Showing posts with label Short Story. Show all posts
Showing posts with label Short Story. Show all posts

Sunday, July 29, 2007

ကျွန်မနှင့် ရီ ဝေေ၀ပွဲတော်ည…..

ကျွန်မနှင့် ရီ ဝေေ၀ပွဲတော်ည လက်ကောက်ကလေးများ

မီးသီးကလေးများ မှိတ်တချည်လင်းတလှည့်ဖြစ်နေသော ပွဲတော်လမ်းကြားလေးထဲတွင် ကျွန်မစမ်းတ၀ါးဝါး လျှောက်သွားနေ၏။
ဓာတ်စက်သံ…ဆိုင်းသံဗုံသံနှင့် လူသံများခပ်မျှင်းမျှင်း ခပ်မြိုင်မြိုင်ပျံ့  လွင့်နေ၏။ အပြိုင်အဆိုင်ဖိတ်ခေါ်နေကြသော ပြပွဲများကြိုကြားကြိုကြားတွေ့ ရ၏။
တချို့ ကကြောက်မက်ဖွယ် တီကောင်ကမ္ဘာ….တချို့ ကထူးဆန်းသတ္တ၀ါကြီးများ… တချို့  ကမြွေဖြစ်သွားသောလူ… စသည်ဖြင့်
အပြိုင်မဆိုင်ဈေးခေါ်နေအော်ဟစ်နေကြ၏။ လမ်းလယ်ခေါင်တွင်တော့..
မြေပေါ်ခင်းကျင်းရောင်းချနေသော အမျိုးအစားစုံလင်လွန်းလှသည့် မျက်နှာဖုံးများ……
ပြောင်ပြောင်လက်လက် ညှို့ ယူဖမ်းစားတတ်သော ချစ်စရာပစ္စည်းကလေးများ…အမျိုးအစားစုံပွဲဈေးမုန့်များ…
ကောင်းကင်သို့ထိုးတက်ရန်ဟန်ပြင်နေသော မိုးပျံပူဖောင်းများ…စသည်..စသည်ဖြင့် ပွဲတော်လမ်းကြားလေးသည် မြိုင်ဆိုင်နေ၏။


