ကြုံတွေ့နေတာတွေကနေ တဆင့် မတွေးတော့ပဲ နေချင်ပေမယ့် ခေါင်းထဲ အဖြေရှာနေမိတဲ့ အကြောင်းအရာလေးပါ။ တစ်ခုကတော့ ... ခုကာလတွေမှာ ကြုံတွေ့နေ ကြားနေ နားထောင်ခဲ့ရတဲ့ အဖြစ်လေးကနေ တွေးဖြစ်တာပါ။
တလောက အသိသူငယ်ချင်းကလေးမလေးတစ်ယောက်က ရင်ဖွင့်တယ် …. သူ့ချစ်သူက သူနဲ့ချစ်တာ ၁၂ ရှိပြီ။ သူမသိဘဲ နောက်ထပ် ချစ်သူလေးတစ်ယောက် ထားထားတာလည်း ၆ နှစ်ရှိပြီတဲ့။ ကလေးမလေးက ချစ်စရာ ကောင်မလေး သေးသေးကွေးကွေး .. ပညာလည်း အတိုင်းတာတစ်ခုထိတတ်တယ်။ ဟိုဘက်က တစ်ယောက်က သေချာမသိဘူး။ လှတယ်.. သွက်လက်ချက်ချာတယ်လို့ ပြောတာကြားရတယ်။ တိုတိုပြောရရင် အဲဒီလို ၃ယောက် တစ်ဇာတ်ဖြစ်နေတာတွေကို သိသွားတယ်ပေါ့။ ဒီတော့ အမျိုးသားက ကလေးမလေးကို ပြောတယ်။

 "မင်းက ငါ့ဘ၀ကို ဘယ်လောက် အထောက်အပံ့ပြုနိုင်မှာလဲ .. ငါ့ဘ၀ကို (ရုပ်ဝတ္ထု၊ အခွင့်အလန်း အားဖြင့်) ပိုပြီး အထောက်အပံ့ပေးနိုင်တဲ့လူကို ငါရွေးချင်တယ်.. ငါပင်ပန်းနေပြီ …."

ဒီစကားမျိုးကို ကျွန်မ ဘယ်လိုမှ ထူးဆန်းပြီး မခံစားရပါဘူး။ ဒါပေမယ့် ယနေ့ခေတ် ခုနောက်ပိုင်း ကျွန်မဖြတ်သန်းနေတဲ့ နေ့ရက်တွေထဲမှာ ဒီလို ဖြစ်ရပ်မျိုးတွေကို ကြားမြင်ရမှု ပိုစိတ်လာတာတော့ အမှန်ပါ။ ကျွန်မ စဉ်းစားမိတာက Gender ရှုထောင့်လေးပါ။ ဒီမှာ ကျွန်မမြင်တာကို မိန်းမထုဘက်ကလည်းမဟုတ်၊ ယောင်္ကျားထုဘက်ကလည်း မဟုတ်တဲ့ တွေးခေါ်မှုလေးနဲ့ Gender ကို သုံးသပ်ကြည့်မိတာပါ။

