Saturday, December 6, 2008

ဆောင်း

စိတ်တွေပဲ ချမ်းသလား ရုပ်ခန္ဓာကပဲ ချမ်းသလား
နူးနူးညံ့ညံ့ နေရာယူတတ်သူ ဆောင်း
ခုတစ်ခါတော့
ရင်ကွဲအောင် ချမ်းရဲ့....


ဆောင်းရယ်
သက်တော်ရာကျော်ရှည်ပါစေ
နှင်းတောကြီးထဲ
ကောင်မလေးတစ်ယောက်
မျက်လုံးစုံမှိတ် ဆုတောင်းခဲ့ဖူးတယ်...


ဆောင်းရယ် ..
မြူတွေထဲ မသဲကွဲဘူး...
မနှစ်က ဆောင်းလား ဒီနှစ်ဆောင်းလား....
အဲဒီလိုပဲ လုံခြုံခဲ့ဖူးတာ...
စိတ်ဝိညာဉ်လေး ခိုက်ခိုက်တုန်နေတယ်...


ခန်းလုံးပြည့်နေရာယူထားတာ
ဆောင်းရဲ့ အေးစက်မှုတွေလား
အသက်တောင်မရှူရဲအောင်
နှာသီးဖျားထဲ စိမ့်ဝင်လာတဲ့ လေက
နှလုံးသားကို တိတ်တခိုးလေး ဆောင့်ဆောင့်တိုးတယ်....
ဆောင်းရယ်
ဝင်ခဲ့ပါ..
နွေးထွေးတဲ့ အလွမ်းတွေပါ ခေါ်လာခဲ့ပါ...


ဆောင်းရယ်
ခြေသံဖွဖွနင်း မင်းထွက်ခွာသွားတဲ့ခါ
မင်းရဲ့....ဆောင်းအိပ်မက်ရှည်ကြီးက
နှိုးခဲ့ပါ......
မင်းရဲ့ ဆောင်းအိပ်မက်ရှည်ကြီးက
ငါ့ကို နှိုးခဲ့ပါ............


( အမှတ်တရ ချင်းမိုင်ဆောင်းညများသို့.....)

Friday, November 14, 2008

ဟောဒီညကို နှုတ်တယ်

စိတ်ရဲ့ ဆောက်တည်ရာ ဘယ်မှာ
လုံးဝ ကျဆုံးသွားပြီ
စစ်ထွက်တေးတွေ
နားမတိုးတော့
အောင်စည်အောင်မောင်း တီးစရာမလို
ကျဆုံးခဲ့ပြီ
ကိုယ့်ကိုကိုယ် ကိုယ့်လက်နဲ့ အမြဲထူခဲ့ပါတယ်
ဟောဒီတစ်ခါ
လုံးဝကျဆုံးခဲ့ပြီ
အေးတယ်
သွေးခဲမတတ်
လွမ်းတယ်
ဆောက်တည်ရာမဲ့
လေတယ်
ဘယ်ကိုမှ ခြေဦးမချချင်လောက်အောင်
ပိတယ်
လှုပ်မရတဲ့ စိတ်ဖိစီးဝန်တွေ
ပေါက်ကွဲတယ်
ယဉ်ကျေးချင်စိတ် လုံးဝကုန်ခမ်းသွားလောက်အောင်
စိတ်ကို နုတ်နုတ်စင်းနေတာ ဘယ်အရာလဲ
တစ်ပါဒမှ မပြောချင်လောက်အောင်
လွတ်တယ်
ဒီည
ငါစိတ်ရှိတိုင်း
ကျဆုံးနေလိုက်တာ
နည်းနည်းလေးမှ ယဉ်ကျေးချင်စိတ်မရှိတော့ဘူး.......
နည်းနည်းလေးမှ ယဉ်ကျေးချင်စိတ်မရှိတော့ဘူး ........

Friday, October 3, 2008

အိပ်မက်မက်သူများ

တစ်မှေးအိပ်နိုင်ဖို့
တစ်ညလုံးရင်းခဲ့ရသူတွေ....

တစ်ညတာ အိပ်စက်ရင်း
တရေးနိုးလာသူတွေ.....