ကျွန်မသည် ပွဲတော်ရောင်လဲ့နေသော လမ်းကျဉ်းလေးထဲတွင် လူများအားဝှေ့ကာ ရှောင်ကာဖြင့် ငေးငေးမောမောသွားနေ၏။ ကျွန်မ၏ မျက်လုံးများသည် တစ်ဖက်တစ်ချက်ရှိ ပြပွဲရုံများ ထက် ခင်းကျင်းထားသော ဈေးသည်ကလေးများထံသို့ ရောက်နေ၏။
ဆိုင်တစ်ဆိုင်ရှေ့  အရောက်တွင် ကျွန်မရပ်လိုက်၏။အဘယ်ကြောင့်ဆိုသော်မဟူရာရောင်ရွှဲနင့်နေသော အပြောက်အမွှန်းများ စီရံထားသည့် တစ်စုံတစ်ရာသည် ကျွန်မအားဆွဲငင်လိုက်သောကြောင့်ဖြစ်သည်။ ထိုတောက်ပနေသော အရာလေးသည် ကျွန်မစိတ်ဝိညာဉ်အား သိမ်းပိုက်သွားလေပြီ၏။
“အဒေါ် ဒီလက်ကောက်လေးခဏပြပါလား”
ကျွန်မရင်ထဲ၌ပိုင်ဆိုင်လိုမှူပြင့် ရှိန်းမြနေ၏။ လက်ကောက်လေးသည် အနက်ခံပေါ်တွင်
လိမ္မော်…အ၀ါ…အစိမ်း အပြောက်အမွှန်းကလေးများဖြင့် ဆန်းကြယ်စွာ ချယ်သထား၏။
လက်ကောက်လေး၏ ဆန်းပြားမှူသည် ကျွန်မအား ညှို့  ယူလိုက်ခြင်းဖြစ်ပေမည်။
“အဒေါ် ဒါလေးဘယ်လောက်ပေးရမလဲ ”
“သမီး လေးရာပဲပေးပါ ”
ဈေးသည်အဒေါ်ကြီးသည် ရည်ရည်မွန်မွန်ဖြင့် ပြန်ပြော၏။ လက်ကောက်လေး၏ တန်ဖိုးသည် ကျွန်မပေးဝယ်နိုင်သော အနေအထားတွင်ရှိနေ၏။
ထို့နောက် ရွှင်မြူးစွာဖြင့် ကျွန်မလက်တွင် စမ်းဝတ်ကြည့်လိုက်၏။ ကျွန်ကလက်ပေါ်၌လက်ကောက်လေးသည် ဆန်းပြားစွာဖြင့်တောက်ပနေ၏။
ကျွန်မသည် ကြည်နူးမှူဖြင့် လက်ကောက်လေးအား ခပ်ကြာကြာစိုက်ကြည့်နေမိ၏။ စိုက်ကြည့်နေရင်းပင် ကျွန်မစိတ်တွင့်သို့ ထူးဆန်ဒသော ခံစားမှူ တစ်ခုစီးဝင်လာသည်။
“ဘာ”ပါဟု အတိအကျပြောရန် ခဲယဉ်းသော ခံစားမှူတစ်ခု…..
အလိုမကျမှု…မဟုတ်ဘူး… စိတ်ကသိကအောင့်ဖြစ်မှူ...
မပြည့်စုံသေးဘူး…. ခံစားမှု သုံးလေးမျိုးရောနှောပါဝင်နေသာ ခံစားမှူမျိုး…… ကျွန်မလက်ကောက်လေးအားထက်၍ သတိထား ကြည့် မိချိန်တွင်တော့
ထိုလက်ကောက်သည် အရောင်စုံလွန်းလှသည်ဟုထင်လာမိသည်၏။ အပြောက်အမွှန်းများမှာလည်း မျက်စိနောက်လောက်အောင်ရှုပ်ထွေးများပြားလွန်းနေ၏။
စိုပြောင်နေသော မဟူရာရောင်သည်လည်း ကျွန်မ၏စိတ်ကို ထိုင်းမှိုင်းလာစေ၏။ ကျွန်မစိတိကူးကြည့်သည်။ အကယ်၍ ထိုလက်ကောက်အား ကျွန်မ၀ယ်မည်ဆိုလျှင် ထိုလက်ကောက်သည် ကျွန်မလက်၌အမြဲလိုက်ပါနေပေတော့မည်။ ထိုအခါ ထိုအပြောက်အမွှန်းများနှင့် မဟူရာရောင်အနက်ခံပေါ်က ဆေးရောင်စုံများသည် ကျွန်မစိတ်အားတရိရိ တနုတ်နုတ်ဖြင့် ခလုတ်တိုင်နေပေတော့မည်။ ထိုသို့ဖြင့် သီးမခံနိုင်လောက်အောင် စိတ်နောက်ကျိရသောတစ်နေ့တွင်
ထိုလက်ကောက်အား လွှင့်ပစ်သည့် အဆင့်သို့ပင်ရောက်သွားနိုင်ပေသည်။
“အား……”
ရဟတ်စီးနေသူများထံမှ အော်သံများလွင့်ပျံ့ လာခြင်းဖြစ်သည်။ ရင်ဖိုကြောက်ရွံ့  မှုဖြင့် ပျော်ရွှင်မှုကို အမဲလိုက်နေကြသူများ…..
ကျွန်မခေါ်င်းထဲသို့ အသိတစ်ခု လက်ခနဲပြိုကျလာ၏။