အထူးသဖြင့် ကျွန်မတို့နိုင်ငံမှာ အမျိုးသမီးတစ်ယောက် "ရှင်ကျွန်မဘ၀ကို ဘယ်လိုထားနိုင်မှာမို့လဲ" ဆိုတဲ့ စကားမျိုးပြောလာခဲ့ရင် ဘယ်သူမှ ထွေထူးပြီး ခံစားမိမယ်မထင်ပါဘူ။ ဘာလို့လဲဆိုတော့ အမျိုးသမီးဆိုတာ အားနွဲ့တယ်၊ မှီခိုသူ၊ အိမ်ထောင်ဦးစီးကို ကိုးကွယ်သူ၊ စသဖြင့် ဘာသာရေးရာ၊ ယဉ်ကျေးမှုရေးရာ၊ လူမှုရေးရာအဖြစ် ခေါင်းထဲဝင်ပြီးသားဖြစ်နေတဲ့ norm တွေရှိနေပြီးသားလို့ ကျွန်မယူဆပါတယ်။ နောက်ပိုင်း အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် အတူတကွ ပေါင်းသင်းနေထိုင်ကြာတဲ့အခါမှာလည်း ကျားနဲ့မ သူဟာသူ ဟန်ချက်ညီညီ ခွဲဝေယူရတဲ့ တာဝန်နဲ့ ၀တ္တရားတွေရှိပါတယ်။ ဒါတွေထဲမှာ ရှေးယခင်ကဆို ယောင်္ကျား အဓိက ၀င်ငွေရှာသူဖြစ်မယ်၊ မိန်းမက အိမ်ထောင်မှုကို အဓိက ထိန်းထိမ်းစီမံရသူဖြစ်မယ်။ သားသမီးတွေကို အနီးကပ် ပိုပြီးစောင့်ရှောက်ဖို့ ၀တ္တရားရှိတဲ့သူ rationally အများအားဖြင့် ရှိနေတတ်ကြပါတယ်။ ယခုခေတ်တွေမှာ  ခေတ်ရဲ့ demand လုပ်မှုအရ ကျားရောမရော အဓိက ၀င်ငွေရှာရသူတွေ ဖြစ်လာခဲ့ကြတာ တွေ့လာရပါမယ်။ သို့ပေမယ့်လည်း ယူရတဲ့ တာဝန်ဝတ္တရားပိုင်းမှာတော့ များစွာပြောင်းလဲခြင်းမရှိဘဲ norm တွေအရသာ ဖြစ်နေပါသေးတယ်။ ယခုကျွန်မခံစားရေးနေတာကို မြန်မာပြည်အနေနဲ့သာ ခံစားကြည့်စေချင်ပါတယ်။ ဆက်ရရင် .. ကျားရောမပါ အဓိက ၀င်ငွေရှာသူတွေ ဖြစ်လာသော်ငြားလည်း ဘယ်ယောက်ကျားမှ သားသမီးကို ကရိကထခံ ရင်အုပ်မကွာ စောင့်ရှောက်တဲ့ တာဝန်မျိုး ပြောင်းလဲယူတာခြင်းမျိုး၊ ဆေးကြော လျှော်ဖွတ် စီမံစတာတွေ သာတူညီမျှ တာဝန်ခွဲဝေ ယူလာခြင်းမျိုး ထင်ရှားသည့် ပြောင်းလဲခြင်းမျိုး မတွေ့မိသေးပါ (ရှိတော့ရှိမှာပါ အများအားဖြင့်ဆိုလိုခြင်းပါ)။ ဒီကိစ္စကို ဆက်လက်သုံးသပ်မည်ဆိုပါလျှင် အောက်မှာဖော်ပြထားတဲ့ အမျိုးသမီးနဲ့ အမျိုးသားများ ဘာကြောင့် အိမ်ထောင်ပြုလိုကြသလဲ ဆိုတဲ့ အချက်နှစ်ချက်ကို ထည့်စဉ်းစားသင့်ပါတယ်။
ဘာကြောင့်အမျိုးသားများ အိမ်ထောင်ပြုလိုကြသနည်း
ဖြစ်နိုင်ချေရှိသည်မှာ (ကျွန်မသည် အမျိုးသားမဟုတ်ခြင်းကြောင့် ကျွန်မယူဆချက် ရာနှုန်းပြည့်မှန်ချင်မှ မှန်မှာပါ။ ယေဘုယျသဘောကို စဉ်းစားကြည့်တာပါ)
  • စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များဖြည့်ဆည်းမှု (ထိုအထဲတွင် သွေးသားလိုအပ်ချက်နှင့်ပြုစုမှု စောင့်ရှောက်မှု၊ ယုယမှု စတာတွေပါမှာပါ)
  • မိသားစုဘ၀နှင့် မိမိနောင်ရေး
ဘာကြောင့်အမျိုးသမီးများ အိမ်ထောင်ပြုလိုကြသနည်း
  • အားကိုးလိုမှု
  • စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များဖြည့်ဆည်းမှု (ဒီနေရာမှာ အထက်မှာ ဖော်ပြထားတာတွေအပြင် ရာခိုင်နှုန်းအများဆုံး ပါဝင်တဲ့လိုအပ်ချက်ကတော့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပါ။ ဒီကိစ္စကို ဒီထက်ပိုရေးရင် အမျိုးသမီးထုကို သစ္စာဖောက်ရာများကျမလား ..) ဒီစိတ်ပိုင်းဆိုင်ရာ လုံခြုံမှုက ယောက်ကျားတွေရော မလိုဘူးလားဆိုလိုပါတယ် .. ဒါပေမယ့် ဒီဂရီက မိန်းမတွေမှာ ပိုတယ်လို့ ကျွန်မယူဆပါတယ်
  • မိသားစုဘ၀နှင့် မိမိနောင်ရေး
ဒါတွေအပြင် တခြားအချက်များစွာလည်း ရှိဦးမှာပါ။ ကျွန်မဒီမှာ အဓိက အချက်တွေ လောက်ပဲ ရေးထားပါတယ်။ ကျွန်မ အချစ်ကိုဘာလို့ ထည့်မရေးလည်းဆိုရင် အချစ်ဆိုတာ  မိမိရဲ့ စိတ်ခံစားချက်၊ ကြိုက်နှစ်သက်မှု၊ ခံယူမှု၊ exposure၊ အခွင့်အရေးပေးမှု စတဲ့ များစွားသော အခြေအနေအမျိုးမျိုးက curve လုပ်လိုက်တဲ့ အရာတစ်ခုလို့ ကျွန်မယူဆတဲ့အတွက် အထက်မှပြောထားတဲ့ အချက်တွေထဲမှာ သူ့အလိုလို ပါသွားမယ်လို့ထင်ပါတယ်။
