Saturday, January 25, 2014

နာကျင်မှု ရှင်သန်ပုံ

နို့စို့အရွယ်နာကျင်မှုဟာ

 စာရွက်ပေါ် ချရေးနိုင်သေးတယ်

 ပြန်ပြောင်းပြောပြနိုင်သေးတယ်

ရေးသား မှတ်ထားနိုင်သေးတယ်

မျက်ရည်အဖြစ် လျှောဆင်းနိုင်သေးတယ်

ယမကာနဲ့ မျှောသွင်းနိုင်သေးတယ် ။

တွားသွားနေတဲ့နာကျင်မှုဟာ

တဖြေးဖြေး အတွင်းမှာ လှိုက်စားပြီး

အပြင်ပန်းမှာ တင်းကြပ်အေးခဲမာကြောစပြုလာတယ်

အခြေအနေမှန်ကို လက်ခံလိုက်တဲ့

ချောင်ပိတ်ရိုက်ခံရတဲ့ ခွေးတစ်ကောင်လို

 ငြိမ်သက်စပြုလာပါတယ်

မတ်မတ်ထိုင်နိုင်ဖို့တော့ ကြိုးစားနေသေးတယ် ။

လမ်းလျှောက်တတ်စ နာကျင်မှုဟာ အစိုင်အခဲအဖြစ် အနည်ကျလာခဲ့ပြီး

အပေါ်ယံမှာ ရေခဲပြင်တွေလို ထုထည်နဲ့ အေးခဲသွားခဲ့ပါပြီ

ကိုယ့်အနာကိုယ် ငုံထားရတဲ့ ရေခဲပြင်ဟာ

အနွေးဓာတ်အတုကို ရန်ဖန်ရန်ခါ

ဟန်နဲ့ပန်နဲ့ တည်ဆောက်ပြပြတတ်သေးတယ် ။

ဒီလိုနဲ့ ၂ နှစ်သားအရွယ် နာကျင်မှုမှာ

ရေခဲပြင်ဟာ အခိုင်အမာ ကြပ်ခဲသိပ်သည်းခဲ့သလို

မြုံနေတဲ့ အနည်တွေလည်း

ခိုင်ခံ့စွာ ကျောက်ဖြစ်သွားခဲ့ပြီ

ကျောက်ဖြစ်သွားခဲ့တဲ့ အနာဟာ

တခါတရံ အခန့်မသင့်ရင် အပေါ်ရံရေခဲပြင်ရဲ့ရင်ကို

တဆက်ဆက် ထိုးထိုးခွဲတတ်တာကလွဲလို့

အရာအားလုံး နေသားတကျ အေးစက်နေတတ်ပြီ

အရာအားလုံး နည်းနာတကျ ငြိမ်သက်နေတတ်ပြီ

အရာအားလုံး ဗလာဟင်းလင်း ရှင်သန်နေတတ်ပြီ ။    ။


 ၁၇ ဇန်န၀ါရီ ၂၀၁၄
သောကြာ

ဘဝဟာ အရာအားလုံးသီးခြားစီ

နိုဝင်ဘာဟာ တစ်ပတ်နွမ်းပြီးတာကြာတဲ့ လတစ်
လပါပဲ
ခုကျမှ အရင်ထက် ပိုပြီး တမြေ့မြေ့ နွမ်းပြတ်နေသလို့

အအေးဓာဏ်က အအေးဒဏ်သက်သက်
နာကျင်မှုက နာကျင်မှုသက်သက်
လက်တွေ့ ဘဝကလက်တွေ့ ဘဝသက်သက်
အသိတရားက အသိတရားသက်သက်
ကိုယ်ကျင့်တရားက ကိုယ်ကျင့်တရားသက်သက်နဲ့ 
အလွမ်းက ဆုတ်လည်းဆူး စားလည်းရူးဆန်ဆန်
ပုခုံးပေါ်လာတွဲခိုနေတယ့့်

အလွမ်းတစ်စင်း ပန်းတစ်ခင်းဖြစ်စေဆိုတဲ့ ကဗျာလှလှလေးရွတ်မိတော့
တစ်ခါလွမ်းတိုင်း တစ်ပါးသီလချွေယူမယ့် အလွမ်းမျိုးအတွက်
ဒါဘဝတွေပါလေလို့  ငါ အလွယ်တကူနှလုံးသွင်းဖို့ ရာ
ထက်မြက်တဲ့  အသိဥာဏ်က အသိဥာဏ်သက်သက်
လောကစည်းတွေက လောကစည်းတွေသက်သက်
မာနတရားက မာနတရားသက်သက်
လွတ်လပ်ပေါ့ပါးမှုတွေက လွတ်လပ်ပေါ့ပါးမှုတွေသက်သက်
ခွင့်လွှတ်နားလည်မှုက ခွင့်လွှတ်နားလည်မှုတွေသက်သက်နဲ့ 
အရားအားလုံး သက်သက်စီ ငါ့ရှင်သန်မှုကို အားပြိုင်ဖဲ့ ခြွေနေကြတယ့့်

ဘဝကတိုတယ်ဆိုတဲ့  သိစိတ်တစ်ခုနဲ့ ပဲ
ငါအရာအားလုံးကို ခွင့်လွှတ်ခဲ့ တယ်
အသက်ရှင်ခြင်းဟာ စိတ်စေရာသွားရုံတစ်ခုထဲထက်တော့
များစွာတန်ဘိုးရှိသင့်တယ် ယုံကြည်မှုနဲ့ 
ငါအရာအားလုံးကို တစ်မိနစ် တစ်စက္ကန့် အတွင်း စွန့် လွှတ်ရဲခဲ့တယ့့်

တွဲလွဲခိုပါလာတဲ့ အလွမ်းကို တောင့်တမှုအဖြစ်အသွင်မပြောင်းစေရုံ
ငါ လစ်လျူရှုထားလိုက်တယ်
 အသိဥာဏ်သက်သက်ကိုပဲ နဖားကျိုးထိုး
ငါ  ....ဒီခရီးကို ရုန်းနေပါတယ်။