“ကြောက်စိတ်´

ကျွန်မသည် လက်ကောက်လေးအားပြန်ချွတ်ပြီးပေးလိုက်၏။ စိတ်ထဲ၌ အနည်းငယ်ပေါ့ပါးသလို ခံစားလိုက်ရ၏ (လွတ်ငြိမ်းမှုဖြစ်ကောင်းဖြစ်မည်။)
ရှေ့ ဆက်သွားလျှင် ဒီ့ထက် အနည်းငယ် ရိုးရှင်းလှပသော လက်ကောက်တရံတလေ တွေ့ကောင်းတွေ့ဦးမှာပဲဟု ကိုယ့်စိတ်ကိုယ် ဖြေတွေးတွေး ထားလိုက်၏။
“အဒေါ် မယူတော့ဘူးနော် ”
ဈေးသည်အား အားနာနာနှင့်ပင် ပြန်လှည့်ထွက်လာလိုက်၏။ပွဲတော်လေးသည် ရေချိန်ကိုက်နေပေပြီ။ မီးရောင်များကြား မူးဝေနေပေပြီ။
လမ်းကျဉ်းလေးထဲ ကျွန်မဆက်လျှောက်လာခဲ့၏။တစ်နေရာ၌ လူတစ်စုသည်လက်ကောက်ပစ်နေကြသည်။(လက်ကောက်ပစ်ခြင်းဆိုသည်မှာ
ဖန်ပုလင်းလေးများတွင် လက်ကောက်များစွတ်ဝင်သွားအောင် ခင်လှမ်းလှမ်းအနေအထားမှ ပစ်ယူရသောကစားနည်းတစ်မျိုးဖြစ်သည်။)
လက်ကောက်ဆယ်ကွင်းတွင် သုံးလေးကွင်းဝင်အောင်ပင်မနည်းပစ်ယူနေကြရသည်။ လက်ကောက်ပစ်နေသောသူသည် သူ၏ပစ်ချက်တစ်ချက်
လွဲသွားတိုင်း ကျိတ်မနိုင်ခဲမရ ညည်းညူနေ၏။ ချိန်မှတ်နှင့်လွဲချော်သွားသော လက်ကောက်ကွင်းများမြေပေါ်တချွင်ချွင်ကျနေသံကို ကြားနေရ၏။
(ထိုတချွင်ချွင်အသံသည် ရှုံးနိမ့်ခြင်း၏အသံ ဖြစ်ကောင်းဖြစ်မည်။) ပွဲတော်သည် ကျွန်မအားညှို့  ယူလျက်ရှိသည်။
ထိုသို့ဖြင့် ကျွန်မသည်နောက်ထက်ဆိုင်လေးတစ်ဆိုင်အတွင်းသို့ ၀င်ခဲ့ပြန်သည်။ ထိုဆိုင်တွင်လည်းအမျိုးအစားစုံ တောက်တောက်ပပပစ္စည်းကလေးများ
ခင့်ကျင်းထား၏။ ကျွန်မသည်လက်ကောက်ကလေးများအား တစ်ခုချင်းစေ့စပ်စွာကြည့်နေမိ၏။ ရိုးရိုးရှင်းရှင်းလက်ကောက်လေးတစ်ရံအား ရှာဖွေနေခြင်းဖြစ်သည်။ လက်ကောက်လေးများသည် အမျိုးအစားစုံလင် လွန်လှပေသည်။ ထိထဲမှ ဗေဒါရောင် ၊ လက်ကောက်အကြည်လေးတစ်ရံအား
ကျွန်မသဘောကျသွား၏။ ထိုလက်ကောက်လေးသည် မောင်းလို အဟကလေးနဲ့ ဖြစ်သည်။
လက်ကောက်ပေါ်၌ ဘာအပျောက်အမွှန်းမှခြယ်သထားခြင်း မရှိ။
အသားကိုဖောက်ထွင်းမြင်နိုင်သော ဖန်လက်ကောက်ကြည်ကြည်လေးမျှသာဖြစ်သည်။ လက်ကောက်လေး၏ ရှင်းသန့် ကြည်လင်မှုသည် ကျွန်မအာရံ၌စွဲကပ်သွား၏။ ကျွန်မစိတ်ထဲ၌ ပထမတစ်ခေါက်မဟူရာလက်ကောက်လေးထက်ပင် ပို၍ သဘောကျနေမိ၏။
လက်ကောက်လေးအား ကျွန်မကောက်ကာငင်ကာဖြင့် ကျွန်မစွတ်ကြည့်လိုက်၏။ ကြည်ဖန့်တောက်ပနေသော ဗေဒါရောင်… ၀ယ်တော့မည်ဟု ဆုံးဖြတ်ပြီး ကျွန်မလက်ကောက်လေးအား နောက်ဆုံးတစ်ချက်ကြည့်လိုက်၏။
ကျွန်မအာရုံထဲ၌ မိုက်ခနဲ… သွားပြီ.. အဲဒီခံစားချက်… တစ်စုံတစ်ရာရောပြွန်းနေသော အဲဒီခံစားချက်…. မသတီစရာခံစားချက်...
ကျွန်မစိတ်ထဲ၌ လွင့်ခနဲ…..
“ကြောက်စိတ်……”