ဒီတော့ … ကျွန်မ အထက်မှာ ဖော်ပြထားတဲ့ အမျိုးသားနဲ့ အမျိုးသမီး ဘာကြောင့် အတူတကွနေထိုင် အိမ်ထောင်ပြကြသလဲဆိုတဲ့အချက်တွေဟာ ကျွန်မပြောခဲ့တဲ့ ကျွန်မတို့နိုင်ငံရဲ့ ကျား၊ မ social norm တွေအပေါ်မှာ တည်ပြီး အဖြေထုတ်ထားတာပါ။
အခု အဲဒီ Norm တွေ ပြောင်းလာတာကို ကျွန်မ ပထမဆုံး ပြောခဲ့တဲ့ ဥပမာမှာ အလားတူ သာဓကတွေမှာ မြင်လာရပါပြီ။ အမျိုးသားတစ်ယောက် ဘာကြောင့် အိမ်ထောင်ပြုလိုသလဲဆိုတဲ့ အချက်ထဲမှာ အားကိုးလိုမှုနဲ့ အခွင့်အလန်း opportunity ဆိုတာ ပါလာပါပြီ။ သို့သော် တာဝန်ယူမှုနဲ့ ၀တ္တရားတွေမှာတော့ အမျိုးသားအလုပ်၊ အမျိုးသမီးအလုပ်ဆိုတာတွေရှိနေတုန်းပါပဲ။ အလုပ်သွားရတာချင်း၊ ၀င်ငွေရှာရတာချင်းအတူတူ ချက်ပြုတ်ပြင်ဆင်၊ လျှောက်ဖွတ်၊ သားသမီးရင်အုပ်မကွာ ထိန်းကျောင်း စတဲ့တာဝန်တွေက အမျိုးသမီးပေါ် အဆများများ ရှိနေဆဲပါပဲ။
ဒီတော့ ကျွန်မ Gender ရှုထောင့်ကနေ စဉ်းစားတာလည်းမဟုတ်၊ humanitarian ရှုထောင့်ကနေ စဉ်းစားတာလည်း မဟုတ်ဘူး။ တွေးမိတာလေးတစ်ခု မျှဝေချင်ပါတယ်။ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ်၊ လူသားတစ်ယောက်အနေနဲ့ မိမိရဲ့ အခွင့်အလန်းနဲ့ အားကိုးလိုမှု၊ တက်လမ်း၊ အနာဂတ် စတာတွေကို ထွင့်သွင်းစဉ်းစားတာဟာ ထည့်သွင်းတွက်ချက်တာဟာ .. စဉ်းစားခွင့်၊ တွက်ချက်ခွင့် ရှိတယ်လို့ ကျွန်မယူဆပါတယ်။ မည်သည့်လူသားမဆို rationally မိမိဘို့ရာ မိမိအတ္တအတွက်ရာ စဉ်းစားပိုင့်ခွင့် right ရှိတယ်လို့ ကျွန်မယူဆပါတယ်။ ဒီအထိ မျှတပါတယ်။ သို့သော် လူသားဆန်တဲ့ပဲ ပြောမလား၊ နှလုံးရည် ပြည့်ဝတဲ့ပဲပြောမလား လူသားတစ်ယောက်အနေနဲ့ တာဝန်ယူမှု၊ ကိုယ်ချင်းစာတရား၊ နားလည်မှု၊ အပြန်အလှန်မှီခိုအားထားမှု၊ အပေးအယူ၊ မြန်မာစကားပုံလေးနဲ့ပြောရင် "မောင်တစ်ထမ်း.. မယ်တစ်ရွက်ပေါ့လေ" .. စတာလေးတွေ ရှိကိုရှိရမှာဖြစ်တယ်… မရှိခဲ့ဘဲ social norm တွေအရ division of duties and responsibilities မှာ အမျိုးသမီးတွေအပေါ် အဆများများ ကဲနေဦးမယ်ဆို တရားမျှတမှု fair မဖြစ်တော့ဘူးလို့ ကျွန်မယူဆပါတယ်။ ဒီနေရာမှာ အမျိုးသားအပေါ် division of duties and responsibilities တွေ ကဲနေခဲ့မယ်ဆိုရင်လည်း တရားမျှတမှု ရှိမှာမဟုတ်ပါဘူး။
ကျွန်မတို့အဖေအမေတွေ၊ ဘိုးဘွားတွေ ခေတ်တွေတုန်းကထက် ဒီနေ့ခေတ်မှာ အခုလို ကိစ္စရပ်တွေ ပိုမိုများများ တွေ့လာရပါတယ်။ ကျွန်မတို့အဖေအမေတွေ ဘိုးဘွားတွေခေတ်မှာ အိမ်ထောင်ပြုမယ်ဆို၊ မိန်းမတစ်ယောက်ယူမယ်ဆို ကိုယ်က ဘယ်လိုလုပ်ကိုင်ကျွေးမှာလည်း သားမှတ်မှတ် မယားမှတ်မှတ် စသဖြင့် တွေးတော စဉ်းစားတတ်ကြပါတယ်။ ဒီခေတ်မှာလည်း ဒါမျိုးမရှိဘူးလားဆိုတော့ ရှိပါတယ်။ ကျွန်မ သူငယ်ချင်းလေးတွေထဲမှာတောင် တွေ့ဖူးပါတယ်။ သို့ပေးမည့် အရင်ခေတ်ထက် အတွေ့နည်းလာပါတယ်။
ဒီစာလေးမှာ ကျွန်မအဓိက ပြောချင်တာကတော့ ကျွန်မတို့နိုင်ငံမှာ Gender ခွဲခြားတာ ရှိလားလို့ ကျားမ ရေးရာ ပညာရှင်တွေက မကြာခဏ မေးခွန်းထုတ်ထုတ်တတ်ကြပါတယ်။ တခြားသော အစွန်းရောက်နိုင်ငံတွေလို ကျားမ ခွဲခြားခြင်းမျိုး အထင်အရှား မမြင်ရပါဘူး။ ရှိပါတယ်။ ဘယ်လိုပါလို့ အလွန်ပြောရခက်ပါတယ်။ သို့ပေမယ့် ကျွန်မအခုပေးခဲ့တဲ့ သာဓကလေးမှာ ကျားမ အိမ်ထောင်ပြုခြင်း စံတိုင်းတာချက်တွေ ရွေးလျားပြောင်းလဲလာပေမယ့် လူမှုရေးအရ အမြစ်တွယ်ပြီးဖြစ်တဲ့ ကျားမ social norm တွေ proportionally အဆတူ ပြောင်းလဲမလာဘူးဆိုရင် မျှတမှုမရှိဘဲ ကျားမခွဲခြားမှုက အခိုင်အမာ ရှိနေမှာပါ။ ဒီ တရားမမျှတမှုရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှု impact တွေကို ရေတိုမှာ ထင်သာမြင်သာမမြင်ရပေမယ့် ရေရှည်မှာ အထင်အရှားတွေ့မြင်ရမှာပါ။

