Friday, November 16, 2007

လွမ်းမောမှုများ

ကာလတွေထဲ ပစ်ချခံထားရတဲ့
ဝင်လေထွက်လေတိုင်းမှာ အမှတ်တရလို့ခေါ်မယ့်
တချိန်မှာ.....ရင့်မှည့်ချင်လည်း ရင်မှည့်သွားနိုင်မယ့်
တချိန်မှာ.....ပုပ်သိုးချင်လည်း ပုပ်သိုးသွားနိုင်မယ့်
အ၀ါရောင် သစ်သီးတစ်လုံးရှိတယ်...

ဟိုတုန်းကလည်း ဒီလိုအသက်ရှူနှုန်း
ဒီလိုရာသီ
ဒီလို ၀န်းကျင်
ဒီခန္ဓာ
ဒီလိုအခင်းအကျင်း
ဒီနာမည်နဲ့ ငါဟာ
ဒီအချိန်မျိုးတွေကို ဖြတ်သန်းဖူးသားနဲ့
ခုမှဘာလို့ ဒီလောက်ခဲယဉ်းနေသလဲ

တိမ်နိမ့်တွေ ..
ကောင်းကင်ထဲ အုပ်ဖွဲ့ပျံသန်းနေပုံများ

အထီးကျန်မှုဆိုတာ စိတ်ဝိညာဉ်ထဲ
ထုပ်ပိုးသိမ်းဆည်းထားပြီးသားဖြစ်တဲ့
ဘ၀ရဲ့ လက်ဆောင်မွန်

ဒီ့ထက် လတ်ဆတ်ဖို့ရာ
ကိုယ့်သမိုင်းကိုပဲ သက္ကရာဇ်ဖြိုပစ်ရမည်လား
ကိုယ့်ရင်ခုန်သံကိုပဲ
ချိန်သားကိုက် ဖန်တီးရမည်လား

ဝေ့၀ဲကျနေတဲ့ ရှင်သန်မှုအလျားထဲ
အတိတ်တွေဟာ အသိအမှတ်ပြုမခံရတဲ့
အိပ်မက်လှလှလေးတွေဆိုပါစို့

ဟောဒီညမှာ
ငါဟာ ငါ့အနာဂတ်တွေကို အုံ့အုံ့ဆိုင်းဆိုင်း
လွမ်းဆွတ်နေလေရဲ့.........

Sunday, November 4, 2007

ဆောင်းဒိုင်ယာရီ

ဆောင်းရာသီရောက်တော့ မြစ်ထဲကို ဇင်ယော်တွေ ပြန်လာကြတယ်။ အသက်ရှူလိုက်တိုင်း နှလုံးထဲအထိ စိမ့်ဝင်သွားကြတဲ့ လေအေးတွေဟာ အရင်တစ်ပတ်နွမ်းသွားပြီးဖြစ်တဲ့ ဆောင်းတုန်းက လေညင်းတွေပဲလားဆိုတာ မသေချာတော့ပါ။ မှန်တာပြောရင်တော့ အဲဒီလို တစ်ပတ်နွမ်းနွမ်းသွားကြတဲ့ ဆောင်းရာသီတွေကို ကျော်ဖြတ်နေရခြင်းအား နည်းနည်းမှ စိတ်မရှည်တော့ပါ။

အိမ်အပြန်လမ်းက မှောင်မဲပြီး တိတ်ဆိတ်လို့။ လူခြေသံတွေကိုတောင် မကြားရ။ ဘ၀ကို တိတ်တိတ်ဆိတ်ဆိတ် တစ်ယောက်တည်း ဖြတ်သန်းရတဲ့အခါမျိုးတွေလည်း ရှိရဲ့။ အရင်လိုလည်း “ဘယ်မှာလဲ ပန်းတိုင်” ဆိုပြီး သွေးရူးသွေးတမ်း ဖြစ်မနေတော့ပါ။ အမှောင်ထုနဲ့အတူ လုံးထွေးရောပါလာတဲ့ ဖုန်မှုန့်တွေနဲ့ အေးစက်စက် လရောင်ကို အဆုပ်ထဲထိ မှန်မှန်ရှူသွင်းနေလိုက်တယ်။ ပြီးတော့ လမ်းလျှောက်နေလိုက်တယ်။