နိုဝင်ဘာ ၂၂ ၂၀၁၃

အချစ်အကြောင်း တောင်တောင်အီအီများ

ခုတလော အချစ်နဲ့ပတ်သက်လို့ ဟိုက ဒီက ဟိုတစ်စ ဒီတစ်စကြားကြားနေရတာတွေရှိတော့စိတ်ထဲရောက်လာတဲ့ အတွေးတချို့ကိုရေးဖို့ကြိုးစားကြည့်တာဒီနေ့တော့ အထမြောက်ခဲ့ပြီ။
တလောကသူငယ်ချင်းတစ်ယောက်ကအသဲကို အစိမ်းကွဲကွဲတာ မြင်နေကြည့်နေရတာ မသက်သာဘူး။ ဖေ့ဘုတ်ပေါ်မှာလည်း ဟဲဟဲထ ချစ်ကြတဲ့ ချစ်သူတွေ လူထု (public) ဆီကိုသူတို့ရဲ့ချစ်သမျှကို ပတ်ပျိုးကြီးကို နေ့စဉ်နဲ့အမျှထုတ်ပြန်နေကြတာတွေလည်းဒုနဲ့ဒေးပါ။ မိတ်ဆွေတစ်ယောက်ကပြောတယ် သူ့မှာ အွန်လိုင်းချစ်သူတွေရှိသတဲ့။ တစ်ချက်ကလေးတောင် အပျောက်မခံနိုင်ဘဲ ချစ်ကြသတဲ့။ သူ့လက်တွေ့ဘ၀ကချစ်သူကတော့သူ့အပေါ် အာရုံနည်းလွန်းသတဲ့။တချို့လည်းချစ်ကြလို့ အိမ်ထောင်သည်ဘ၀ မိသားစုဘ၀ သာသာယာယာ ချစ်ကြည်နူးနေကြတာလည်း မြင်ရဲ့။
အချစ်အကြောင်းစဉ်းစားမိတော့ ငယ်တုန်းကတော့ အချစ်ကို အလွန်ကြီးကျယ်ခန်းနားတဲ့ အရာအဖြစ်ရှူမြင်ဖူးသည်။ ကဗျာတွေစာတွေရေးတိုင်းအချစ်ဟာ တန်ခိုးရှင်လိုလို ကံကြမ္မာလိုလို။ တစ်ဦးနဲ့တစ်ဦးတော့လည်းခံယူချက်ချင်း ခံစားမိပုံချင်း တူညီကြမ်မယ်မထင်ပါ။ ငယ်ရွယ်စဉ်မှာ တချို့က အချစ်ကို စိတ်ခံစားမှုတွေအတွက် အမဲလိုက်သလို ရှာဖွေကြသည်။ လောင်းကစားခြင်းလို ရင်ခုန်ကြသည်။ တချို့ကျတော့် အချစ်ကိုသက်ဝင်ယုံကြည်ရာနတ်ဘုရားတစ်ပါးလို ကိုးကွယ်ကြသည်။ အချစ်ဟာဖြစ်တည်လာဖို့မလွယ်ဘူး။ ဘယ်တော့မှလည်း ပျက်သုန်းဖို့မရှိတဲ့မသေခြင်းတရား...စသဖြင့် ခံစားခဲ့ကြသည်။ တချို့ကျ ပေးဆပ်ခြင်းသည်သာ အချစ် မိမိချစ်သူ စိတ်ချမ်းသာမည်ဆိုအလုံးစုံလိုက်လျော ဖြည့်ဆည်းပေးခြင်းသည်သာ အချစ်စစ်ဟုလက်ခံကျင့်ကြံကြသည်။ တချို့ကျအဆုံးစွန်လည်း မပေးအဆုံးစွန်လည်းမယူ ရေချိန်ညီအောင် ဆက်ဆံရေးတည်ဆောက်ခြင်းဖြင့်အဆင်ပြေမှုဆီသို့သွားခြင်းသည်သာအချစ်ဖြစ်သည်ဟု ခံယူနေကြသည်။ ထိုသို့ဖြင့်အချစ်သည်မိမိလိုချင်သည့်အရာအား အမဲလိုက်ခြင်း၊ ကိုးကွယ်ခြင်း၊ လျှပ်လျှပ်လူးရင်ခုန်ခြင်း၊ တစ်ဖက်သက်ပေးဆပ်ခြင်း၊ ရေချိန်ညှိခြင်း စသည်ဖြင့် အမျိုးမျိုးအထွေအထွေပုံစံကွဲပြားစွာ တည်ရှိနေခဲ့သည်။
ဟိုတစ်လောကကြည့်မိသော ရုပ်ရှင်ဇာက်ကားထဲကစကားတစ်ခွန်းသတိရမိသည် ”အချစ်ဆိုတာ လူနှစ်ယောက်ကြားမှာ စိတ်ခံစားချက်တွေကို ကုလားဖန်ထိုးပြီး ကစားရတဲ့အရာ"တဲ့။လူတစ်ယောက်နဲ့ တစ်ယောက်အကြားတော့ အချစ်ကို သင်ယူခဲ့ရပုံခြင်း တူမည်မထင်ပါ။ သစ်ပင်ထိပ်ဖျားလွင့်ပါးနေတဲ့ ရွက်သစ်ငယ်စိမ်းလေးလို လှုပ်လှုပ်ခတ်ခတ် အရွယ်မှာတော့ အချစ်ဟာလှပါသည်။ ကြီးကျယ်ခန်းနားခဲ့မယ်ထင်ပါသည်။ သို့သော် အချစ်ကို မည်သို့ဖွင့်ဆိုမည်နည်းဟု ဘောဂဗေဒဆန်ဆန် ညီမျှခြင်းချမယ်ဆို

အချစ် = ကိန်းသေ (အခြားအမည်သည့်သက်ရောက်မှုများမရှိလျှင်ကျန်မည့် အခြေခံတန်ဘိုး) + (အချစ်အပေါ်သက်ရောက်နေသည့် ပင်ကိုဗီဇ ကောင်းဆိုးပြောင်းလဲမှုနှုန်းကိန်း ) x (ကြိုက်နှစ်သက်မှုအပါအ၀င် ပင်ကိုယ်ဗီဇ) + (အချစ်အပေါ်သက်ရောက်နေသည့် လိုအပ်ချက်နည်းများ ပြောင်းလဲမှုနှုန်းကိန်း ) x (ကာမဆန္ဒအပါအ၀င်လိုအပ်ချက်) + (အချစ်အပေါ်သက်ရောက်နေသည့်အခြေအနေပေးမှုနည်းများနှုန်းကိန်း ) x(အခြေအနေပေးမှု) +……………+အချစ်ကိုသက်ရောက်နေသောအခြားအရာအများကြောင့် ယူဆချက် မှားနိုင်ချေကိန်း