ဒီမှာ ကျွန်မ မြန်မာ အမျိုးသမီးတစ်ယောက်အနေနဲ့ရော စမ်းစစ်လေ့လာသူတစ်ယောက်အနေနဲ့ပါ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်မိတဲ့ မေးခွန်းလေးတွေရှိပါတယ် ….
(၁) အမျိုးသားတွေရဲ့ အိမ်ထောင်ပြုမှု စံလိုအပ်ချက် ပြောင်းလဲလာခြင်းက ခေတ်ရဲ့ တောင်းဆိုမှုလား.. ကျွန်မတို့ အမျိုးသားတွေရဲ့ မှီခိုလိုမှု dependency တိုးမြင့်လာခြင်းလား (သို့) အမျိုးသားများရဲ့ နှလုံးရည်၊ စိတ်ဓာတ်ရေးရာပိုင်းဆိုင်ရာ vulnerability ဖြစ်လာခြင်းလား (သို့) ဈေးကွက်သဘောအရပဲဆိုမလား unbalanced population growth အရလို့ပဲပြောမလား ရွေးချယ်ရန် အမျိုးသမီးထုအရေအတွက် များပြားလာခြင်းကြောင့်လား........
(၂) ဥပမာ- အဓိက ၀င်ငွေရှာရမှု (သို့) အခွင်းအလန်းကို ဖြည့်စွမ်းပေးရမှု တာဝန်ဟာ အမျိုးသမီးရော အမျိုးသားမှာပါ သာတူညီမျှ ထမ်းနေရတဲ့အချိန် .. smart လည်းဖြစ်ရမယ် sharp ဖြစ်အောင်ကြိုးစားရမယ် social norm တွေအရ တခြားသော တာဝန်ဝတ္တရားတွေကိုလည်း မယားဝတ္တရားငါးပါးနဲ့အညီ အမျိုးသမီးတစ်ယောက်က ပိုထမ်းနေရဦးမယ်ဆို .. ကျွန်မတို့ မြန်မာ အမျိုးသမီးတစ်ယောက်ဟာ မိမိ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတစ်ခုကို ဤမျှလောက် တန်ဖိုးကြီးကြီး ပေးဝယ်နေရပြီလား …………..