နေ့စဉ်လုပ်နေကျ အလုပ်တွေဟာ ဘာတွေများလဲ...။ ဆောင်းရာသီးဖြစ်ဖြစ်... ဘာဖြစ်ဖြစ်ပါ။ အနွေးထည်ငတ်ရတဲ့အလုပ်တစ်ခု လိုတာကလွဲရင် အားလုံးပုံမှန်။ စည်းချက်ကျကျ တစ်ခါတလေ သံစဉ်လွဲနေတဲ့ နေ့တစ်နေ့လောက် တောင့်တမိရဲ့။ ငယ်ငယ်တုန်းက တက်ခဲဖူးတဲ့ ဂန့်ကော်ပင်ကြီးရဲ့ ထိပ်ဖျားကို လွမ်းတယ်။ ခုလောက်ဆို ဂန့်ကော်တွေ ဝေနေရောပေါ့။ ငယ်ငယ်တုန်းက ကျောင်းအုပ်ဆရာမကြီး ထိုးတတ်တဲ့ ကြေးခေါင်းလောင်းကြီးရဲ့ ကျောင်းတက်ခေါင်းလောင်းသံကို လွမ်းတယ်။ ခုနေတော့ ကျောင်းတွေမှာ လျှပ်စစ်ခေါင်းလောင်းသံတွေ စီစီညံနေရောပေါ့။

ဆောင်းရာသီကို ထားရစ်ခဲ့ကြပြီဖြစ်တဲ့ ချစ်သူ၊ ခင်သူများ... ခုနေလှမ်းမျှော်ကြည့်တဲ့အခါ မြူတွေလား.. တိမ်တွေလား မကွဲပြားပါ။ နှင်းငွေ့တွေနဲ့အတူ မြောပါလာတဲ့ရင်ခုန်မှု၊ ပျော်ရွှင်မှု၊ စွဲလန်းမှု၊ တမ်းတမှု၊ လွမ်းမောမှု၊ ကြေကွဲမှုတွေဟာ နွေရာသီ ဖြူတွေထဲမှာ ရောနှောပျောက်ဆုံးသွားခဲ့ကြပြန်တယ်။ ဘ၀ဆိုတာ ရထားတစ်စင်းဆိုရင် ငါ ငြင်းတယ်။ ရထားမှာ ပန်းတိုင်ဆိုမျိုးရှိနေလို့။ တစ်ချိန်တည်းမှာပဲ ဘ၀ဆိုတာ ရထားတစ်စင်းဆိုတာကို ငါ လက်ခံတယ်။ ရထားပြတင်းကနေ မြင်နေရတဲ့ မြင်ကွင်းတွေဟာ ဖန်တစ်ရာတေ ခြောက်သွေ့ငြီးငွေ့ဖွယ် ကောင်းလွန်းနေပြန်လို့။ ဘယ်လိုလဲ ချစ်သူ.. မင်းရော ဘ၀ဆိုတာကို အဓိပ္ပာယ်ဖွင့်ချင်တုန်းလား..

ဒီလိုဆို အိပ်ယာထဲ လူးလှိမ့်ပြီး အေးချမ်းမှုမှာ အခြောက်တိုက် ငြီးငွေ့နေရုံလား.. စိတ်ကူးထဲက ဆောင်းရာဟာ ဒီထက် ခမ်းနားတာတော့ အမှန်ပဲ။ ဒါပေမယ့် အဲဒီစိတ်ကူးဟာ အတော်ဟောင်းနွမ်းသွားခဲ့ပြန်ပါပြီ။ ဒီထက်သစ်လွင်တဲ့ စိတ်ကူးတွေဟာလည်း လင်းလိုက် မှိန်လိုက်။ ခိုက်ခိုက်တုန်အေးခဲနေတဲ့ ဆောင်းညတစ်ညမှာ အခန်းကို မီးမှောင်ချ (အလင်းရယ်လို့ တစ်မှုန်တောင် မ၀င်နိုင်အောင်) မျက်စိကို မျှင်းမျှင်းမှိတ်ပြီး “၀ိုင်ဝိုင်း”ရဲ့ “သမင်လည်ပြန်” သီချင်းကို တိုးတိုးနားထောင်ကြည့်တော့... မျက်ဝန်းထဲ ရေနွေးစီးကြောင်းတစ်ခု ဖြတ်သန်းစီးလာတယ်။ “တောင်းပန်ပါရစေ”လို့တော့ ဘယ်တော့မှ ထပ်ပြောမိမယ် မထင်တော့ပါဘူး။