စသည်ဖြင့် အဖြေထုတ်ကြည့်မိသည်။ သချာင်္အက္ခရာနဲ့ဆို

Love = B0 + b1X1 + b2X2+ b3X3+.....+ u
ယခုအသက်အရွယ်တွင် အချစ်အား ထိုသချာင်္ပုံသေနည်းကဲ့သို့ခံစားမိသည်။ လူတစ်ယောက်သည် တဖက်လူတစ်ယောက်အားချစ်သည့်အခါ မိမိကိုယ်ကိုရိုသေမှု၊ အလေးပြုမှု (self-respect)ထက်သာလွန်ချစ်သင့်သည်ဟုမထင်တော့ပါ။ ဥပမာ ဆိုပါတော့မိန်းကလေးတစ်ယောက်ကသို့မဟုတ် ယောက်ကျားလေးတစ်ယောက်က သူ့ချစ်သူအား ဘာဖြစ်ဖြစ်ချစ်ပါတယ်၊ ဘာလုပ်လုပ်ရပါတယ် ၊ ဖြည့်ဆည်းပေးရုံပုံ စသဖြင့်မိမိချစ်သူပျော်ရွှ့င်မှုသာ ပဓာန၀ါဒန ချစ်သည်ဆိုပါစို့။ ထိုသို့အချစ်မျိုးအားလူ့အဖွဲ့အစည်းမျှ မည်သို့ရှုမြင်သနည်း။ ထို့သို့သော သူအား မိမိချစ်သူကိုယ်တိုင်မှ မိမိ၏အတ္တအား အရိုအသေတန်ခြင်း၊ လူ့အဖွဲ့အစည်းမှ ငနုံငထိုင်း စိတ်နောက်လိုက်သည့်လူပျော့တစ်ယောက်အဖြစ် အထင်အမြင်စွဲသွားခြင်းတို့မှာ ကိုးဆယ်ရာခိုင်နှုန်းသောအဖြစ်အပျက်များတွင် မှန်ကန်သည်ဟုယူဆသည်။ တစ်ရက်အပျောက်မခံနိုင်အောင်ချစ်ကြသည်ဆိုသော အိမ်မက်လေလှိုင်းလောက (virtual world အားထိုသို့ဘာသာပြန်ချင်ပါသည်) မှ အချစ်မျိုးသည် တစ်ခါတစ်ရံပိုမိုပြင်းထန်သရောင်ရှိသည်။ ပိုမိုလည်း ပြင်းထန်တတ်သည်။  တွေးကြည့်မည်ဆို အပြင်လောကမှ ပကတိအရှိတရာများလက်တွေ့ဒုက္ခသုက္ခများ မတွန်းတိုက်သေးသည်က တစ်ကြောင်း၊ လက်တွေ့ဘ၀တွင် မိမိမရယူနိုင်သောစိတ်လိုအင်များအား မိမိကိုယ်ကို ပိုမိုယုံကြည်ချက်ရှိရှိ လွတ်လွတ်လပ်လပ် ရယူနိုင်သည်တို့ကတစ်ကြောင်း စသည်တို့ကြောင့်ဖြစ်မည်ထင်သည်။ သို့သော်တစ်ယောက်ကိုတစ်ယောက် အပျောက်မခံခြင်း အပျောက်ခံခြင်းသည် အချစ်လားဟုပြန်မေးကြည့်လျှင် အတော်ရီစရာကောင်းသည်ဟု ခံစားမိသည်။
 ဈေးကစားသကဲ့သို့အတက်မြန် အကျမြန် ချစ်ခြင်းများလည်း ရှိသည်။ တစ်ချို့ အချိန်ရက်ပိုင်းအတွင်း တွေ့ဆုံပြီးနောက် သေလုမျောပါးအချစ်အား ရှာတွေ့သွားကြောင်း(အိမ်မက်လေလှိုင်းလောကတွင် တွေ့ဆုံမှုများဆို ပိုဆိုးသည်)၊ အချစ်စစ်ဟာဖိနပ်စုတ်တစ်ရံနှင့် အိမ်ပေါက်ဝမျက်စိလည်လာကြောင်း စသည့်အံ့မခန်း အချစ်မျိုးများလည်းတွေ့ဖူးသည်။ တစ်ယောက်အကြောင်းတစ်ယောက် ဘာမျှ ရေရေရာရာမသိ၊ ဘယ်လိုနားလည်မှုမျိုးမှလည်းမတည်ဆောက်ရသေးချိန်၊ တစ်ယောက်ရဲ့ ဆိုးမှုကို မည်သို့မျှလည်း မျှဝေမခံစားဖူးသေးချိန်ဟဲဟဲထ သိပ်ချစ်သည်ဆိုသည့် ထိုထိုအချစ်မျိုးအား အစစ်အမှန်တရားအဖြစ် လက်ခံရန် အင်မတန်အူကြောင်ကြောင်နိုင်ပါသည်။ သို့သော် ကျွန်မတွေ့ရှိခဲ့သည်မှာ လူတွေသည် အထက်ပါ ပုံသေနည်းများထဲမှအချစ်ကို သက်ရောက်နေသော ကိန်းရှင်များအရ အချစ်နာမည်တပ် ရူးသွပ်ပစ်လျက်ရှိသည်။တစ်ခုရှိသည်မှာ တစ်ဦးနှင့်တစ်ဦး ထိုသို့ ရူးသွပ်ပစ်နေကြသည်ကို နှစ်ဦးနှစ်ဖက်သိထားကြပြီး ၄င်းအသိအား နှစ်ဦးစလုံးမှရော မိမိကိုယ်မိမိရာ အသိအမှတ်မပြုပဲထားထားကြသည်။ ထိုသို့ဖြင့် အလုပ်ဖြစ်အောင် နေထိုင်လျက်ရှိကြသည်။
အချစ်အပေါ် ဇဝေဇ၀ါဖြစ်သလောက် သံယောဇဉ်ဟူသော အရာအပေါ်တွင်တော့ကျွန်မယုံကြည်မှုရှိပါသည်။ သံယောဇဉ်ဆိုသည်မှာ ကောက်ရိုးမီးလို လက်ဖြစ်တစ်တွက်အတွင်းတောက်ငြိမ်းသွားသည့်အရာမျိုးမဟုတ်ပါ။ သံယောဇဉ်ဆိုသည်မှာ သက်ရှိ လူ၊ခွေး၊ ကြောင်စသည်တို့အား မဆိုထားနှင့် သက်မဲ့ အရာများအပေါ်တွင်ပါ တွယ်တက်သောအစွဲအလန်းတစ်မျိုးဟုထင်သည်။ သံယောဇဉ်ကို သရုပ်ခွဲကြည့်မိလျှင် တစ်ဦးပေါ်တစ်ဦး မေတ္တာစိတ်များပါသလိုအင်နားရှား (inertia) သဘောများလည်း ပါမည်ဖြစ်သည်။ တစ်ဦးပေါ်တစ်ဦး မေတ္တာစိတ်မှာလူတစ်ဦးနှင့်တစ်ဦးအကြား ကောင်းမွေ၊ ဆိုးမွေများ မျှဝေခံစားပြီးနောက်ဝယ်ကျန်ရှိသောစိတ်ဟုထင်ပြီး အင်နားရှားသဘောမှာ ကောင်းလိုသည်များအား ဆက်တိုက်ကောင်းလိုခြင်း၊ပေးလိုသည်များအား ဆက်တိုက်ပေးလိုခြင်း၊ ရလိုသည်များအား ဆက်တိုက်ရလိုခြင်း ၊ အကျင့်ဖြစ်ခြင်းစသည်တို့လည်း အကျုံးဝင်မည်ထင်သည်။ ဥပမာ လေးနက်သော အသဲကွဲခြင်းများတွင် ထိုအရာများရောပြွန်းပါနေတတ်သည်။ အရာအားလုံးအား ရုတ်တရက် ရပ်တန့်ရသည်။ ပေးခွင့်မရှိ၊ယူခွင့်မရှိ သူစိမ်းများအဖြစ် သုညအခြေအနေသို့ ပြန်သွားရသည်။ စိတ်အားအလွန်အမင်းနာကျင်စွာ ထိန်းကျောင်းပြီး မူလ အခြေအနေသို့ ပြန်မောင်းသွင်းရသည်။ တချို့မှာအမြန်ပျောက်လိုမှုဖြင့် ရင်ခုန်သံအစားထိုးအမဲလိုက်ကြသည်။ တချို့မှာ ငွေသုံးခြင်းစိတ်ပျော်ရာလုပ်ခြင်းဖြင့်ကုသည်၊ တချို့မှာ အရက်သောက်ကြသည်။နလုံးခုန်သံအစားထိုးမှုသည် အမြန်ဆုံး သက်သာစေသည့် ကုထုံးတစ်ခုဟု ကျွန်မယူဆသော်လည်းအရက်သောက်ခြင်းမှာ နည်းကောင်းတစ်ရပ်ဟုတော့မထင်ပါ။ အဘယ်ကြောင့်ဆိုသော် အရက်သောက်ခြင်းဖြင့်ဘာကိုမှမေ့မသွားပါ။ အရက်အရှိန်တက်လာချိန်တွင် နာကျင်မှုမှာအထွတ်အထိပ်သို့ရောက်လာတတ်ပြီး လူမှာ အထိန်းအကွပ်မဲ့စွာဖြင့် ၄င်းနာကျင်မှုအားထိုးဆွခံစားခွင့်ရလာသည်။ ဘေးလူများပြောမည်။ အော်မည်။ မျက်ရည်ကျမည်။ကဗျာတွေစာတွေချရေးမည်။ အလွန်အကျွံမူးလာချိန်မှာတော့ အိပ်ပျော်သွားပေမည် (၀ါ)မူးသောကြောင့် မှောက်သွားပေမည်။ အခန့်မသင့်လျှင် လဲမည်၊ ကွဲမည်၊ ရန်ဖြစ်မည်။မိုးလင်းသော် ခေါင်းမှာ အတွင်းပိုင်းတွင် ထိုးကလော်ရိုက်နှက်မွှေနှောက်ထားသကဲ့သို့နာကျင်နေမည်။ လူမှာ နာနေသော တိရစ္တာန်တစ်ကောင်လို ထုံပေနေမည်။ လူစိတ်ပျောက်သွားသောအချိန်ခဏငယ်မှအပ အသဲကွဲခြင်းရဲ့ နာကျင်စိတ် ပြန်ဝင်လာမည်။ ဘာကိုမှမမေ့။အဖြေမဟုတ်သည့်အပြင် ပိုတောင် နာကျင်စေသည်ဟု ကျွန်မထင်ပါသည်။ အရက်သောက်ခြင်းမှာခံစားမှုကြိုက်၍သာ သောက်ခြင်းဖြစ်သည်။ ပျော်၍လည်းမဟုတ် ၀မ်းနည်း၍လည်းမဟုတ်ပါ။သုံးဖြုန်းပျော်ပါးသော ဖြေနည်းမျိုးမှာတော ငွေကုန်လျှင် အရှိန်ကုန်လျှင်ရပ်သွားသည့်သဘောရှိပါသည်။ နောက်ဆုံးတွင် လူသည် မိမိစိတ်လိုအင်များနောက်သို့မိမိဘာသာ ကောက်ကောက်ပါအောင် လိုက်ခဲ့သူဖြစ်သလို မိမိစိတ်ပဋိပက္ခများလည်း မိမိတစ်ဦးတည်းမှသာ ဖြေရှင်းနေရသည့်သတ္တ၀ါများဖြစ်သည်။
ယခုအချိန်တွင်တော့ ကျွန်မသည် လူတစ်ယောက်ဆီမှ “ချစ်တယ်”ဆိုသောစကားအား ပုံသေနည်းဖြင့်သာ ဘာသာပြန်ကြည့်မိလျက်သားဖြစ်နေပြီး ကျွန်တော်/ကျွန်မကတော့ဖြင့်ဒါလိုအပ်နေတယ် အဆင်ပြေရင် ဆက်သွားရအောင်လို့ “အဆိုတော် မျိုးကြီးအသံဖြင့်” ပြောနေသယောင်ပဲခံစားမိတော့သည်။
နိုဝင်ဘာ ၂၂ ၂၀၁၃

အချက်အလက်တွေအပေါ် မှီခိုမှုလွန်ကဲနေသော ကျွန်ပ်တို့ဖြစ်နေပြီလား

ပေတံပဲယုံတယ်

ဖိနပ်အသစ်တစ်ရံဝယ်ဖို့သူဆုံးဖြတ်လိုက်တယ်။ ဆုံးဖြတ်ပြီးချင်း သူ့ခြေထောက်အတိုင်းကို သူယူတယ်။ ဒါပေမယ့် ဖိနပ်ဆိုင်ရောက်တော့အတိုင်းက မပါလာဘူး။ အိမ်မှာ မေ့ကျန်ခဲ့တယ်လေ။
“အတိုင်းကျန်ရစ်တယ်ဗျာ”  လို့ ဖိနပ်ဆိုင်ရှင်ကို ပြောပြပြီး၊ ကဗျာကယာ အိမ်ပြန်ပေးခဲ့တယ်။အတိုင်းကိုယူပြီး ဈေးဘက်အသော့နှင်ခဲ့တယ်။ ဒါပေမယ့် ဈေးဘက်ပြန်ရောက်လာတော့ ဖိနပ်ဆိုင်ပိတ်ထားပြီ။ဒါကြောင့် သူဖိနပ်မ၀ယ်ဖြစ်တော့ဘူး။ ဖိနပ်မ၀ယ်ဖြစ်တဲ့အကြောင်း သူ့မိတ်ဆွေတွေကိုပြောပြတော့မိတ်ဆွေတစ်ယောက်က
“ဖိနပ်ကိုစီမးမကြည့်ဘူးလား” လို့မေးတယ်။ ဒီတော့သူက “စီးမကြည့်ဘူး၊ ကျူပ်က ပေတံကို ပိုယုံတယ်လေ”လို့ ပြန်ပြောလိုက်ပါသတဲ့။
 တရုတ်ဒဏ္ဍာရီပုံပြန်- ဘာသာပြန် - ခင်မောင်တိုး (မိုးမိတ်)