တနင်္လာနေ့

(ကျေးဇူးတင်ပါတယ် ..
ဒီ post ကို မည်သူတစ်ဦးတစ်ယောက်ကမျှ ထိခိုင်စေလိုသော၊ ပြစ်တင်ပြောဆိုလိုသော ဆန္ဒဖြင့် ရေးသားခြင်းမဟုတ်ပါ။ ကျွန်မခံစားစမ်းစစ်မှုတစ်ခုအား ရိုးရိုးသားသား မျှဝေလိုခြင်းသာဖြစ်ပါသည်။ ဒီအကြောင်းအရာမှာ ယောင်္ကျားတွေကိုချည်းပြောချင်လို့ရေးတာမဟုတ်ပါဘူး .. ဘယ်လောက်တန်ဖိုးပေးပြီး ပေးဝယ်မယ်မ၀ယ်ဘူးက အဲဒီ မိန်းကလေးရဲ့ ရွေးချယ်မှုအပေါ်ပဲ မူတည်တာပါ .. ကိုယ်ဘာအတွက်အသက်ရှင်မလဲနဲ့ ဘယ်လိုနေထိုင်သွားမလဲကို စဉ်းစားစေချင်တာပါ .. ကျွန်မက ကျားရယ် မရယ် သိပ်ခွဲမမြင်ပါဘူး လူသားတွေအဖြစ်ပဲကြိုးစားမြင်ပါတယ် .. )
ဇူလိုင် ၉ ၂၀၁၂

Thursday, September 4, 2008

လူနှင့်စိတ်

တံခါးကို တွန်းဖွင့်ပြီးဝင်လာမည်ဆိုလျှင် မှောင်ရိပ်အုပ်မိုးလျက် တတ်ဆိတ်ခြောက်ကပ်နေသော အခန်းက နေ့တိုင်းစောင့်ကြိုနေပါသည်။ နေ့တိုင်းလုပ်နေကျ အလုပ်များအနေဖြင့် တံခါးလက်ကိုင်ဖုကို သော့တံထိုးပြီး လှည့်ဖွင့်မည်။ ဖိနပ်ကို ချွတ်မည်။ သော့ကို စားပွဲပေါ်သို့ ပစ်တင်လိုက်မည်။ ကွန်ပျုတာကို ဖွင့်မည်။ ဤနေ့အတွက် စကားပြောဖေါ် မည်သူရှိမလဲ အွန်လိုင်းတွင် ကြည့်မည်။ အင်္ကျီအ၀တ်စား လဲမည်။ စားပွဲတွင် စထိုင်မည်။ နံနက်မိုးသောက်ကာနီးတွင် အိပ်မည်။ ရံဖန်ရံခါ အနေဖြင့် ဘ၀တူ သူငယ်ချင်းများနှင့် ဆုံမည်။ ရံဖန်ရံခါ သောက်ကြမည်။ ရံဖန်ရံခါ ဟိုဒီလည်မည်။ မည်သို့ပင်ဖြစ်စေ အဆုံး၌ ဤမှောင်ရိပ်ကျနေသော အခန်းတွင်းသို့ တွားဝင်ခိုအောင်းရပြန်သည်ချည်းပင်။

အရင်ကဆို အိပ်ပြန်မိုးချုပ်လျှင် အိမ်သို့ကုတ်ချောင်းချောင်း ၀င်ရသည် ချည်းပင်။ တစ်စုံတစ်ခု လုပ်မည်ဆိုလျှင် အိပ်ပြန်နောက်ကျမည်လား.. အိမ်ကသိလျှင်မည်သို့ ဖြစ်မည် နည်း စသည်ဖြင့် မလွတ်လပ်နိုင်ပါ။ အိမ်ပြန် ရောက်ပြီဆိုလျှင်လည်း မိသားစုနှင့်စကားပြော တီဗွီကြည့် အချိန်များ မည်သို့ကုန်၍ ကုန်သွားမှန်းပင်မသိပေ။ ခေါင်းထဲတွင် ငါမလွတ်ဘူး ဆိုသောအသိသည် စိုးမိုးနေသည်။ ငါလွတ်လပ်ချင်သည်။ ဤမြေဤရေ၌ ငါမလွတ်လပ်။