ညကို အိပ်မက်နဲ့ဟင်းလင်းဖွင့်ချင်ကြတယ်

နှင်းတစ်စက်ကျသွားသံနဲ့
သူတို့ နှလုံးခုန်သံတစ်ချက်
တစ်ထပ်တည်းတဲ့

ဆုံးရှုံးမှုကို မြတ်နိုးတာဆိုလို့
အိပ်မက်မက်သူတွေပဲ ရှိတယ် ။

ပင်လယ်လေရှူထွက်ခြင်း

နက်မှောင်နေတဲ့ ညကြီးထဲ
ပင်လယ်မှာ လှိုင်းတစ်ခုတတ်လာတိုင်း
လူ့အတ္တတွေလားလို့ ငါသံသယ၀င်မိတယ် ။

အမှန်ဆို ဒီည ပန်းရနံ့တွေ မွှေးပျံ့နေသင့်တာလေ....
အမှန်ဆို ဒီည ပင်လယ်ရဲ့ ဂီတမှာ မွှေ့လျော်နေသင့်တာလေ....။

ရေအောက်မှာ မြုပ်နေတဲ့ ခရုငမွဲလေးတစ်ကောင်သာ ဖြစ်လိုက်ချင်တယ်
ကိုယ့်ကိုယ်ကို ဘယ်မှာ ၀ှက်ထားရမှန်းမသိ
လူတိုင်းမှာ ငါ့ကို ရှာနိုင်တဲ့ မြေပုံတစ်ခုစီရှိတယ် ။

မြို့ပြလို ဆွဲဆွဲငင်ငင် ခွေးအူသံများလည်း မရှိ
ပင်လယ်ကတော့ အော်မယ်ထင်ပါရဲ့
စိတ်အမှုံအမွှားတွေ သဲပြင်တွေပေါ်ကျသွားတယ်
ငါတစ်လှမ်းလှမ်းရင် ခြေရာတစ်လှမ်းစာထင်မယ်
ရှေ့ကိုပဲလှမ်းလှမ်း....နောက်ကိုပဲ လှမ်းလှမ်း
သူတို့ကို ဖျက်မဲ့ လှိုင်းတွေက
အချိန်မှန် တတ်လာနေမှာပဲ ။

ကြယ်တွေများလွန်းတော့ရော ဘာအရေးလဲ
ကြယ်တွေကြွေလွန်းတော့ရော ဘာအရေးလဲ
ကောင်းကင်က သူ့ရင်ခွင်ထဲ
မဆန့်မပြဲ ထည့်ထားမှာပဲ....
မနှစ်သိမ့်ပါနဲ့ ...ကောင်းကင်ရယ်
ကြယ်လေးတွေက ချော့ရင် ပိုငိုတတ်ကြတယ် ။

မီးပြတိုက်လေးရေ..
ရွက်လွှင့်ရောက်လာသူတွေကို လက်ခံလိုက်ပါ
တစ်ခါတရံ ကမ်းကို မမျှော်ပဲ
စုံလုံးသာ မျှောနေပစ်လိုက်ချင်တယ် ။

ဒီပုံနဲ့ ပဲ ခုညထဲ
လွတ်လပ်တဲ့လေကို ရှူရင်း
လက်သီးကို ကျစ်ကျစ်ဆုပ်ထားမိ
ကျားထိုးထွက်တိုက်တဲ့ အချိန်ကျမှ
လူအတုတွေနဲ့ စစ်ခင်းခဲ့ရမှန်း ငါသိခဲ့တယ် ။

လူသားနှင့် ခံစားခြင်း အနုပညာ

ကိုယ်ပိုင်ဆိုင်နေကျ အရာများ မပိုင်ဆိုင်ရတော့သည့် အခါ...ကိုယ်ပေးခွင့်ရနေသော အရာများ ပေးခွင့်မရတော့သည့် အခါ... လူတစ်ယောက်၌ စိတ်ထိခိုက် ပြိုလဲမှု ဖြစ်ပေါ်လေသည်။ ကမ္ဘာပေါ်တွင် အသည်းကွဲသည့် ကိစ္စ ရာထောင်သောင်းမက ရှိသည်။ မိမိ ချစ်သူက မိမိအား ပြန်မချစ်သည့် ကိစ္စ၊ မိမိချစ်သူ၏ သစ္စာဖောက်ခြင်းအား ခံရသည့် ကိစ္စ၊ နှစ်ဦးသဘောတူ ချစ်သော်လည်း အကြောင်းကြောင်းကြောင့် ခွဲခွာနေကြရသည့် ကိစ္စ၊ နှစ်ဦးသဘောတူ မချစ်သော်လည်း မနေမဖြစ် အတူနေထိုင် နေကြရသော ကိစ္စ....စသည် ကိစ္စများ အားလုံးသည် လူ့ဘ၀၌ ဖန်တစ်ရာတေနေသော ဇာတ်ထုပ်များသာဖြစ်သည်။ သို့သော် ၄င်းတို့သည် လူသားတို့ သည်းခြေကြိုက် စိတ်ခံစားမှုများလည်း ဖြစ်နေကြပြန်သည်။


တစ်ခါတရံ လူသားတစ်ယောက်ဖြစ်နေသော မိမိကိုယ်ကို အားမလို အားမရဖြစ်မိသည်။ နာကျင်ခံခက်မှန်း သိသော်လည်း လူသားသည် နာကျင်မှု အပေါ်သာယာနေ၏။ ခံစားမှုများအား ထိန်းချုပ်နိုင်စွမ်းမရှိ။ (၀ါ) ထိန်းချုပ်ဖို့ရာ တစ်ရာ ရာခိုင်နှုန်း အားမထုတ်ခြင်းလည်း ဖြစ်ကောင်းဖြစ်မည်။