ရင်ခုန်သံတွေလည်း ဆောင်းတိုက်စားလို့ တရိရိ ပွန်းပဲ့ပါးလျားသွားခဲ့ရပြီ။ နှလုံးသားမှာ ဆောင်းကိုက်ခံရလို့ နာကျင်ခဲ့တဲ့ အမာရွက်တစ်ခု ထင်းထင်းကျန်လို့... အေးခဲနေတဲ့ ဆောင်းက ရင်ထဲမှာ စွတ်ရွတ် နေရာဝင်ယူနေပြန်တယ်။ ခုလောက်ဆို လမ်းမီးတိုင်အောက် ရွက်ခြောက်တွေ လွင့်ချင်ရာ လွင့်သြွးကြရောပေါ့။ နီဝါရောင်အလင်းတွေ ဖျာလဲစီးမျောနေတဲ့ ကတ္တရာလမ်းနက်နက်ကြီး ရှည်လျားနေလိုက်ပုံက “ဘ၀”တစ်ခုကျနေတာပဲ။ ဝေးလိုက်တာ လရောင်ရယ်.. ငါ့ကိုယ်ပေါ် လွှမ်းတယ်ဆိုရုံလေး လွှမ်းကျနေလိုက်တာ... ရီဝေမူးနောက်လို့... ချစ်သူအမည်နာမကို မေံလျော့နေလောက်အောင်ကို... မင်း သိပ်ဖျားယောင်းနိုင်တာပဲ...။

မှန်တာပြောရရင် ခုချိန်ခါမှာ အရာအားလုံး ဖျားယောင်းနိုင်လွန်းနေတယ်။ ဘာရနဲ့မှ ပါမလာတဲ့ ဆောင်းလေအေးတွေ.. ဘာဂီတမှ လွှမ်းခြုံမထားတဲ့ မှုန်ကုပ်ကုပ်ကဖေးဆိုင်လေးရဲ့ အခင်းအကျင်းတွေ.. ခင်မင်မှု အဖြူထည်သက်သက် အပြုံးတွေ.. ဆင်းခဲ့တက်ခဲ့ဖူးတဲ့ လှေကားထစ်တွေ... ခရမ်းရောင် မျက်ဝန်းတစ်စုံ.. နောက်.. တ၀ီဝီပြေးနေတဲ့ ဘတ်စကားအိုကြီးတွေရဲ့ ငြီးသံတွေ.. နောက်.. ဘယ်သူဆွဲလို့ ဘယ်ကမြည်လာမှန်း မသိတဲ့ ခေါင်းလောင်းကလေးရဲ့အသံ.. ကလေးတစ်ယောက်ရဲ့ အာခေါင်ခြစ်ငိုသံ.. တစ်စုံတစ်ယောက်ရဲ့ တီးတိုးငြီးတွားသံ အားလုံး.. အားလုံးက ဖျားယောင်းနိုင်လွန်းနေတယ်။

ဘ၀မှာ တစ်ခါထပ် ဟောင်းနွမ်းခွင့်ရမယ်ဆို ဘာကိုများ ဟောင်းနွမ်းမိဦးမလဲ။ တကယ်လို့များ ဘ၀မှာ တစ်ခါထပ် ရူးမိုက်ခွင့်ရဦးမယ်ဆို ဘာကိုများ ရူးမိုက်မိဦးမလဲ။ ချစ်သူကို “မိုးရာသီလေး” အစား “ဆောင်းနှောင်းရာသီလေး”လို့ ပြောင်းခေါ်မိဦးမလား။ ဟင့်အင်း.. ချစ်သူကို ဆောင်းအိပ်မက်ထဲမှာ အပြီး “သတ်”ပစ်ခဲ့မှာ။ “အလွမ်း”ဆိုတာ နာတာရှည်ရောဂါ တစ်မျိုးဆိုလည်း ၀ဋ်နာကံနာတော့ မဖြစ်စေရပါ။ တဆစ်ဆစ်ကိုက်ခဲနေတဲ့ လွမ်းနာကျမှုဟာ ခန္ဓာကိုယ်ကို တိုးလျှိုပေါက် ထိုးခွင်းသွားတယ်။ ငါသာ လမင်းကို ထိုးထိုးဟောင်နေတဲ့ ခွေးတစ်ကောင်ဆိုရင် လူတိုင်းရဲ့ အိပ်မက်တွေမှာ ခွေးအဟာင်သံတွေ စီစီညံနေမှာ အမှန်ပဲ။ ဒီညမှာတော့ လမင်းကို ထိုးမဟောင်တော့ပါဘူး။ မော့ကြည့်ငေးမောမှုတွေလည်း မလုပ်တော့ဘူး။ လရောင်မှာလည်း ယစ်မူးသာယာ မနေတော့ဘူး။ အေးစက်စက် ညဥ့်ယံမှာ တိတ်တိတ်လေး ခွေအိပ်နေပါရစေ။ လမင်းကို လမင်းအတိုင်း ရှိပါစေပေါ့။ အိပ်မက်တွေလည်း မမက်ပါရစေနဲ့။ တိတ်တိတ်လေးသာ ခွေအိပ်နေပါရစေ။