နိဂုံး-တစ်

ကျွန်မသည် ပွဲတော်လမ်းကြားလေးထဲ၌ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ရွေ့ ရွေ့  ၀ဲလည်နေ၏။
ကြာလာသည်နှင့်အမျှပွဲတော်လမ်းကြားလေးသည် ကျွန်မအတွက်မှော်ရုံတောတစ်ခုနှင့်ပင် တူတူလာပါတော့သည်။ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက်ဖြင့် ကျွန်မစမ်းစမ်းဝတ်ကြည့်ခဲ့သော လက်ကောက်ကလေးများလည်း မြောက်များစွာကျန်ရစ်ပေပြီ။
အသွင်စုံ….အရောင်သွေးစုံ… တန်ဖိုးအစုံလက်ကောက်များ ကျန်ရစ်ခဲ့ပေပြီ။ ကျွန်မသည်လည်း ပွဲဈေးတန်းမဆုံးသ၍ ရွေးချယ်ခွင့် ရှိသည်ဟူသော စိတ်အစွဲတစ်ခုဖြင့် တရွေ့ ရွေ့ တရိပ်ရိပ် တိုးဝင်သွားနေ၏။ ကျွန်မအာရုံထဲတွင်တော့ ကျွန်မလက်၌ အမြဲလိုက်ပါနေမည့် လက်ကောက်သည် မည်သို့သောလက်ကောက်မျိုး ဖြစ်မည်နည်းဟု အကြိမ်ကြိမ်မေးခွန်းထုတ်နေမိသည်။

ပွဲတော်လမ်းကြားလေးသည်လည်း တစ်စတစ်စ ဖျော့တော့လာပေပြီ။ ကျွန်မလက်ထဲတွင်တော့ ခုချိန်ထိ မည်သည့်လက်ကောက်မျှ တွဲခိုလိုက်ပါလာခြင်းမရှိသေးပေ။
လမ်းတစ်ဖက်ရှိ ကြော်ငြာဆိုင်းဘုတ်တစ်ခုအား လှမ်းကြည့်လိုက်မိ၏။
…..“ဆပ်ကပ်ထဲမှလူ”…… ကျွန်မစိတ်များထွေနေပေပြီ။ ဟိုး..ခက်လှမ်းလှမ်း၌ မီးရောင်လုံးဝပျောက်ကွယ်သွားတော့မည်ဖြစ်သည်။
ပွဲဈေးလေး၏ အဆုံးသတ်နေရာလည်းဖြစ်ပေမည်။ ပတ်ဝန်းကျင်၌ လူသူများကျဲပါးလာနေ၏။