လူသားတို့သည် လောကကြီးအတွင်း အသက်ရှင်ရပ်တည်မှု သက်တမ်းစေ့ ကုန်လွန်သွားစေရန် အလုပ်မရှိ ကြောင်ရေချိုး နေကြရသည်ဟု တစ်ခါတစ်ရံ မြင်လာမိသည်။ ဘုရားသခင်သည် လူသားများ မချိန်ဖြုန်းခြင်း၌ မပျင်းပြေစေရန် အလို့ငှာ နှလုံးသားတစ်စုံစီ တပ်ဆင်ပေးလိုက်၏။ လူသားများ ခံစားကြလေသည်။ ဖန်တစ်ရာတေနေသော ဇာတ်ထုပ်များအပေါ် ခံစားကြသည်။ သူလို ကိုယ်လို ခံစားဖူးသော အရာတစ်ခု ဖြစ်ပင်ဖြစ်သော်ငြားလည်း လူသားသည် မိမိသည် အပူလောင်ဆုံးဟု ခံစားကြသည်။ မိမိပင် ကံအဆိုးဆုံးဟု ခံစားပစ်ကြသည်။ ခံစားခြင်းသည် တစ်နည်းအားဖြင့် အနုပညာလည်း မည်သောကြောင့် လူသားတို့ အစုလိုက် အပြုံလိုက် ခံစားနေကြသည်။


အသည်းကွဲနေသော ကျောင်းသူကောင်မလေးက လောကကို ၀မ်းနည်း ညှိုးချုန်းနေသော စိတ်များဖြင့် တွေတွေ ကြည့်နေစဉ်တွင် အိမ်ခြေမဲ့ကလေးလေး၏ မျက်ဝန်း၌ ဤနေ့ရလာသော ၀မ်းစာအတွက် ၀င်းလဲ့တောက်ပမှုများ ပြည့်ရှန်နေသည်။ လခထုတ်ရက် အလုပ်မှ နွမ်းနယ်စွာ ပြန်လာသော ပညာတတ်တစ်ယောက် မိမိရသော လစာအတွက် ဘ၀င်မကျဖြစ်နေချိန်တွင် ငယ်ဖြူဘုန်းကြီးတစ်ပါးက မိမိဘာအတွက် အသက်ရှင်နေသနည်း ဆိုသည်ကို သေငယ်ဇောနဲ့ လိုက်ရှာနေသည်။ နိုင်ငံရေးသမားတစ်ယောက် အာဘောင်အာရင်းသန်သန် တရားဟောနေစဉ်တွင် လမ်းလေးမှ ကြွေဗေဒင်ဆရာ တစ်ယောက် မိမိအသက်မွေးမှု အဓွန့်ရှည်စေရန်အတွက် ရနိုင်သည့် နည်းမှန်သမျှနှင့် ရုန်းနေရသည်။


လောကကြီးအတွင်း၌ မည်သူက မည်သူ့ထက် ပို၍ ခံစားနေရသနည်း.....လူသားတို့အတွက် ထိုမေးခွန်း၏ အဖြေသည်တစ်ခုတည်းသာ ဖြစ်သည်...မိမိသာလျှင်...။ လူသားတို့သည် ကိုယ်ချင်းစာကောင်း စာကြည့်ကြမည်....ထိုသို့ ယှဉ်ထိုးတွေးကောင်းလည်း တွေးကြည့်ကြမည်... သို့သော် လူသားတို့သည် မိမိဘ၀တွင် မိမိသာ ဇာတ်လိုက် လုပ်လိုကြသည်။ ဇာတ်ပို့ မလုပ်လိုကြ.. တစ်ဖက်၌လည်း ထိုဘ၀အား မိမိဘ၀ ...မိမိပိုင်သောဘ၀ဟု အရိုးစွဲ တွေးထားပြီးဖြစ်လေသည်။


အမှန်စင်စစ်တွင် လူသားများသည် အတ္တတူရာစုဖွဲ့နေထိုင်သော ယဉ်ကျေးသည်ဟု ယူဆရသည့် သတ္တ၀ါများ ဖြစ်သော်ငြားလည်း လူသားသည် စကြ၀ဋ္ဌာ တစ်ခုလုံး၌ အထီးကျန်ဆုံးသော သတ္တ၀ါများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အထီးကျန်ခြင်းအား အကျယ်ချဲ့ ခံစားနိုင်ဆုံးသူများ ဖြစ်၍ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လိုအပ်လျှင် လိုအပ်သလောက် အပိုစာသားများ ခံစားနိုင်သော နှလုံးသား တစ်စုံ တပ်ဆင်ထားသောကြောင့်လည်း ဖြစ်သည်။