ပုံပြင်လေး ဖတ်မိတော့ တွေးမိတာလေးရှိလို့ မျှဝေလိုက်ပါတယ်။

အခုခေတ်ကြီးမှာ လူတွေ အချက်အလက် data, information and facts and figures တွေအပေါ်ဘယ်လောက်ထိ ယုံကြည်လာပြီး ဘယ်လောက်ထိ တည်မှီအလုပ်လုပ်နေကြသလဲဆိုတာ ဒီပုံပြင်ပြင်ဖတ်တော့ ပြေးမြင်မိတယ်။

တစ်ခါတုန်းက မိတ်ဆွေ နိုင်ငံခြားသူမတစ်ယောက်နဲ့ အင်ဒိုနီးရှားကနေမြန်မာပြည်အပြန် ဂျက်ကာတာလေဆိပ်မှာ အဲဒီမိန်းမက အူလျားဖားလျားအကူအညီတောင်းတယ်။ သူ့မှာငွေလဲဖို့ အခက်ခဲရှိကြောင်း၊ ကျွန်မတို့ အဖွဲ့အစည်းကနေ နိုင်ငံခြားငွေခဏချေးထားပေးစေလိုကြောင်း ပြောပါတယ်။ ကျွန်မက ငွေလဲဖို့ အခက်အခဲမရှိကြောင်း ယခုဆို လေဆိပ်မှအစ မည်သည့်နေရာမှာမဆို အလွယ်တကူငွေလဲယူနိုင်ကြောင်း ရှင်းပြပါတယ်။ ဒါပေမယ့် အဲဒီအမျိုးသမီးက "မြန်မာပြည်မှာ ငွေလဲရင် တစ်နေရာနဲ့ တစ်နေရာ ဈေးမတူဘူး၊ မသိရင် အနှပ်ခံရတယ်လေ" ဆိုတဲ့စကားကို အလွန်ယုံကြည်ချက်ခိုင်မာနေတဲ့ မျက်နှာပေး၊ လေသံတို့နဲ့ ပြောတယ်။ ကျွန်မက ယခုမဟုတ်တော့ကြောင်းရှင်းပြတဲ့အခါ ကျွန်မအဆိုမှားကြောင်းကို သူဖတ်ထားတဲ့ မြန်မာပြည်အကြောင်းခရီးသွားစာအုပ်ကို ကိုးကားပြီး ယုံကြည်ချက်အပြည့်ငြင်းခဲ့တယ်။ အဲဒီအမျိုးသမီး တကယ်လည်း မြန်မာပြည်မှာ ငွေမလဲခဲ့ဘူး။ မြန်မာပြည်ဖွား မြန်မာပြည်ထဲ ကျင်လည်နေတဲ့ မြန်မာမက ပြောတာထက် မြန်မာပြည်အကြောင်း ရေးထားတဲ့ စာအုပ်က အချက်အလက်ကို ပိုယုံပါလားလို့ ရီချင်မိသွားတယ်။  သူရေးတဲ့စာအုပ် ဘယ်တုန်းကထုတ်လဲလည်း ကျွန်မမေးမနေခဲ့တော့ပါဘူး။

အလားတူ အဖြစ်ပျက်တွေ အများကြီးကြုံဖူးတယ်။ ဥပမာ မိတ်တွေ နိုင်ငံခြားသားတစ်ယောက်က သူဖုန်းဝယ်တာ rating အများကြီးလုပ်ခံထားရတဲ့ဖုန်းကို website ပေါ်တတ်ကြည့်ပြီး အဲဒီတစ်ချက်တည်းနဲ့ ဖုန်းဝယ်ဖို့ဆုံးဖြတ်တယ်။ နင်တို့က အချက်အလက်တွေကို သိပ်မှီခိုလွန်းတယ်ပြောတော့ ကျွန်မကို အချက်အလက်တွေကို ပိုယုံသတဲ့ ပြောသွားတယ်။

ဒီနေ့ ခေတ်အခါကြီးမှာ အချက်အလက်တွေအပေါ် တည်မှီအလုပ်လုပ်ဖို့ အပြင်းအထန်လိုအပ်လာတယ်ဆိုတာ မငြင်းပါဘူး။ သို့ပေမယ့် ပုံပြင်ထဲက ဖိနပ်ဝယ်သူလိုမဖြစ်ဖို့တော့ သတိထားသင့်တယ်လို့ တွေးမိလို့ပါ။