နိဂုံး-နှစ်

ကျွန်မသည် လက်ကောက်တစ်ကွင်းဝယ်ရန် ပွဲဈေးသို့ သွားခဲ့ခြင်းဖြစ်သည်။ ကျွန်မသည် ကိုယ့်လက်၌ထာဝရ ဆင်မြန်းရမည့်လက်ကောက်အား
မည့်သည့်လက်ကောက်မျိုးဖြစ်ရမည်ကိုပင် ဂဃနဏမသိသူဖြစ်သည်။ ကျွန်မသည်လက်ကောက်ဆင်မြန်းရခြင်းအား အမှန်တကယ်နှစ်သက်မြတ်နိုးသူတစ်ယောက်
ဟုတ်ပါသလား။ ကျွန်မသည် ပွဲဈေးတန်းသို့ တကယ်ပဲလက်ကောက်ဝယ်ရန်လာခဲ့ပါသလား။ သို့ဆိုလျှင် ကျွန်မလျှောက်ခဲ့ဖူးသော ပွဲတော်လမ်းကြားပေါင်း မည်မျှရှိနေ ပြီနည်း။ သို့ဆိုလျှင် ကျွန်မစမ်းဝတ်ကြည့်ခဲ့ဖူးသော လက်ကောက်ပေါင်း မည်မျှရှိနေပြီနည်း။ သို့ဆိုလျှင်………..

ထိုနေ့က ပွဲတော်သိမ်းချိန်အထိ ကျွန်မလက်ကောက်တစ်ကွင်းမှ မရလိုက်ပါ။ ။

Wednesday, June 13, 2007

အိမ်

မနက်ခင်းပန်းများပွင့်နေကြသည်။

ပြာမှုန်နေသော လမ်းတစ်လျှောက်၌ လူသူအသွားအလာကျဲပါးလျက်... နှင်းများ စိမ့်ခဲအောင် ကျဆင်းနေ၏။ ကတ္တရာလမ်းမပေါ်၌ နှင်းဖက်နုနုများ လွှားကျနေသည်။ လူတိုင်း၏ အိမ်ပြတင်းများ ပိတ်ထားကြသည်။ တစ်စုံတစ်ရာ ၀င်လာမည်ကို စိုးသောကြောင့်လားမသိ။ …… စိမ့်နေအောင် ပိတ်ထားကြ၏။ ပူရှိမ်းရှိမ်းအေးမြမြလေတစ်ချက် တိုးဝှေ့သွားသည်။ အစိမ်းရောင် သစ်ရွက်များပေါ်ရှိ နှင်းဖက်များ အိမ်ခေါင်မိုးပေါ်သို့ ဖွားခနဲကျသွား၏။ ကောင်းကင်သည် အဖြူရောင်ပိတ်ကားတစ်ချပ်နှင့်ပင် တူနေ၏။ အနက်ရောင် ဆံချည်မျှင်တစ်စနှင့်တူသော လမ်းမသည် မျှင်းမျှင်းလေးလွင့်နေသည်။ နှင်းများကား ဖုံးတစ်ဝက် ဖယ်တစ်ဝက်. . . ကျွန်မ အိမ်မက်မက်နေတာများလား . . .


လွင့်နေသောလမ်းမပေါ်၌ ကျွန်မတစ်လှမ်းချင်းလှမ်းနေ၏။ ကျွန်မ ဘယ်ဆီသွားနေတာပါလဲ . . ပိတ်ထားသောအိမ်များဆီသို့ လား . . . ပိတ်ထားသောအိမ်များထဲတွင် ကျွန်မအိမ်တစ်အိမ်များ ပါနေပြီလား။ ဟောဟိုက တံခါးရွက်အညိုများနှင့်အိမ်သည် ကျွန်မအိမ်များလား . . ဒါမှမဟုတ် ဟောဟိုက တံခါးရွက်အပြာများနှင့်အိမ်များလား . . . ဒီလိုဆို. . ကျွန်မကိုတံခါးလာဖွင့်ပေးမည့်သူတစ်ယောက် ရှိနေမည်ပေါ့. မဟုတ်ရင်ကော. . . မဟုတ်ရင် ကျွန်မ၌သော့တစ်ချောင်းတော့ရှိရမည်။ ကံကောင်းလျှင် ကျွန်မအိမ် တံခါးအဖွင့်၌ ကျွန်မအတွက် ပြင်ဆင်ထားသောပါတီတစ်ခု စောင့်ကြိုကောင်းစောင့်ကြို နေလိမ့်မည်။ ဒီ့ထက်ပိုကံကောင်းလျှင်တော့ ကျွန်မအား နွေးနွေးထွေးထွေးပြေးပွေ့ဆီးကြိုမည့် တစ်စုံတစ်ယောက် ရှိနေနိုင်မည်။