လူအများ ပြောပြောနေသော ဘုရားသခင်သာ အမှန်ရှိသေးမည် ဆိုလျှင် လူသားအား စုံစီနဖာခံစားနိုင်သော နှလုံးသားတစ်စုံ အပိုထည့်ပေးခဲ့ခြင်းအတွက် ဖြစ်ပေါ်ခဲ့သော ဘေးထွက်ဆိုးကျိုးများအား တွက်ချက်ရန် သူမေ့လျော့သွားခဲ့ကြောင်း ပြေရာ ပြေကြောင်း ထောက်ပြချင်ပါတော့သည်။


၃ အောက်တိုဘာ ၂၀၀၈
မနက် ၄နာရီ ၂၆ မနစ်
သောကြာနေ့

Saturday, September 20, 2008

လွမ်းနာ

အလွမ်းကို ရင်နဲ့ မက
ကျောနဲ့ ထမ်းထားပါ့မယ်
အမြစ်ကျန်တဲ့
တမ်းတနာက တဆစ်ဆစ်ကိုက်တယ် ။
သက်ပြင်းချတယ်..
ဘယ်ကို လှိမ့်တယ်..
ညာကို ရုန်းတယ်..
အိမ်မက်ကို
စိတ်နဲ့ ခတ်ထုတ်လိုက်တယ်..
ခေါင်းရင်းမှာ အမှောင်တွေက
အုပ်ဖွဲ့ လှောင်ပြောင်လို့ ။
လာပါစေတော့.. ဒီညထဲ
စိတ်ရဲ့ ပရမ်းပတာ လွင့်မျောမှုမှာ
အတိတ်ကာလတွေက
တပ်မက်မှုတွေ ခါးတစ်ခွင်ခွင်ပြီး
ပိုသီဖတ်သီ ပြေးဝင်ဝင်လာတယ် ။
ဘယ်မှာလဲ .. ချစ်သူရယ်
အဲဒီလို..အလင်္ကာဆန်ချင်တယ်ဆို
ကာရံတွေ နှစ်တစ်ရာမက
ချို့သွားကြလိမ့်မယ်...ငါရဲရင့်စမ်းပါရစေ ။
လွမ်းနာကို လွမ်းနာလို့ပဲချရေးခဲ့မယ်
ဘယ်အရောင်ပေါ်မှာမှတော့ နောက်ခံထားမကြည့်ပါနဲ့
ဒီသက္ကရာဇ်ရဲ့ ဒီလ .......
ဒီနေ့ .......
ဒီည.......
ဒီအချိန်တိတိမှာ......
လူတစ်ယောက်သမိုင်းထဲ
အလွမ်းနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်။ ။

Wednesday, September 10, 2008

အတိတ်ကို ပျံသန်း - အငဲ

အတိတ်ကို ပျံသန်း
အငဲ

ဒိုင်ယာရီအိမ်အိုဟောင်းလေးထဲ ငါ ကြုံပြီ ဒါဟာ အချစ်တဲ့လား
ပျော်ရွှင်ဖွယ်နေ့များ ဝေးသွားတော့
ကံကြမာရယ် ဝေဒနာတွေဟာ ရောက်ရှိခဲ့
ဘယ်ဆီမှာလဲ တစ်ခါက တို့ချစ်ခြင်း နေ့ရက်များ ငါ ဆုံးရှုံး
ဝေးမသွားခင် ဖက်ထားစမ်းပါ ချစ်တတ်ရင် မငိုနဲ့ဦး

အိုး…. စည်းများခြားလို့ တို့နှစ်ယောက် ဝေးပြီလား
တို့အဖြစ်က ဆိုးလွန်း အတိတ်ကို ပြန်တွေးတိုင်း ငါ့နှလုံးသား ကွဲအက်
ဒါဟာ ပုံပြင်အဟောင်းလေးတစ်ပုဒ်
အချစ်ကြောင့် အလွမ်းရဲ့ ဒုက္ခကျေးကျွန်များ
သွေးကြောထဲ စိမ့်ဝင် မင်းရဲ့အနမ်းလေး…
တစ်ခါက မင်းရယ်ကိုယ် ချစ်ခြင်းကောင်းကင်မှာ
ဒီအတိတ်ရဲ့နေ့လေး… အတိတ်ရဲ့နေ့လေး… အို...