၁၁ နိုဝင်ဘာ ၂၀၁၃

သမားတော်ကြီးများ ကရုဏာမိုးလေးတော့ စွေစေချင်တာ

တလောက ကျွန်မတူလေး ခဲတံချွန်ရင်း မျက်လုံးထဲ အမှုန်ဝင်သွားတော့ မျက်စိဆေးခန်းကို အပြေးအလွှားလိုက်ရှာရတယ်။ အိမ်မှာ မျက်လုံးထဲက အမှုန်ကို ကိုယ်ဘာသာကိုယ် မှုတ်ထုတ်ပေးဖို့ကြိုးစားသေးတယ်။ ကျွန်မတူက သူ့မျက်လုံးကို အကိုင်မခံဘူး။ ကလေးက Autism ကလေးလည်းဖြစ်တော့ ချော့မော့ပြောလို့လည်း သူ့မှာ နားမလည်ဘူး။ အဲဒါနဲ့ နာမည်ကြီးလှပါပေ့ဆိုတဲ့ မျက်စိဆေးခန်းတွေရှိတဲ့ နေရာကို အမြန်ပြေးပြီး ဆရာဝန်ထိုင်တဲ့ နာမည်ကြီး မျက်လုံးစမ်းသပ် ဆေးခန်းတစ်ခုထဲ ၀င်ပြရတယ်။ စမ်းသပ်ဆရာဝန်က ဆရာဝန်မပါ။ စမ်းသပ်ခန်းထဲ ကျွန်မရယ် ကလေးရဲ့ အမေရယ်ပါ လိုက်ဝင်သွားပြီး မျက်လုံးထဲ အမှုန်ဝင်သွားတဲ့အကြောင်းပြောတယ်။ သမားတော် ဆရာဝန်မကြီးက မျက်လုံးကို တစ်ချက်လေးတောင် ဝှေ့မကြည့်ပါဘဲ မျက်လုံးကို မှန်ပြောင်းနဲ့ ချိန်ကြည့်ဖို့ နေရာယူခိုင်းပါတယ်။ ဖြစ်ချင်တော့ ကလေးက သူပြောတာကို နားမလည်ပါဘူး။ သူ့လေသံကလည်း မာကြောခက်ထန်မှုအပြည့်နဲ့။ ကျွန်မကလည်း ကလေးက Autism လေးမို့ နားမလည်ကြောင်း ၀င်ပြောပါတယ်။ အဲဒီမှာ သမားတော်ဆရာဝန်မကြီးက အေးစက်တင်းခဲနေတဲ့ မျက်နှာထားနဲ့ မာကြောခက်ထန်စွာပဲ ထဟောက်ပါတယ်။ "ကလေးက နားမလည်တောင် လူကြီးက Autism ကလေးထက်တောင် ပိုပြီး နားမလည်ပါလား" ဆို။ အဲဒီအချိန်မှာ ကျွန်မကြားနေရတဲ့ သမားတော်မကြီးရဲ လေသံရယ်နဲ့ မျက်နှာထားရယ်ဟာ ဆရာဝန်တစ်ယောက်က လူနာတစ်ယောက်ကို ဆက်ဆံနေတဲ့အနေအထားလား၊ တပည့်လက်ပါးစေတစ်ယောက် မသိနားမလည်လို့ အမှားလုပ်မိတာကို မာန်မဲနေသလားဆိုတာ ဇဝေဇ၀ါဖြစ်သွားပါတယ်။ တစ်ဆက်ထဲ ကျွန်မရင်ထဲ ဒေါသစိတ်နဲ့အတူတွေးမိပါတယ်  သမားတော်ကြီး ဘယ်လို သမားတော်ဖြစ်လာခဲ့သလဲလို့ …….။
ဒါနဲ့ပတ်သက်ပြီး နောက်ထပ်အဖြစ်အပျက်တစ်ခုလည်း ရှိပါသေးတယ်။ ကျွန်မအဖေက ခြေထောက်နာနာနေတာကြာပါပြီ။ အဲဒါနဲ့ ဘယ်လိုမှ အရှင်းမပျောက်နိုင်တာနဲ့ နာမည်ကြီး ဆေးခန်းကြီးတစ်ခုကိုပဲ ပြေးပြရပါတယ်။ အဲဒီမှာ ထုံးစံအတိုင်း လိုအပ်တဲ့ ဆေးစစ်ချက်တွေ ဆက်ပြီး လုပ်ပေးရပါတယ်။ နောက် ဆေးစစ်ချက်တွေကို နာမည်ကြီး အထွေထွေရောဂါကု သမားတော်ကြီးတစ်ယောက်နဲ့ ပြရပါရော။ သမားတော်ကြီးက " ခြေထောက်က သွေးကြောပိတ်ချင်နေပြီ၊ ခွဲစိတ်ပြီး ရှန်တိန်လုပ်ရမယ်။ ခွဲရင် ပိုက်ဆံတော့ရှိမှရမယ် .. ခွဲမယ်ဆို အမြန်အဖြေပေး .. ခွဲရမယ့်ဆေးရုံ နဲ့ဆရာဝန် စာရေးပေးလိုက်မယ်" လို့ အလားတူပဲ အေးခဲ တောင့်တင်းမာကြောတဲ့ လေသံနဲ့ပြောတယ်။ သမားတော်ကြီးရဲ့ စကားတွေကို ကျွန်မအဖေက မျက်နှာငယ်ငယ်နဲ့ နားထောင်နေတယ်။ အဖေဘာတွေးနေလဲ ကျွန်မသိတယ်။ ပိုက်ဆံဘယ်လောက်ကုန်မလဲ… မခွဲရင် ငါဘာဖြစ်တော့မလဲ..။ တခြားနည်းလမ်းကောမရှိတော့ဘူးလား..။ ဆရာဝန်ကြီးကတော့ အခုအမြန်အဖြေပေးခိုင်းနေပြီ …..။
ဒီအဖြစ်အပျက်တွေနောက်မှာ ကျွန်မ စာတစ်ပုဒ်ရေးမယ်လို့ စိတ်ထဲ  တေးထားလိုက်မိတယ်။ ဒီလိုမျိုး အဖြစ်အပျက်တွေကို ကျွန်မတစ်ယောက်တည်းကြုံနေရတာ ဟုတ်မယ်မထင်ပါဘူး။ ကျွန်မနဲ့ ဆုံဖြစ်တဲ့ တွေ့ဖြစ်တဲ့ ပြောဖြစ်ဆိုဖြစ်ကြတဲ့ အသိမိတ်ဆွေ၊ သူငယ်ချင်းများဆီမှလည်း မကြာခဏကြားနေရပါတယ်။ လူနာတစ်ယောက်ကို နေကြာစေ့ အစားမပျက်ဘဲ အေးစက်စက် စက်ရုပ်လို ဆေးကုပေးနေတဲ့ သမားတော်ကြီးတွေ၊ ပါဝါရှိရင်ရှိသလို (ပါဝါဆိုတဲ့နေရာမှာ ငွေကြေးအပါအ၀င် အခြားအရာများလည်းပါပါတယ်) သရေကြိုးသဖွယ် အပြုံးအရယ်ကို လိုသလို ကွန်ထရိုးလုပ် ဆက်ဆံတတ်ကြတဲ့ သမားတော်ကြီးတွေ၊ စက်ပစ္စည်းတွေ တပ်ဆင်တဲ့ စက်ရုံတစ်ခုလို လူနာမျက်နှာတစ်ချက်မကြည့် ဟောတစ်ယောက် ဟောက်တစ်ယောက် အေးစက်စက်ဆေးကုပေးတတ်တဲ့ သမားတော်ကြီးတွေ  တွေ့တွေ့နေရပါတယ်။
ဒီမှာ ကျွန်မစိတ်ထဲ မေးမိတဲ့ မေးခွန်းတွေ အများကြီးပေါ်လာပါတယ်
  • ဆရာဝန်ကြီးတွေအတွက် လူနာတွေဟာ ဘာလဲ …………
  • သမားတော်ဆိုတာကရော ဘာလဲ ………………..
  • ဘယ်လိုလူတွေ သမားတော်ကြီးတွေဖြစ်လာကြသလဲ ………………..
စတဲ့ မေးခွန်းတွေကို ကျွန်မအတတ်နိုင်ဆုံး စမ်းစစ်အဖြေရှာကြည့်မိတယ်။
ဆရာဝန်များအားလုံးကို မဆိုလိုသော်လည်း ကျွန်မပြောခဲ့သလို စက်ရုပ်နှလုံးသားဖြင့် လူနာအား ပြုမူဆက်ဆံနေကြတဲ့ သမားတော်တွေ၊ ဆရာဝန်တွေကို တွေ့မြင်နေကြရတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ကျွန်မကိုယ်တိုင်လည်း သမားတော်ကြီးတွေ နေရာဝင်ခံစားကြည့်ပြီး ဘာကြောင့်ဆိုတဲ့ အဖြေကို ကူထုတ်ပေးကြည့်ပါတယ်။
သမားတော်အလုပ်သည်လည်း တစ်နေ့တစ်နေ့ လူပေါင်းများစွာ၊ လူအမျိုးစုံနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ အလုပ်တစ်ခု ဖြစ်တဲ့အတွက် စိတ်မရှည်နိုင်စရာတွေ ရှိပါတယ်။ အခုလို ခက်ထန် မာကြောသွားစေအောင် တွန်းပို့နေတဲ့ အရာတွေရှိပါတယ်။ မှန်ပါတယ်။ ဒါကြောင့် လူနာနဲ့ ဆရာဝန်အကြား ဒီလို ဆက်ဆံရေးပုံစံမျိုးတွေ တွေ့လာရတယ်ဆိုပါစို့။ ဒါဆို လူပေါင်းများစွာနဲ့ ဆက်ဆံရတဲ့ အလုပ်မျိုးကို အစိုးရရုံးတွေမှာသော်လည်းကောင်း၊ အခြားသော အလုပ်တွေမှာသော်လည်းကောင်း တွေ့နိုင်ပါတယ်။ ဆိုပါစို့ .. လ၀ကရုံး (သို့) အခွန်အရုံး စသဖြင့် ရုံးတစ်ရုံးထဲကို လူတစ်ယောက်ဝင်လာပြီဆို .. ကျွန်တော် ဒီပြဿနာလေးရှိလို့ပါ။ ဒါလေးလိုချင်လို့ပါ။ ဘယ်လိုလုပ်ပေးလို့ရလဲဆို။  မာန်ချပြီး ၀င်ကြရတဲ့ ဆက်ဆံရေးမျိုးက အားလုံးသိပြီးသားပါ။ ရုံးအရာရှိတွေကလည်း အဲဒီလို လိုပတ်ရှိလို့လာကြတဲ့ လူပေါင်းများစွာနဲ့ ဆက်ဆံရကြာလာတဲ့အခါ စိတ်မရှည်လက်မရှည် ပုံစံတွေ ခေါက်ရိုးကျိုးလာပါတယ်။ သူတို့လိုပတ်ရှိလို့ပဲ ဒီလောက်တော့ သည်းခံပေါ့ဆိုတဲ့ပုံစံမျိုးနဲ့ တစ်မျိုး ၊ လာရောက်တဲ့ ပြည်သူရဲ့ ပါဝါပေါ်မူတည်ပြီး သားရည်ကွင်းဆက်ဆံရေးမျိုးတစ်ဖုံ ဆက်ဆံနေကြတာကို အားလုံး အမြင်ရိုးနေကြပါပြီ။ သမားတော်ကြီးများရဲ့ လူနာအပေါ်စိတ်မရှည်မှုမျိုးဟာ အစိုးရရုံးအရာရှိတစ်ယောက်နဲ့ ရုံးကိုလာရောက်တဲ့ ပြည်သူအပေါ် စိတ်မရှည်မှုမျိုးနဲ့ အတိုင်းအတာ အတူတူပါပဲလား…။ တကယ့်လက်တွေ့တွင် သမားတော်ကြီးတစ်ယောက်အပေါ် လူနာတစ်ယောက်က ထားရှိသော လေးစားကြည်ညိုအားကိုးမှု တန်ဖိုးဟာ ရုံးတစ်ရုံးရှိ ရုံးအရာရှိတစ်ယောက်ကို အကြောင်းကိစ္စတစ်ခုအတွက် လာရောက်အားကိုးရတဲ့ ပြည်သူတစ်ယောက်ရဲ့ လေးစားမှုတန်ဖိုးနဲ့ အဆမတန်ကွာပါတယ်။ (ရုံးအရာရှိလူကြီးမင်းများအား နှိမ့်ချပြောလိုခြင်းမဟုတ်ပါ။) အဘယ်ကြောင့်ဆိုသော် သမားတော်များသည် လူသားတို့အတွက် တန်ဖိုးအကြီးဆုံးဖြစ်သော အသက်နှင့် ကျန်းမာရေးအား ကယ်တင်စောင့်ရှောက်ရန် စွမ်းနိုင်သူများ ဖြစ်ခြင်းကြောင့်ဖြစ်သည်။  ဒီတော့ သမားတော်ကြီးများက မိမိတို့တန်ဖိုးကို လုပ်ပိုင်ခွင့်ရှိ ရုံးအရာရှိနဲ့ ပြည်သူ တို့အကြား ဆက်ဆံရေးတန်ဖိုးလောက်သာ သဘောထားလိုက်ကြပြီလား ………….