ဒီ့ထက်ပိုကံကောင်းလျှင်ကော . . .
ကျွန်မလမ်းမပေါ်သို့ ကဆင့်ကလျားကြည့်လိုက်၏ . . . အလင်းများဖွေးဖွေးလှုပ်လျက် . . . . . . လမ်းပေါ်၌ ကျွန်မနှင့် သူစိမ်းတရံဆန်သည့်သူများ ရှိမနေ . . . ဒါဆိုရင်းနှီးသူတွေကော . . .ရင်းနှီးသူတွေ . . . ကျွန်မဦးခေါင်းတွင်း၌ တစ်စုံတစ်ရာ တစ်ဖျက်ဖျက်လက်နေ၏ . . . ကျွန်မနှင့်ရင်းနှီးသူတွေ . . . ရင်းနှီးသူတွေဆိုတာ မည်သို့ သောအရာကိုခေါ်သနည်း . . . ရင်ဘတ်ချင်းနီးသူများလား . . . လွတ်လပ်စွာ သဘောထားကွဲလွဲနွေးမြနေသူများလား . . .အလွန်အမင်း ရယ်ရယ်မောမော စကားပြောခဲ့ဖူးသူများလား . . . အလွန်တရာ စက်ဆုပ်စွာဖြင့် ပုခုံးဖက်ပေါင်းနေသူများလား. . . အလွန်တရာ လေးစားစွာ ကိုးကွယ်မိနေသူများလား . . .များလား . . .များလား . . .
နံဘေးမှ တစ်စုံတစ်ရာ လင်းကနဲဖြတ်သန်းသွာ၏ . . . မည်သည့်အရာလဲ ကျွန်မ မစမ်းစစ်တော့ ကြည့်တိုက်တော့ တံခါးရွက်အညိုများနှင့် အိမ်တစ်လုံး မျက်စိရှေ့ မှောက်၌ လွင့်နေ၏ . . . လွင့်နေဟန်ရှိ၏. . . ဒါ ကျွန်မအိမ်များလား . . .ကျွန်မအိမ်ဆို အနည်းဆုံး ကျွန်မကို သိသည့်လူများ ရှိရမည်။. . မဟုတ်သေးဘူး . . ကျွန်မတစ်ယောက်တည်း နေသည့်အိမ်ဆိုရင်ကော . . .မည်သူမှရှိမည်မဟုတ် . . . ဒါဆို ကျွန်မအိမ်ဖြစ်ဖို့ သော့တစ်ချောင်းတော့ ရှိရမည်။ ဟုတ်တယ် ။ ကျွန်မအိမ် ရှေ့တည့်တည့်၌ ရပ်လျက် သော့တစ်ချောင်းကိုရှာသည် . . .စိတ်လှုပ်ရှားစွာဖြင့်သော့တစ်ချောင်းကို ရှာဖွေနေ၏ . . .ဘယ်မှာလဲ . . . ငါ့အိမ်ဆိုတာ၏သော့ . . .ဘယ်မှာလဲ . . .