တစ်ချိန်မှာ ဒီလိုခွဲကြဖို့ ငါလေ ကြိုတင်မစဉ်းစားခဲ့
ရီဝေစွာ ယစ်မူး မင်းအချစ်နဲ့ ဒီရာသီချိုတွေ ငါ ဖြတ်လျှောက်ရင်း
ဘယ်ဆီမှာလဲ ဟို တစ်ခါကချစ်ခဲ့ခြင်း နေ့ရင်းများ ငါ လွမ်းနေလိုက်
မင်းပါးပြင် ခိုနားဖို့ရာ ငါနေ့တွေ ပြန်ရမလား…

အိုး…. စည်းများခြားလို့ တို့နှစ်ယောက် ဝေးကွာသွား
တို့အဖြစ်က ဆိုးမြဲ အတိတ်ကို ပြန်တွေးတိုင်း ငါ့နှလုံးသား ကွဲအက်
ဒါဟာ ပုံပြင်အဟောင်းလေးတစ်ပဲ
အချစ်ကြောင့် အလွမ်းရဲ့ ဒုက္ခကျေးကျွန်များ
သွေးကြောထဲ စိမ့်ဝင် မင်းရဲ့အနမ်းလေး…
တစ်ခါက အချစ်တွေကို ပြန်ရလိုက်ချစ်တယ်
ငါတို့ရဲ့ နေ့လေး… ငါတို့ရဲ့နေ့လေး.. ရေး...

စည်းများခြားလို့ တို့နှစ်ယောက် ဝေးပြီလား
အေးချမ်းတဲ့ ချစ်သူ ကောင်းကင်ရဲ့အရိပ်
တစ်ခါက ပါးပြင်မှာ ခိုနားလိုက်ချင်တယ်
ငါတို့ရဲ့ နေ့လေး… ငါတို့ရဲ့အချစ်လေး..

စည်းများခြားလို့ တို့နှစ်ယောက် ဝေးပြီလား
ငါ မေ့မရနိုင်ခဲ့...
တို့ရဲ့ အချစ်လေး… ပြန်ရဦးမလား မျှော်လင့်ခဲ့
စည်းများခြားလို့ တို့နှစ်ယောက် ဝေးပြီလား
စွန့်ပစ်ခဲ့ မင်းနဲ့ တို့ဘ၀ဟာ ဝေးပြီ
အချစ်ကြောင့် အလွမ်းရဲ့ ဒုက္ခကျေးကျွန်များ
ဒါနောက်ဆုံး အနမ်း
စည်းများခြားလို့ တို့နှစ်ယောက် ဝေးပြီလား
အတိတ်ရဲ့ နေ့လေး….
စည်းများခြားလို့ တို့နှစ်ယောက် ဝေးပြီလား။ ။

(အငဲရဲ့ စိတ်ရွက်လှေစီးရီးမှ)

Thursday, September 4, 2008

လူနှင့်စိတ်

တံခါးကို တွန်းဖွင့်ပြီးဝင်လာမည်ဆိုလျှင် မှောင်ရိပ်အုပ်မိုးလျက် တတ်ဆိတ်ခြောက်ကပ်နေသော အခန်းက နေ့တိုင်းစောင့်ကြိုနေပါသည်။ နေ့တိုင်းလုပ်နေကျ အလုပ်များအနေဖြင့် တံခါးလက်ကိုင်ဖုကို သော့တံထိုးပြီး လှည့်ဖွင့်မည်။ ဖိနပ်ကို ချွတ်မည်။ သော့ကို စားပွဲပေါ်သို့ ပစ်တင်လိုက်မည်။ ကွန်ပျုတာကို ဖွင့်မည်။ ဤနေ့အတွက် စကားပြောဖေါ် မည်သူရှိမလဲ အွန်လိုင်းတွင် ကြည့်မည်။ အင်္ကျီအ၀တ်စား လဲမည်။ စားပွဲတွင် စထိုင်မည်။ နံနက်မိုးသောက်ကာနီးတွင် အိပ်မည်။ ရံဖန်ရံခါ အနေဖြင့် ဘ၀တူ သူငယ်ချင်းများနှင့် ဆုံမည်။ ရံဖန်ရံခါ သောက်ကြမည်။ ရံဖန်ရံခါ ဟိုဒီလည်မည်။ မည်သို့ပင်ဖြစ်စေ အဆုံး၌ ဤမှောင်ရိပ်ကျနေသော အခန်းတွင်းသို့ တွားဝင်ခိုအောင်းရပြန်သည်ချည်းပင်။

အရင်ကဆို အိပ်ပြန်မိုးချုပ်လျှင် အိမ်သို့ကုတ်ချောင်းချောင်း ၀င်ရသည် ချည်းပင်။ တစ်စုံတစ်ခု လုပ်မည်ဆိုလျှင် အိပ်ပြန်နောက်ကျမည်လား.. အိမ်ကသိလျှင်မည်သို့ ဖြစ်မည် နည်း စသည်ဖြင့် မလွတ်လပ်နိုင်ပါ။ အိမ်ပြန် ရောက်ပြီဆိုလျှင်လည်း မိသားစုနှင့်စကားပြော တီဗွီကြည့် အချိန်များ မည်သို့ကုန်၍ ကုန်သွားမှန်းပင်မသိပေ။ ခေါင်းထဲတွင် ငါမလွတ်ဘူး ဆိုသောအသိသည် စိုးမိုးနေသည်။ ငါလွတ်လပ်ချင်သည်။ ဤမြေဤရေ၌ ငါမလွတ်လပ်။