ယခု ကျွန်ပ်လွတ်လပ်နေပေပြီ။ ဤအရပ်၌ ကျွန်ပ် ပြန်လိုသည့် အချိန်ပြန်နိုင်သည်။ သွားလိုသည့်နေရာ သွားနိုင်သည်။ ပြောလိုသည့် စကား ပြောနိုင်သည်။ အခန်းသို့ ကုပ်ချောင်းချောင်း ပြန်လာရန်မလို။ အဖေအိပ်ပြီလား ကြည့်ရန်မလို။ ဟို ဒီ အကြောင်းပြချက်များ ပေးရန်မလို။ ဟိုမျက်နှာ ဒီမျက်နှာ ကြည့်ရန်မလို။ သို့သော် အဘယ်ကြောင့် ကျွန်ပ်နေထိုင်ရာအခန်းသည် မှုန်ကုပ်ကုပ် ဖြစ်နေသနည်း။ သန်းခေါင်းနှင့်အတူ ရောနှောပါလာသော လရောင်သည် အဘယ်ကြောင့် အထီးကျန်ရောင် သန်းနေသနည်း။ အဘယ်ကြောင့် အွန်လိုင်းတွင် စကားပြောဖော်တစ်စုံ တစ်ယောက်များရှိလေမည်လားဟု ရှာဖွေမိနေသနည်း။ အဘယ်ကြောင့် အအိပ်ခက်နေသနည်း။ အခန်း တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ကျွန်ပ်အား စောင့်ကြိုနေသည့် တစ်စုံတစ်ရာ အဘယ်ကြောင့်ရှိမနေသနည်း.....ဥပမာ ခွေးလေး ဖြစ်ဖြစ် ကြောင်လေး ဖြစ်ဖြစ်...နာရီနှိုးစက်မြည်သံပင် ခြောက်ကပ်ကပ်နိုင်လှသည်။ လူဆိုသည်မှာ အုံသင်းဖွဲ့နေထိုင်တတ်သောသတ္တ၀ါများဖြစ်သည် ဆိုသည်မှာ မှန်နေပြီလော။ သို့မဟုတ် ကျွန်ပ်သည် မွေးစတည်းက မလွတ်လပ်ခြင်းနှင့် ယဉ်ပါးခဲ့ ၍လော။ သို့တည်းမဟုတ် လူတို့၏စိတ်သည် မူလ၌ပင် အချုပ်နှောင်ခံလိုသော သဘောရှိ၍လော..။ ဤသို့ဆိုလျှင် လူသားတို့သည် လွတ်မြောက်မှုကို ရှာဖို့မသင့်တော့ပေ။အဘယ်ကြောင့်ဆိုသော် ဘယ်သောခါမျှ တွေ့နိုင်မည် မဟုတ်သောကြောင့်ဖြစ်သည်။ ထင်ရောင်ထင်မှားဖြစ်မှုများသာဖြစ်မည်။

လူသားများသည် မိမိတစ်ဝပ်စာ အကျဉ်းထောင်ဆောက်၍ နေထိုင်သူများဖြစ်သည်။ တစ်ခါတရံ လောဘကြီး၍ တခြား မိမိတွယ်ရာ လူများအတွက်ပါ အကျဉ်းထောင်များ ဆောက်လုပ် ပေးတတ်ကြသေးသည်။ထိုသို့ဆိုလျှင် ကျွန်ပ်သည် မည်သို့သော လူသားမ တစ်ယောက် ဖြစ်နေပြီနည်း။ ကျွန်ပ်ကိုယ်တိုင် တည်ဆောက်နေထိုင်သော အကျဉ်းထောင်သည် အတော်ပင် ခိုင်ခန့်နေပြီမှန်း သိသော်လည်း ကျွန်ပ်ချစ်သော သူများအား မည်သို့သော အကျဉ်းထောင်များ ဆောက်လုပ် ပေးခဲ့မိပြီနည်း..... ဤမှုန်ကုပ်ကုပ်အခန်းငယ်ထဲတွင် ကျွန်ပ်နှင့်အတူ ကျွန်ပ်၏ပုံရိပ်ယောင်များလည်း ရှင်သန် နေထိုင်လျုက် ရှိကြောင်း ထိတ်လန့်စွာ တွေ့ရှိခဲ့၏။