သမားတော်ကြီးများအတွက် နောက်ထပ် အဖြေတစ်ခု ကျွန်မ ထပ်ရှာကြည့်ပါတယ်။ သမားတော်ကြီးတွေဟာ အခုလို ဒီနေ့ခေတ်မှာ သမားတော်ကြီးတွေရယ်လို့ဖြစ်လာဖို့ရာ သူတို့ ဘ၀ရဲ့ အချိန်အားလုံးနီးပါးကို စာအုပ်တွေကြား၊ လေ့လာသင်ယူမှုတွေအကြား၊ နေ့မနား ညမနား၊ လူအား၊ ငွေအား၊ လုံလ၀ီရယအား စသဖြင့် အားပေါင်းများစွာမြှပ်နှံခဲ့ရတာကြောင့် အခုလို သမားဂုဏ်မာန်လေး သက်ရင့်သွားတာပါလား လို့ အဖြေရှာကြည့်ပါတယ်။ မှန်ပါတယ်။ သမားတော်ကြီးတစ်ယောက်ဖြစ်လာစေဖို့ သာမာန်လူတစ်ယောက် ရရှိခံစားခဲ့ဖူးမယ့် အရာတော်တော်များများကို စွန့်လွှတ်ခဲ့ရမယ်ဆိုတာ။ ဒါကြောင့်လည်း သမားဂုဏ်မာန်တင်းမယ်ဆို တင်းခွင့်ရှိတယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ သမားတော်မှမဟုတ်ဘူး ဘယ်လိုပညာရပ် နယ်ပယ်မျိုးမှာမဆို နှစ်မျြပ်ရင်းနှီးခဲ့ရတဲ့သူတွေအားလုံးဟာလည်း တစ်နေ့ သူလေ့လာခဲ့တဲ့ ပညာရပ်နယ်ပယ်မှာ တစ်ဖက်ကမ်းခတ်ဖြစ်ခဲ့ပြီဆိုလည်း ဂုဏ်ဝင့်ခွင့်ရှိပြီးသားပါ။ ဒါဆို ဥပမာ- တစ်ခုခုနဲ့ပတ်သက်တဲ့ နည်းပညာကျွမ်းကျင်သူတစ်ဦးက သူ့ကို လိုအပ်လို့ ချဉ်းကပ်ကြတဲ့ နယ်ပယ်ကလူတွေအပေါ် အထက်ဆီး ဆက်ဆံခြင်းမျိုးက .. ဆရာဝန်တစ်ယောက်က ငါ့ဝေဒနာတော့ ကုပေးနိုင်မှာပဲဆိုတဲ့ အားကိုးမျှော်လင့်ချက်မျိုးနဲ့ ချဉ်းကပ်လာတဲ့ လူနာတစ်ယောက်အပေါ် ခက်ထန်အေးခဲစွာ ဆက်ဆံခြင်းမျိုးနဲ့ အတိုင်းအတာ တူညီပါသလား ……….ဒီနေရာမှာ အတူတူပဲဆိုရင်တော့ ကျွန်မခံစားမိတဲ့ သမားတော်ဆိုတာ ဘာလဲဆိုတဲ့ အဖြေကို ထပ်စဉ်းစားစရာမလိုတော့ပါဘူး။
သမားတော်လုပ်စားတာဟာ စီးပွားရေးလုပ်တာပဲလား မေးရင် အသက်မွေးဝမ်းကျောင်းလုပ်ခြင်းတစ်မျိုးပဲလို့ ကျွန်မ ယူဆပါတယ်။ အသက်မွေးဝမ်းကျောင်းခြင်းဆိုတာကို ယနေ့လိုခေတ်ကြီးမှာ စီးပွားရှာကြတဲ့ အသွင်သဏ္ဍန်အဖြစ်မြင်နိုင်မှာပါ။ စီးပွားရှာခြင်းက အဓိက personal interest လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကျိုးစီးပွားအပေါ် အခြေတည်ပြီး မက်လုံးစနစ် incentive system နဲ့ အလုပ်လုပ်ပါတယ်။ ယနေ့ခေတ် ဈေးကွက်စီးပွားရေးစနစ်ခေတ်ကြီးမှာ များများလုပ်သူက များများ ခံစားခွင့်ရှိတယ်ဆိုတဲ့ fairness အပေါ် အခြေတည်ထားပါတယ်။ ဥပမာ- ကုန်ထုတ်လုပ်သူတစ်ယောက်က များများထုတ်ရင် များများမြတ်မယ်.. အရောင်းသမားတစ်ယောက်က များများရောင်းပေးနိုင်ရင် များများ ကော်မရှင်ရမယ် ..ကုမ္ပဏီလခစားတစ်ယောက်က များများလုပ်ပြနိုင်ရင် လခများများတက်မယ်..ဒီတော့ စီးပွားရှာသမားတစ်ယောက်ရဲ့ အန္တိမပန်းတိုင်ဟာ အမြဲ maximize profit အမြတ်အစွန်း အများဆုံးရရှိရေးပါပဲ .. ဒီနေရာမှာ ပြောချင်တာက ဈေးကွက်သဘောတရားအရ သမားတော်တစ်ယောက်ဟာလည်း လူနာများများကုနိုင်ရင် ဆေးရုံးများများညွှန်းနိုင်ရင် ဆေးများများ ၀ယ်ခိုင်းနိုင်ရင် ဟိုဒီများများ ညွှန်းနိုင်ရင် maximize profit ရရှိမှာပဲဖြစ်တယ်။ ဒီနေရာမှာ သမားတော်အလုပ်ကိုရော တခြားသော စီးပွားရှာအလုပ်တစ်ခုလို အမြတ်အစွန်းအများဆုံးရရှိရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးချယ်ခဲ့တယ်ဆို ရွေးချယ်ခွင့်မရှိဘူးလားမေးရင် .. ရှိပါတယ်။ ဘယ်နေရာမှာမဆို ကိုယ်ပိုင်အကျိုးစီးပွားဆိုတာကတော့ အချိုးအစားတစ်ခုအနေနဲ့ ပါဝင်မှာပါပဲ။ ကုသိုလ်တွေဘာတွေ အသာထားဦး လူ့အသက်ကယ်တင်တဲ့အလုပ်မို့ ကြီးမြတ်ပြီး တာဝန်ကြီးလှတဲ့၊ စွန့်လွှတ်မှုတွေပေးရတဲ့၊ နှလုံးသားလှတဲ့ သမားတော်အဖြစ် အသက်မွေးဝမ်းကျောင်းဖို့ ရွေးချယ်မလား .. ဈေးကွက်စီးပွားရေးစနစ်ရဲ့ သမားတော်တစ်ဦးအဖြစ် အသက်မွေးမလားဆိုတာကတော့ သမားတော်ကြီးတွေရဲ့ နှလုံးသားတွေအပေါ်မှာပဲ မူတည်မှာပါ။ ဆရာဝန်အဖြစ်ရွေးချယ်ခြင်းကို ပြန်စမ်းစစ်ကြည့်မယ်ဆို ဆရာဝန်၊ သမားတော်ဖြစ်လာကြသူတွေဟာ ကျွန်မတို့နိုင်ငံ ပညာရေးစနစ်အရ အထက်တန်းမှာ ထူးချွန်စွာ အောင်မြင်ခဲ့သူတွေပါ။ ထူးချွန်စွာ အောင်မြင်ခြင်းမှာ ဘာ background မှ မရှိဘဲ ကိုယ်တိုင်ကြိုးစားလွန်းလို့ ဖြစ်လာသူတွေရှိပေမယ့် အရည်အတွက်နည်းပါတယ်။ ယျေဘုယျအားဖြင့် မိဘအထောက်အပံ့ ထိန်းကျောင်းမှု နှင့် ကျောင်းသားရဲ့ ကြိုးစားမှု စတာတွေအပေါ်မူတည်ပြီး ထူးချွန်စွာအောင်မြင်လာကြတယ်။ ဒါပေမယ့် ဆရာဝန်အဖြစ်ရွေးချယ်ခြင်းမှာ ဆရာဝန်အလုပ်က ဂုဏ်ရှိတယ် အကြီးမြတ်ဆုံးအလုပ်၊ ဒေါက်တာကြီးဖြစ်မှာ စတာတွေကြောင့် မိရိုးဖလာ အစဉ်အလာတစ်ရပ်လို ရွေးချယ်ဖြစ်သွားကြတာလည်းရှိသလို တကယ်ပင် ၀ါသနာပါလို့ ရွေးချယ်တက်ရောက်ခဲ့ကြတာတွေလည်း ရှိပါတယ်။ မိဘအတိုင်းဖြစ်စေချင်လို့ ရွေးချယ်တက်ရောက်ခဲ့ကြတာတွေလည်း ရှိပါတယ်။ တစ်ခုရှိသည်မှာ ထိုရွေးချယ်မှုကို လုပ်ခဲ့တဲ့အချိန်မှာ အသက် ၁၅ နှစ်၊ ၁၆နှစ် အရွယ်အသိဥာဏ်ပဲ ရှိဦးမှာပါ။ တချို့ ကျောင်းတတ်ရင်းနဲ့မှဖြစ်ဖြစ်၊ ဆရာဝန်ဖြစ်ပြီးမှဖြစ်ဖြစ် ဆရာဝန်အလုပ်ကို ၀ါသနာမပါလို့သော်လည်းကောင်း၊ တခြားအကြောင်းရင်းများ ကြောင့်သော်လည်းကောင်း ဆက်မလုပ်ဖြစ်တော့တဲ့ သာဓကမျိုးတွေလည်း တွေ့ရမှာပါ။  သမားတော်ဖြစ်လာကြသူတွေဟာလည်း ဈေးကွက်စီးပွားရေးစနစ်ရဲ့ သမားတော်တွေအဖြစ်ဘဲ ပိုပြီးရွေးချယ်ရှင်သန်နေထိုင်လာခဲ့ကြမယ်ဆို ကျွန်မတို့လို ဖွံ့ဖြိုးမှုနှေးနိုင်ငံတစ်ခုမှာ အခြေခံကျန်းမာရေး စောင့်ရှောက်မှုလေးတောင် ရဖို့အလှမ်းဝေးလာမယ့် ကလေးလူငယ်၊ သက်ကြီးရွယ်အိုတွေနဲ့ ပြည်သူတွေရဲ့ မျက်နှာငယ်နွမ်းနွမ်းတွေ၊ ကရုဏာမိုးခေါင်ရာအရပ်မှာ လူမသိသူမသိ တဖြုတ်ဖြုတ် ကြွေကုန်ရစ်တော့မှာပါ။