ယခု ကျွန်ပ်လွတ်လပ်နေပေပြီ။ ဤအရပ်၌ ကျွန်ပ် ပြန်လိုသည့် အချိန်ပြန်နိုင်သည်။ သွားလိုသည့်နေရာ သွားနိုင်သည်။ ပြောလိုသည့် စကား ပြောနိုင်သည်။ အခန်းသို့ ကုပ်ချောင်းချောင်း ပြန်လာရန်မလို။ အဖေအိပ်ပြီလား ကြည့်ရန်မလို။ ဟို ဒီ အကြောင်းပြချက်များ ပေးရန်မလို။ ဟိုမျက်နှာ ဒီမျက်နှာ ကြည့်ရန်မလို။ သို့သော် အဘယ်ကြောင့် ကျွန်ပ်နေထိုင်ရာအခန်းသည် မှုန်ကုပ်ကုပ် ဖြစ်နေသနည်း။ သန်းခေါင်းနှင့်အတူ ရောနှောပါလာသော လရောင်သည် အဘယ်ကြောင့် အထီးကျန်ရောင် သန်းနေသနည်း။ အဘယ်ကြောင့် အွန်လိုင်းတွင် စကားပြောဖော်တစ်စုံ တစ်ယောက်များရှိလေမည်လားဟု ရှာဖွေမိနေသနည်း။ အဘယ်ကြောင့် အအိပ်ခက်နေသနည်း။ အခန်း တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ကျွန်ပ်အား စောင့်ကြိုနေသည့် တစ်စုံတစ်ရာ အဘယ်ကြောင့်ရှိမနေသနည်း.....ဥပမာ ခွေးလေး ဖြစ်ဖြစ် ကြောင်လေး ဖြစ်ဖြစ်...နာရီနှိုးစက်မြည်သံပင် ခြောက်ကပ်ကပ်နိုင်လှသည်။ လူဆိုသည်မှာ အုံသင်းဖွဲ့နေထိုင်တတ်သောသတ္တ၀ါများဖြစ်သည် ဆိုသည်မှာ မှန်နေပြီလော။ သို့မဟုတ် ကျွန်ပ်သည် မွေးစတည်းက မလွတ်လပ်ခြင်းနှင့် ယဉ်ပါးခဲ့ ၍လော။ သို့တည်းမဟုတ် လူတို့၏စိတ်သည် မူလ၌ပင် အချုပ်နှောင်ခံလိုသော သဘောရှိ၍လော..။ ဤသို့ဆိုလျှင် လူသားတို့သည် လွတ်မြောက်မှုကို ရှာဖို့မသင့်တော့ပေ။အဘယ်ကြောင့်ဆိုသော် ဘယ်သောခါမျှ တွေ့နိုင်မည် မဟုတ်သောကြောင့်ဖြစ်သည်။ ထင်ရောင်ထင်မှားဖြစ်မှုများသာဖြစ်မည်။

လူသားများသည် မိမိတစ်ဝပ်စာ အကျဉ်းထောင်ဆောက်၍ နေထိုင်သူများဖြစ်သည်။ တစ်ခါတရံ လောဘကြီး၍ တခြား မိမိတွယ်ရာ လူများအတွက်ပါ အကျဉ်းထောင်များ ဆောက်လုပ် ပေးတတ်ကြသေးသည်။ထိုသို့ဆိုလျှင် ကျွန်ပ်သည် မည်သို့သော လူသားမ တစ်ယောက် ဖြစ်နေပြီနည်း။ ကျွန်ပ်ကိုယ်တိုင် တည်ဆောက်နေထိုင်သော အကျဉ်းထောင်သည် အတော်ပင် ခိုင်ခန့်နေပြီမှန်း သိသော်လည်း ကျွန်ပ်ချစ်သော သူများအား မည်သို့သော အကျဉ်းထောင်များ ဆောက်လုပ် ပေးခဲ့မိပြီနည်း..... ဤမှုန်ကုပ်ကုပ်အခန်းငယ်ထဲတွင် ကျွန်ပ်နှင့်အတူ ကျွန်ပ်၏ပုံရိပ်ယောင်များလည်း ရှင်သန် နေထိုင်လျုက် ရှိကြောင်း ထိတ်လန့်စွာ တွေ့ရှိခဲ့၏။

Tuesday, August 19, 2008

အနမ်း

အိပ်ပျော်နေတာလဲ မဟုတ်ဘူး
အိပ်ငွေ့ချခံထားရတာမျိုးလည်း မဟုတ်ဘူး...
အိပ်မက်မက်နေတာလည်း မဟုတ်ဘူး
တကယ့်လက်တွေ့ဘ၀လည်း မဆန်ပြန်ဘူး...