အချိန်ဘယ်လောက်ကြာအောင် သော့အားရှာဖွေနေမိမှန်းပင်မသိ . . .ကျွန်မတစ်ကိုယ်လုံး၌ ဇောချွေးများဖြင့် . တုန်ရီနေ၏။ မောပန်းမှု သဲ့သဲ့စိမ့်ဝင်ပျံ့ နှံ့ လျက်ရှိသည်။ ကျွန်မအရှေ့ ရှိတံခါးအညိုကြီးသည် မာန်တင်းလျက် ၀င့်ထည်စွာစေ့ပိတ်ထား၏. . .(စေ့ပိတ်ထားသယောင်ရှိ၏). . ကျွန်မ ဘာလုပ်ရမည်နည်း . . . ကျွန်မ အိမ်ထဲဝင်ရမှ ဖြစ်မည် . . . ကျွန်မအိမ်ဖြစ်သောကြောင့် အိမ်ထဲဝင်ရမည်။ တံခါးရွက်အညိုများအား ကျွန်မစိုက်ကြည့်နေမိ၏ . . . အိမ်ဆိုသည်မှာ ဤ မျှပင်ဝင်ဖို့ ရာခဲယဉ်းပါသလား . . .ကျွန်မတစ်ကိုယ်လုံး ဇောချွေးများဖြင့် ထုံထိုင်းနေ၏. . . လက်ကောက်ဝတ်ဆီမှ တဒိတ်ဒိတ်သွေး တိုးနှုန်းညံနေ၏ . . . ကျွန်မဦးခေါင်းသည် မိတ္တူကူး စက်တစ်ခုအလား အလုပ်လုပ်နေ၏ . . ကျွန်မ ဘာများဖြင်ရတာလဲ . . . အဘယ်ကြောင့် ဤတံခါးကြီးရှေ့ ၌ ဤမျှ တုန်လှုပ်နေရသနည်း ။
ဟုတ်တယ် ကျွန်မအိမ်ပဲ... ကျွန်မ၀င်ရမည်ပေါ့ . . .ရုတ်တရက် ကိုယ့်ကိုကိုယ် အဝေးပြေးလမ်းမပေါ် ထုံထိုင်းထိုင်း မောင်းနေသော ကားတစ်စင်းလို ခံစားလိုက်ရ၏ . . မောတယ် . . .မောတယ် . . မောပန်ခြင်းသည် ကျွန်မအား တစစ်စစ် ခဲနေ၏ . . . အမောကြောင့် ကျွန်မတစ်ကိုယ်လုံး ရောင်အမ်းအမ်း ခံစားနေရ၏ . . . ဘာကြောင့်မောပန်းရသနည်း . . .စေ့ပိတ်ထားသောတံခါးများကြောင့်လား . . . ကျွန်မ၌ သော့တစ်ချောင်း မရှိသောကြောင့်လား . . . အိမ်ဆိုသည့် အရှိန်အ၀ါကြောင့်လား . . . ကျွန်မတစ်ကိုယ်လုံးရှိ သွေးများဆူပွက်လာသည် ။ မျက်လုံးများပြာဝေလာ၏ ။ ကျွန်မသွေးရူးသွေးတန်းဖြင့် တံခါးအညိုကြီးအား ဆောင့်တွန်းပစ်လိုက်၏ . . .အလင်းများ ဒလဟော ပြိုဆင်းကျလာ၏ . . . မျက်စိများ ကျိန်းစပ်ပြာဝေလောက်အောင် အိမ်တွင်း၌ စူးစူးရှရှ လင်းနေ၏။ လင်းလွန်းသောကြောင့် အိမ်နံရံများပင် သဲသဲကွဲကွဲ မမြင်ရ ။ အိမ်သည် အလင်းချည်းသက်သက် သိုလှောင်ထားသော ဂိုထောင်တစ်ခုနှင့်ပင်တူနေ၏ . . ကျွန်မအလင်းထဲသို့ တစ်လှမ်းချင်းတိုးဝင်သွား၏။
အလင်းထံသို့  အကြောက်အလန့် မရှိကျွန်မတိုးသွား၏ ။
လူရှိလား . . .