 "ဘယ်လိုပုံစံရွေးချယ်ရှင်သန်မယ်ဆိုတာက ကိုယ့်ရဲ့ အခွင့်အရေးတစ်ခုပါ .. ဘယ်လိုပုံစံ ရှင်သန်နေထိုင်ခဲ့တယ် ဆိုတာကတော့ ကိုယ့်ရဲ့ သမိုင်းကြောင်းတစ်ခုပဲ" လို့ မြင်မိပါတယ်။

ဇူလိုင် ၁၁ ၂၀၁၂

ကျွန်မတို့ မြန်မာအမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို ဤမျှလောက် တန်ဖိုးကြီးကြီး ပေးဝယ်နေရပြီလား

လောလောဆယ် စိတ်ထဲမှာ အတွေးတွေးမိနေတဲ့ အကြောင်းအရာလေး တစ်ခုရှိတယ်။ ဖြစ်ပျက်ကြုံတွေ့နေတာတွေကနေ တဆင့် မတွေးတော့ပဲ နေချင်ပေမယ့် ခေါင်းထဲ အဖြေရှာနေမိတဲ့ အကြောင်းအရာလေးပါ။ တစ်ခုကတော့ ... ခုကာလတွေမှာ ကြုံတွေ့နေ ကြားနေ နားထောင်ခဲ့ရတဲ့ အဖြစ်လေးကနေ တွေးဖြစ်တာပါ။
တလောက အသိသူငယ်ချင်းကလေးမလေးတစ်ယောက်က ရင်ဖွင့်တယ် …. သူ့ချစ်သူက သူနဲ့ချစ်တာ ၁၂ ရှိပြီ။ သူမသိဘဲ နောက်ထပ် ချစ်သူလေးတစ်ယောက် ထားထားတာလည်း ၆ နှစ်ရှိပြီတဲ့။ ကလေးမလေးက ချစ်စရာ ကောင်မလေး သေးသေးကွေးကွေး .. ပညာလည်း အတိုင်းတာတစ်ခုထိတတ်တယ်။ ဟိုဘက်က တစ်ယောက်က သေချာမသိဘူး။ လှတယ်.. သွက်လက်ချက်ချာတယ်လို့ ပြောတာကြားရတယ်။ တိုတိုပြောရရင် အဲဒီလို ၃ယောက် တစ်ဇာတ်ဖြစ်နေတာတွေကို သိသွားတယ်ပေါ့။ ဒီတော့ အမျိုးသားက ကလေးမလေးကို ပြောတယ်။

 "မင်းက ငါ့ဘ၀ကို ဘယ်လောက် အထောက်အပံ့ပြုနိုင်မှာလဲ .. ငါ့ဘ၀ကို (ရုပ်ဝတ္ထု၊ အခွင့်အလန်း အားဖြင့်) ပိုပြီး အထောက်အပံ့ပေးနိုင်တဲ့လူကို ငါရွေးချင်တယ်.. ငါပင်ပန်းနေပြီ …."

ဒီစကားမျိုးကို ကျွန်မ ဘယ်လိုမှ ထူးဆန်းပြီး မခံစားရပါဘူး။ ဒါပေမယ့် ယနေ့ခေတ် ခုနောက်ပိုင်း ကျွန်မဖြတ်သန်းနေတဲ့ နေ့ရက်တွေထဲမှာ ဒီလို ဖြစ်ရပ်မျိုးတွေကို ကြားမြင်ရမှု ပိုစိတ်လာတာတော့ အမှန်ပါ။ ကျွန်မ စဉ်းစားမိတာက Gender ရှုထောင့်လေးပါ။ ဒီမှာ ကျွန်မမြင်တာကို မိန်းမထုဘက်ကလည်းမဟုတ်၊ ယောင်္ကျားထုဘက်ကလည်း မဟုတ်တဲ့ တွေးခေါ်မှုလေးနဲ့ Gender ကို သုံးသပ်ကြည့်မိတာပါ။