ပိတ်ထားတဲ့ မျက်ဝန်းတွေကြောင့်လား
ရင်ခုန်သံတွေ လေဟုန်စီးထွက်ခဲ့တာ
ချယ်ရီတွေ ဖွေးဖွေးလှုပ်လွင့်ပျံ့နေတဲ့
ပန်းခရမ်းရောင်တောင်ကုန်းလေးရယ်..
ပန်းအိပန်းဆိုင်း ငွေမင်ရောင် အမှုန်အမွှားတွေကပ်ညိနေတဲ့
ဝါဂွမ်းတိမ်စိုင်လေးတွေရယ်..
မြသလင်းရောင်ဖျတ်ဖျတ်လက်နေတဲ့...
လရောင်တေးသွားရေတံခွန်စိမ့်စမ်းလေးတွေရယ်...
ထူထူထဲထဲနွေးထွေးတဲ့ ဒဏ္ဍာရီလာ နွေဦးရာသီမြို့တော်လေးရယ်...

စိတ်ဝိညာဉ်ထက် နူးညံ့ပါးလှပ်တဲ့ ၀င်သက်ထွက်သက်တွေထဲ
ဘ၀တစ်ခြမ်းစာ ယစ်မူးရဲရင့်သွားအောင်
ပျောက်ဆုံးခဲ့မိတယ်..

လင်းပြာနွေ
၂၅. ဂျူလိုင်လ. ၂၀၀၈

Saturday, March 8, 2008

တောင်တောင်အီအီများ ၂

သစ်ပင်ပေါ်တွင် အထိတ်တလန့် ပြေးလွှားနေသော ရှဥ့်ကလေး.. မည်သည့် အရာကို ကြောက်လန့်၍ ပြေးလွှားနေသနည်း ကျွန်မ စဉ်းစားနေမိသည်။ တစ်ခါတရံ လူတွေသည်လည်း မည်သည့်အရာကို စိုးရွံ့ထိတ်လန့်မှန်းမသိ ပြေးလွှားနေကြသည်ပဲ။ လမ်းပေါ်တွင် တ၀ီဝီမောင်းနှင်နေကြသော မော်တော်ကားများ... လူများအားလုံး အလျင်လိုနေကြသည်။ အလျင်လိုစွာဖြင့် ဘ၀ကို ဖြတ်သန်းနေကြသည်။ ဘယ်အရပ်ကို သွားရန် ဒီလောက်တောင် အလျင်လိုနေကြသနည်း။ တွေးကြည့်မိတော့ ကျွန်မ ပြုံးချင်သွားသည်။ မနေ့ညက ကျွန်မ သေလောက်အောင် ပူလောင်ခဲ့သည်ပဲ။ မည်သည့် အတွက်နည်း။ ကျွန်မ စဥ်းစား မရ။ တစ်ခါတရံ သိပ်ကြေကွဲစရာကောင်းသည်ဟု ထင်ရသော ကိစ္စရပ်များသည် တစ်ခါတရံ၌ ရီစရာ ဖြစ်နေတတ်သည်။ လူတိုင်း၌ ခြောင်လှန့်နေသော တစ္ဆေများရှိကြသည်။ ၄င်းတစ္ဆေများသည် မိမိတို့ ကိုယ်တိုင်ဖြစ်သည်။