Saturday, March 8, 2008

တောင်တောင်အီအီများ ၂

သစ်ပင်ပေါ်တွင် အထိတ်တလန့် ပြေးလွှားနေသော ရှဥ့်ကလေး.. မည်သည့် အရာကို ကြောက်လန့်၍ ပြေးလွှားနေသနည်း ကျွန်မ စဉ်းစားနေမိသည်။ တစ်ခါတရံ လူတွေသည်လည်း မည်သည့်အရာကို စိုးရွံ့ထိတ်လန့်မှန်းမသိ ပြေးလွှားနေကြသည်ပဲ။ လမ်းပေါ်တွင် တ၀ီဝီမောင်းနှင်နေကြသော မော်တော်ကားများ... လူများအားလုံး အလျင်လိုနေကြသည်။ အလျင်လိုစွာဖြင့် ဘ၀ကို ဖြတ်သန်းနေကြသည်။ ဘယ်အရပ်ကို သွားရန် ဒီလောက်တောင် အလျင်လိုနေကြသနည်း။ တွေးကြည့်မိတော့ ကျွန်မ ပြုံးချင်သွားသည်။ မနေ့ညက ကျွန်မ သေလောက်အောင် ပူလောင်ခဲ့သည်ပဲ။ မည်သည့် အတွက်နည်း။ ကျွန်မ စဥ်းစား မရ။ တစ်ခါတရံ သိပ်ကြေကွဲစရာကောင်းသည်ဟု ထင်ရသော ကိစ္စရပ်များသည် တစ်ခါတရံ၌ ရီစရာ ဖြစ်နေတတ်သည်။ လူတိုင်း၌ ခြောင်လှန့်နေသော တစ္ဆေများရှိကြသည်။ ၄င်းတစ္ဆေများသည် မိမိတို့ ကိုယ်တိုင်ဖြစ်သည်။

လူတိုင်းတွင် ညစ်ညမ်းသော စိတ်ထားများသာမာန်အားဖြင့်မရှိကြပါ။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက် မွေးဖွားခဲ့ခြင်းမှာ သန့်စင်၍ဖြစ်သည်။ သို့သော် အရွယ်ရောက်ပြီး လူသားတိုင်းသည် ညစ်ညမ်းရန် အသင့် ဖြစ်နေသူချည်းသာ။ အမှန်ဆို ညစ်ညမ်းချင်မှလည်း ညစ်ညမ်းကြပါလိမ့်မည်.. သို့သော် ညစ်ညမ်းသည့် အတတ်အား အလိုအလျောက် တတ်ကျွမ်းပြီးသွားကြလေပြီ... တချို့လူများသည် လူ့အဖွဲ့စည်း၏ မှိုများဖြစ်ကြသည်။ ၄င်းမှိုများသည် ပတ်ဝန်းကျင်ရှိ လူများအား ယားယံစေသည်။ ဟောဟိုမှာ လူများ ကုတ်ဖဲ့နေကြ၏... သေချာပြီ၊ ဒီပတ်ဝန်းကျင်၌ မှိုများ ထူပြောစွာ ပေါက်ရောက်နေပေပြီ။ တချို့လူများသည် လူကောင်းများဖြစ်သည်။ သူတို့သည် လူကောင်းလည်း ဖြစ်ချင်ကြသည်။ နာမည်ကောင်းအား အမဲလိုက်ရင်း တောလည်သွားသော လူများ မရေမတွက်နိုင်... အိမ်သို့ ပြန်မရောက် နိုင်ကြတော့ပေ။ ကျွန်မလူကောင်းမဖြစ်ချင်ပါ။ တချို့လူများသည် လူယဉ်ကျေးများဖြစ်၏။ သူတို့သည် လူယဉ်ကျေးလည်း ဖြစ်လိုကြသည်။ လူ့အဖွဲ့အစည်းထဲ၌ အစွမ်းကုန် ယဉ်ကျေးပြစ်လိုက်ဖို့ရာ အားထုတ်ပြီးဖြစ်သည်။ ကျွန်မ လူရိုင်းတစ်ယောက်သာ ဖြစ်လိုပါသည်။ တချို့လူများသည် အဖြူရောင်ဖြစ်သည်။ အကောင်းမြင်များလည်း ဖြစ်သည်။ အကောင်းမြင်ခြင်းဖြင့် စိတ်ပဋိပက္ခမှ ရုန်းရန်ရှောင်သည်။ အဆိုးမြင်ခြင်းသည် အမှန်တရားနှင့် ပိုနီးစပ်၏။ စိတ်နှင့် အပြိုင်ရုန်းရန် ကျွန်မ စိန်ခေါ်ပါသည်။ ကျွန်မသည် ရှဥ့်တစ်ကောင် မဟုတ်ပါ။ အစွယ်မရှိသော တီကောင် ထုံထိုင်းထိုင်းကြီးတစ်ကောင်လည်း မဟုတ်ပါ။ အမှန်ဆို လူတိုင်း၌ ခါးပိုက်ပိုက်ထားသော မြွေပွေးတစ်ကောင်စီ ရှိကြသည်။ ၄င်းမြွေပွေးသည် ထိုသူတို့၏ အတ္တဖြစ်သည်။ သို့သော် လူတို့သည် ထိုမြွေပွေးနှင့် အတော်ယဉ်ပါးခဲ့ ပြီးဖြစ်လေသည်။
ချစ်သူသည် ကျွန်မအတွက်တော့ အနူးညံ့ဆုံးသော အာရုံခံစားမှုတစ်ခုဖြစ်သည်။ ပညာသည် ကြောက်စိတ်မှ ပုန်းအောင်းရာ ခံတပ်တစ်ခုဖြစ်သည်။ အနုပညာသည် စိတ်ဝိညာဉ်ခိုနားရာ အကိုင်းအခက်တစ်ခုဖြစ်သည်။