ကျွန်မပါးစပ်က အူကြောင်ကြောင် စကားတစ်ခွန်း ခုန်ထွက်သွားသည် ။ မဟုတ်သေးပါဘူး . . . ငါ့အိမ်ဆို ဒီလိုမေးစရာ ဘာအကြောင်းများရှိမည်နည်း . . .ဟုတ်တယ် . . . အမှန်ဆို ပြန်လာပြီလို့ ... ပြောရမှာ . . .
ပြန်လာပါပြီ
ကိုယ့်ကိုကိုယ် အတော်ရယ်ချင်သွားသည် ။ အိမ်သည် အလင်းဖြင့် တိတ်ဆိတ်နေ၏ ။ အိမ်တွင်း၌ ကျွန်မအား ကြိုမည့်သူများ ရှိမနေ . . .သို့ သော် . . .နှင်မည့်သူများလည်း ရှိမနေ . . . ဒါ ငါ့အိမ်ပေါ့... ကျွန်မရေရွတ်လိုမိ၏။ ရီဝေမှုန်ဝါးစွာဖြင့် တစ်အိမ်လုံးအား လှည့်ပတ်ကြည့်ရှုနေမိ၏။ အိမ်တွင်း၌ အလင်းမှတစ်ပါး မည်သည့်သက်ရှိ သက်မဲ့အရာများအား မတွေ့ ရ ။ ကျွန်မ နွမ်းရိသွား၏ ။
ဒါကျွန်မအိမ်တဲ့လား . . . အံသြစရာ . . . ကျွန်မအိမ်ဖြစ်ဖို့ ရာ မည်သည့်အရာမှမလိုပါလား . . .
သော့ မလို . . .ဆီးကြိုမည်သူ မလို . . .အထောက်အထားပစ္စည်းများ မလို . . . နှုတ်ခွန်းဆက်သရန် မလို . . . ကျွန်မသည် အလင်းထဲ၌ မတ်မတ်ရပ်လျက် . . . အိမ် ဟူသောဝေါဟာရ ကျွန်မခေါင်းထဲသို့  မည်သို့  ရောက်လာသနည်း . . .ခန္ဓာကိုယ်မှ ခံစားမှုတစ်မျိုး ယိုစီးထွက်လာ၏ ။
ကျွန်မ အိမ်အပြင်လမ်းမပေါ်သို့  တစ်ဟုန်ထိုး ပြေးထွက်သွားလိုက်၏ ။ ကတ္တရာလမ်းကြီးသည် စောစောကအတိုင်း မြေ့ မြေ့ မှုန်ရီလျက်ရှိ၏ ။ လမ်းနှင့်ထိတွေ့ နေသော ကျွန်မခြေထောက်များ ရဲတင်းလွန်းနေ၏ ။ ဘေးတစ်ဘက်တစ်ချက်၌ ပိတ်ထားသောတံခါးများရှိရာ အိမ်များ . . .ဝေသီ လွင့်ပါးလျက်ရှိ၏ ။ ကျွန်မသွေးများထဲ၌ ရေနွေးစီးကြောင်းတစ်ခု ခက်ထန်စွာ စီးဆင်းနေသည် ။
မျက်ဝန်းများ အေးစက်ကျပ်ခဲလျက် . . နှင်းမိုးထားသော မြင်ကွင်းထဲ စွတ်ရွတ် တိုးဝင်ပစ်လိုက်၏...
သို့ သော် . . . . .
ပိတ်ထားသော တံခါးများကိုတော့ မည်သည့်အကြောင်းနှင့်မှ ဖွင့်ဖို့ကြိုးစားတော့မည်မဟုတ်ပါ။

မှတ်ချက်။ ။ဤ၀တ္ထု၏အမည်သည် အိမ် ဖြစ်သည် ။