လူတိုင်းတွင် ညစ်ညမ်းသော စိတ်ထားများသာမာန်အားဖြင့်မရှိကြပါ။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက် မွေးဖွားခဲ့ခြင်းမှာ သန့်စင်၍ဖြစ်သည်။ သို့သော် အရွယ်ရောက်ပြီး လူသားတိုင်းသည် ညစ်ညမ်းရန် အသင့် ဖြစ်နေသူချည်းသာ။ အမှန်ဆို ညစ်ညမ်းချင်မှလည်း ညစ်ညမ်းကြပါလိမ့်မည်.. သို့သော် ညစ်ညမ်းသည့် အတတ်အား အလိုအလျောက် တတ်ကျွမ်းပြီးသွားကြလေပြီ... တချို့လူများသည် လူ့အဖွဲ့စည်း၏ မှိုများဖြစ်ကြသည်။ ၄င်းမှိုများသည် ပတ်ဝန်းကျင်ရှိ လူများအား ယားယံစေသည်။ ဟောဟိုမှာ လူများ ကုတ်ဖဲ့နေကြ၏... သေချာပြီ၊ ဒီပတ်ဝန်းကျင်၌ မှိုများ ထူပြောစွာ ပေါက်ရောက်နေပေပြီ။ တချို့လူများသည် လူကောင်းများဖြစ်သည်။ သူတို့သည် လူကောင်းလည်း ဖြစ်ချင်ကြသည်။ နာမည်ကောင်းအား အမဲလိုက်ရင်း တောလည်သွားသော လူများ မရေမတွက်နိုင်... အိမ်သို့ ပြန်မရောက် နိုင်ကြတော့ပေ။ ကျွန်မလူကောင်းမဖြစ်ချင်ပါ။ တချို့လူများသည် လူယဉ်ကျေးများဖြစ်၏။ သူတို့သည် လူယဉ်ကျေးလည်း ဖြစ်လိုကြသည်။ လူ့အဖွဲ့အစည်းထဲ၌ အစွမ်းကုန် ယဉ်ကျေးပြစ်လိုက်ဖို့ရာ အားထုတ်ပြီးဖြစ်သည်။ ကျွန်မ လူရိုင်းတစ်ယောက်သာ ဖြစ်လိုပါသည်။ တချို့လူများသည် အဖြူရောင်ဖြစ်သည်။ အကောင်းမြင်များလည်း ဖြစ်သည်။ အကောင်းမြင်ခြင်းဖြင့် စိတ်ပဋိပက္ခမှ ရုန်းရန်ရှောင်သည်။ အဆိုးမြင်ခြင်းသည် အမှန်တရားနှင့် ပိုနီးစပ်၏။ စိတ်နှင့် အပြိုင်ရုန်းရန် ကျွန်မ စိန်ခေါ်ပါသည်။ ကျွန်မသည် ရှဥ့်တစ်ကောင် မဟုတ်ပါ။ အစွယ်မရှိသော တီကောင် ထုံထိုင်းထိုင်းကြီးတစ်ကောင်လည်း မဟုတ်ပါ။ အမှန်ဆို လူတိုင်း၌ ခါးပိုက်ပိုက်ထားသော မြွေပွေးတစ်ကောင်စီ ရှိကြသည်။ ၄င်းမြွေပွေးသည် ထိုသူတို့၏ အတ္တဖြစ်သည်။ သို့သော် လူတို့သည် ထိုမြွေပွေးနှင့် အတော်ယဉ်ပါးခဲ့ ပြီးဖြစ်လေသည်။
ချစ်သူသည် ကျွန်မအတွက်တော့ အနူးညံ့ဆုံးသော အာရုံခံစားမှုတစ်ခုဖြစ်သည်။ ပညာသည် ကြောက်စိတ်မှ ပုန်းအောင်းရာ ခံတပ်တစ်ခုဖြစ်သည်။ အနုပညာသည် စိတ်ဝိညာဉ်ခိုနားရာ အကိုင်းအခက်တစ်ခုဖြစ်သည်။

ဆက်ရန်.......

Wednesday, February 27, 2008

ငိုမိတဲ့ညတွေ

ငါ ဟိုနေ့တနေ့ညက ငိုတယ်
အဲဒီနေ့ပြီးတဲ့ ခါ နောက်တနေ့မှာလည်း ငါငိုပြန်တယ်
အဲဒီနေ့ပြီး နောက်တစ်နေ့ မှာလည်း ငါငိုခဲ့ ပြန်တယ်
အမှန်ဆို ငါ မငိုချင်ပါဘူး
ငါ့မျက်ရည်တွေ ကျကျလာလို့ပါ
ငါ့မျက်ရည်တွေ ကျကျလာတိုင်း ငါ့ရင်ဘတ်တွေ အောင့်အောင့်လာတယ်
ဒီအကြောင်းတွေ ချစ်သူကိုမပြောဘူး............
ငါနာမကျန်းလို့ ညလုံးပေါက်ငိုရတဲ့ အကြောင်းတွေ
ချစ်သူကို မပြောဘူး................
ငါလွမ်းရလွန်းလို့ တညလုံးထိုင်ငိုခဲ့ရတဲ့ အကြောင်းတွေ ချစ်သူကို မပြောဘူး............
ငါဝမ်းနည်းရလွမ်းလို့ ငိုခဲ့ရတဲ့ အကြောင်းတွေချစ်သူကို မပြောဘူး................
ငါငိုရလွန်းလို့ ငိုမရတော့တဲ့ ညတွေ ချစ်သူကို မပြောဘူး................
ငါတစ်ယောက်တည်း ခြောက်ခြားကြောက်ရွံ့နေရတဲ့ ညတွေ
ငိုမိတာ ချစ်သူကို မပြောဘူး..................
ငါတစ်ယောက်တည်း ငိုငို နေရတဲ့ အကြောင်းတွေ ချစ်သူကို မပြောဘူး........
ငါတစ်ယောက်တည်း ငိုရင်းနဲ့ ရေးဖြစ်ခဲ့တဲ့ ဒီကဗျာအကြောင်းလည်း
ချစ်သူကို မပြောတော့ပါဘူး...............