ဆက်ရန်.......

Wednesday, June 13, 2007

ငိုသံများ

လိုချင်တာမရရင် ကလေးတွေငိုတတ်ကြတယ်။ လိုတာမရတဲ့အခါတိုင်း ကလေးတွေ ငိုယိုပြီး တောင်းတတ်ကြတယ်။ နောက်ဆုံးမှာ လိုချင်တာ မရခဲ့ရင်တောင် သူတို့ မေ့မေ့လျော့လျော့နဲ့ အငိုတိတ်သွားတတ်ကြတယ်။
လူကြီးတွေကရော.....
လိုချင်တာမရရင် ငိုတတ်ကြတာပါပဲ။ ဒါပေမဲ့ သူတို့ငိုသံတွေကဘယ်သူ မှမကြားနိုင်တဲ့ ငိုသံမျိုးတွေ။ အဲဒီငိုသံတွေကကလေးတွေရဲ့ငိုသံတွေလို မေ့မေ့ လျော့လျော့နဲ့ ပြီးဆုံးမသွားကြဘူး။ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ ငိုချင်းရှည်မျိုးတွေ။ နှလုံးသားကို ဖွင့်ပြီးနားထောင်ကြည့်..... လူပေါင်းများစွာရဲ့ ငိုသံကိုကြားရလိမ့်မယ်။
ဒီလူတွေကရော ဘာဖြစ်လို့ ရိုးသားစွာ မငိုချင်ကြတာလဲ။ မငိုနိုင်ကြတာလဲ။ လိုချင်တာမရခဲ့သည့်တိုင် ကလေးတွေလို ဘာဖြစ်လို့ မေ့မေ့ပျောက်ပျောက်နဲ့ အငိုမတိတ်နိုင်ရတာလဲ။
တစ်ခုတော့ရှိတယ်။ ကလေးတွေရဲ့ ပိုင်ဆိုင်ချင်စိတ်က လွတ်လပ်တယ်။ အဲဒီပိုင်ဆိုင်ချင်စိတ်ရဲ့ နောက်မှာ အိပ်မက်အဆောက်အအုံ အကြီးကြီးမပါဘူး။ လူကြီးတွေကတော့ အိပ်မက်အဆောက်အအုံအကြီးကြီးတည်လို့။ ခက်တာက အဲဒီအဆောက်အအုံကြီးကို လူကြီးတွေ ဘယ်လိုမှ မဖြိုဖျက်နိုင်ကြဘူး။
ကျွန်မတို့ရော...... ဘယ်လို အိပ်မက်အဆောက်အအုံကြီးတွေ တည်ပြီး ငိုနေခဲ့ကြတာလဲ။ ဘယ်လိုငိုသံမျိုးတွေ ဖန်တီးနေခဲ့ကြတာလဲ။ တကယ်ဆို ကျွန်မတို့အားလုံး ငယ်ငယ်က လွတ်လပ်စွာ ငိုခဲ့ဖူးသူတွေပါပဲ။ ။

Thought

If I were you, I would take care of nature.
If I were you,I wouldn't laugh at loving kindness.
If I were you, I would neglect traditional matters.
If I were you,I would stay away from opinions of human beings.
If I were you,I wouldn't choose to be a vitim of faith.
If I were you,I would............
If I were you ,I would............................