ကြည့်စမ်း.. လူတိုင်း အိမ်တံခါးတွေ ဘာလို့ ဒီလောက်တောင် စေ့ပိတ်ထားကြတာလဲ။ ဆောင်းကို မျှောခဲ့တာလည်း သူတို့ပဲ မဟုတ်လား။ ဆောင်းကို ချစ်ရင် အေးခဲထုံဝေမှုကိုပါ ရင်ဖွင့်ပေးမထားသင့်ဘူးလား။ လာပါကွယ်... ငါက စောစော အိမ်ပြန်ရောက်ချင်တဲ့သူ မဟုတ်ပါဘူး။ လူအဖြစ်မှာ ကတ်သီးကတ်သတ်လေး ရပ်တည်နေတဲ့ ကောင်မလေးပါ။ သဘာဝတရားကို မြတ်နိုးပြီး.. ရယ်တတ်.. ငိုတတ်... သိုဝှက်တတ်တဲ့ ကောင်မလေးပါ။ ဒီထက်လည်း မပိုပါဘူး။ သံယောဇဉ်နဲ့လည်း မနှောင်ပါဘူး။ မျက်ဝန်းအကြည့်တွေနဲ့လည်း မချည်ပါဘူး။ တိတ်တိတ်လေး မြတ်နိုးနေရုံပါ။ ကြိတ်မှိတ်ပြီး မြတ်နိုးနေရုံပါ။ လာပါ.. လှမ်းခဲ့ပါ.. ဆောင်းရယ်...

ဆောင်းရာသီကြီးထဲ တစ်စုံတစ်ယောက် မွေးဖွားခဲ့သလား.. ငါမွေးခဲ့တာ မိုးရာသီ။ တကယ်ဆို လူတစ်ယောက်ဟာ တစ်ရာသီ မဟုတ် တစ်ရာသီမှာတော့ မွေးဖွားမှာပါပဲ။ ဆန်းလား... သဘာဝတရားထဲက ပြေးလွတ်ဖို့ဆိုတာ အားထုတ်နေဖို့လိုဦးမလား။ တကယ်ဆို အားထုတ်ဖို့ လိုအပ်တဲ့အရာရယ်လို့ မရှိသလောက်ပါပဲ။ ငယ်ငယ်တုန်းက ဆောင်းတွင်းတိုင်း ၀တ်ခဲ့ဖူးတဲ့ အနွေးထည်နီနီလေးကို သတိရတယ်။ ငါက “အဆိုးလေး”တဲ့ အဖေက ပြောတယ်။ တကယ်ဆို သဘာဝတရားကို အတုခိုးမှားခဲ့မိတာပါ။ ခုဆို ငယ်ငယ်ကလိုလည်း လိပ်ပြာတွေ လိုက်မဖမ်းတော့ပါဘူး။ ပိုးစုန်းကြူးတွေကိုလည်း ဖန်ပုလင်းထဲ ထည့်မလှောင်တော့ပါဘူး။ ဆောင်းရာသီကို ဆောင်းရာသီအတိုင်းလေး ငေးမောနေတတ်ခဲ့ပြီ။ ကောင်းကင်ကိုလည်း မော့မကြည့်ဘူး။ မြေပြင်ကိုလည်း ငုံ့ကိုင်းကြည့်မနေတော့ဘူး....။ မြောက်ပြန်လေတိုးသံ တ၀ီဝီကြားမှာ တံတားအောက်က ဖြတ်စီးနေတဲ့ ရေတွေရဲ့အသံသဲ့သဲ့ကို အောက်မေ့ဖွယ် ကြားယောင်နေပါတော့တယ်။