အထူးသဖြင့် ကျွန်မတို့နိုင်ငံမှာ အမျိုးသမီးတစ်ယောက် "ရှင်ကျွန်မဘ၀ကို ဘယ်လိုထားနိုင်မှာမို့လဲ" ဆိုတဲ့ စကားမျိုးပြောလာခဲ့ရင် ဘယ်သူမှ ထွေထူးပြီး ခံစားမိမယ်မထင်ပါဘူ။ ဘာလို့လဲဆိုတော့ အမျိုးသမီးဆိုတာ အားနွဲ့တယ်၊ မှီခိုသူ၊ အိမ်ထောင်ဦးစီးကို ကိုးကွယ်သူ၊ စသဖြင့် ဘာသာရေးရာ၊ ယဉ်ကျေးမှုရေးရာ၊ လူမှုရေးရာအဖြစ် ခေါင်းထဲဝင်ပြီးသားဖြစ်နေတဲ့ norm တွေရှိနေပြီးသားလို့ ကျွန်မယူဆပါတယ်။ နောက်ပိုင်း အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက် အတူတကွ ပေါင်းသင်းနေထိုင်ကြာတဲ့အခါမှာလည်း ကျားနဲ့မ သူဟာသူ ဟန်ချက်ညီညီ ခွဲဝေယူရတဲ့ တာဝန်နဲ့ ၀တ္တရားတွေရှိပါတယ်။ ဒါတွေထဲမှာ ရှေးယခင်ကဆို ယောင်္ကျား အဓိက ၀င်ငွေရှာသူဖြစ်မယ်၊ မိန်းမက အိမ်ထောင်မှုကို အဓိက ထိန်းထိမ်းစီမံရသူဖြစ်မယ်။ သားသမီးတွေကို အနီးကပ် ပိုပြီးစောင့်ရှောက်ဖို့ ၀တ္တရားရှိတဲ့သူ rationally အများအားဖြင့် ရှိနေတတ်ကြပါတယ်။ ယခုခေတ်တွေမှာ  ခေတ်ရဲ့ demand လုပ်မှုအရ ကျားရောမရော အဓိက ၀င်ငွေရှာရသူတွေ ဖြစ်လာခဲ့ကြတာ တွေ့လာရပါမယ်။ သို့ပေမယ့်လည်း ယူရတဲ့ တာဝန်ဝတ္တရားပိုင်းမှာတော့ များစွာပြောင်းလဲခြင်းမရှိဘဲ norm တွေအရသာ ဖြစ်နေပါသေးတယ်။ ယခုကျွန်မခံစားရေးနေတာကို မြန်မာပြည်အနေနဲ့သာ ခံစားကြည့်စေချင်ပါတယ်။ ဆက်ရရင် .. ကျားရောမပါ အဓိက ၀င်ငွေရှာသူတွေ ဖြစ်လာသော်ငြားလည်း ဘယ်ယောက်ကျားမှ သားသမီးကို ကရိကထခံ ရင်အုပ်မကွာ စောင့်ရှောက်တဲ့ တာဝန်မျိုး ပြောင်းလဲယူတာခြင်းမျိုး၊ ဆေးကြော လျှော်ဖွတ် စီမံစတာတွေ သာတူညီမျှ တာဝန်ခွဲဝေ ယူလာခြင်းမျိုး ထင်ရှားသည့် ပြောင်းလဲခြင်းမျိုး မတွေ့မိသေးပါ (ရှိတော့ရှိမှာပါ အများအားဖြင့်ဆိုလိုခြင်းပါ)။ ဒီကိစ္စကို ဆက်လက်သုံးသပ်မည်ဆိုပါလျှင် အောက်မှာဖော်ပြထားတဲ့ အမျိုးသမီးနဲ့ အမျိုးသားများ ဘာကြောင့် အိမ်ထောင်ပြုလိုကြသလဲ ဆိုတဲ့ အချက်နှစ်ချက်ကို ထည့်စဉ်းစားသင့်ပါတယ်။
ဘာကြောင့်အမျိုးသားများ အိမ်ထောင်ပြုလိုကြသနည်း
ဖြစ်နိုင်ချေရှိသည်မှာ (ကျွန်မသည် အမျိုးသားမဟုတ်ခြင်းကြောင့် ကျွန်မယူဆချက် ရာနှုန်းပြည့်မှန်ချင်မှ မှန်မှာပါ။ ယေဘုယျသဘောကို စဉ်းစားကြည့်တာပါ)
  • စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များဖြည့်ဆည်းမှု (ထိုအထဲတွင် သွေးသားလိုအပ်ချက်နှင့်ပြုစုမှု စောင့်ရှောက်မှု၊ ယုယမှု စတာတွေပါမှာပါ)
  • မိသားစုဘ၀နှင့် မိမိနောင်ရေး
ဘာကြောင့်အမျိုးသမီးများ အိမ်ထောင်ပြုလိုကြသနည်း
  • အားကိုးလိုမှု
  • စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်များဖြည့်ဆည်းမှု (ဒီနေရာမှာ အထက်မှာ ဖော်ပြထားတာတွေအပြင် ရာခိုင်နှုန်းအများဆုံး ပါဝင်တဲ့လိုအပ်ချက်ကတော့ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုပါ။ ဒီကိစ္စကို ဒီထက်ပိုရေးရင် အမျိုးသမီးထုကို သစ္စာဖောက်ရာများကျမလား ..) ဒီစိတ်ပိုင်းဆိုင်ရာ လုံခြုံမှုက ယောက်ကျားတွေရော မလိုဘူးလားဆိုလိုပါတယ် .. ဒါပေမယ့် ဒီဂရီက မိန်းမတွေမှာ ပိုတယ်လို့ ကျွန်မယူဆပါတယ်
  • မိသားစုဘ၀နှင့် မိမိနောင်ရေး
ဒါတွေအပြင် တခြားအချက်များစွာလည်း ရှိဦးမှာပါ။ ကျွန်မဒီမှာ အဓိက အချက်တွေ လောက်ပဲ ရေးထားပါတယ်။ ကျွန်မ အချစ်ကိုဘာလို့ ထည့်မရေးလည်းဆိုရင် အချစ်ဆိုတာ  မိမိရဲ့ စိတ်ခံစားချက်၊ ကြိုက်နှစ်သက်မှု၊ ခံယူမှု၊ exposure၊ အခွင့်အရေးပေးမှု စတဲ့ များစွားသော အခြေအနေအမျိုးမျိုးက curve လုပ်လိုက်တဲ့ အရာတစ်ခုလို့ ကျွန်မယူဆတဲ့အတွက် အထက်မှပြောထားတဲ့ အချက်တွေထဲမှာ သူ့အလိုလို ပါသွားမယ်လို့ထင်ပါတယ်။
ဒီတော့ … ကျွန်မ အထက်မှာ ဖော်ပြထားတဲ့ အမျိုးသားနဲ့ အမျိုးသမီး ဘာကြောင့် အတူတကွနေထိုင် အိမ်ထောင်ပြကြသလဲဆိုတဲ့အချက်တွေဟာ ကျွန်မပြောခဲ့တဲ့ ကျွန်မတို့နိုင်ငံရဲ့ ကျား၊ မ social norm တွေအပေါ်မှာ တည်ပြီး အဖြေထုတ်ထားတာပါ။
အခု အဲဒီ Norm တွေ ပြောင်းလာတာကို ကျွန်မ ပထမဆုံး ပြောခဲ့တဲ့ ဥပမာမှာ အလားတူ သာဓကတွေမှာ မြင်လာရပါပြီ။ အမျိုးသားတစ်ယောက် ဘာကြောင့် အိမ်ထောင်ပြုလိုသလဲဆိုတဲ့ အချက်ထဲမှာ အားကိုးလိုမှုနဲ့ အခွင့်အလန်း opportunity ဆိုတာ ပါလာပါပြီ။ သို့သော် တာဝန်ယူမှုနဲ့ ၀တ္တရားတွေမှာတော့ အမျိုးသားအလုပ်၊ အမျိုးသမီးအလုပ်ဆိုတာတွေရှိနေတုန်းပါပဲ။ အလုပ်သွားရတာချင်း၊ ၀င်ငွေရှာရတာချင်းအတူတူ ချက်ပြုတ်ပြင်ဆင်၊ လျှောက်ဖွတ်၊ သားသမီးရင်အုပ်မကွာ ထိန်းကျောင်း စတဲ့တာဝန်တွေက အမျိုးသမီးပေါ် အဆများများ ရှိနေဆဲပါပဲ။
ဒီတော့ ကျွန်မ Gender ရှုထောင့်ကနေ စဉ်းစားတာလည်းမဟုတ်၊ humanitarian ရှုထောင့်ကနေ စဉ်းစားတာလည်း မဟုတ်ဘူး။ တွေးမိတာလေးတစ်ခု မျှဝေချင်ပါတယ်။ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ်၊ လူသားတစ်ယောက်အနေနဲ့ မိမိရဲ့ အခွင့်အလန်းနဲ့ အားကိုးလိုမှု၊ တက်လမ်း၊ အနာဂတ် စတာတွေကို ထွင့်သွင်းစဉ်းစားတာဟာ ထည့်သွင်းတွက်ချက်တာဟာ .. စဉ်းစားခွင့်၊ တွက်ချက်ခွင့် ရှိတယ်လို့ ကျွန်မယူဆပါတယ်။ မည်သည့်လူသားမဆို rationally မိမိဘို့ရာ မိမိအတ္တအတွက်ရာ စဉ်းစားပိုင့်ခွင့် right ရှိတယ်လို့ ကျွန်မယူဆပါတယ်။ ဒီအထိ မျှတပါတယ်။ သို့သော် လူသားဆန်တဲ့ပဲ ပြောမလား၊ နှလုံးရည် ပြည့်ဝတဲ့ပဲပြောမလား လူသားတစ်ယောက်အနေနဲ့ တာဝန်ယူမှု၊ ကိုယ်ချင်းစာတရား၊ နားလည်မှု၊ အပြန်အလှန်မှီခိုအားထားမှု၊ အပေးအယူ၊ မြန်မာစကားပုံလေးနဲ့ပြောရင် "မောင်တစ်ထမ်း.. မယ်တစ်ရွက်ပေါ့လေ" .. စတာလေးတွေ ရှိကိုရှိရမှာဖြစ်တယ်… မရှိခဲ့ဘဲ social norm တွေအရ division of duties and responsibilities မှာ အမျိုးသမီးတွေအပေါ် အဆများများ ကဲနေဦးမယ်ဆို တရားမျှတမှု fair မဖြစ်တော့ဘူးလို့ ကျွန်မယူဆပါတယ်။ ဒီနေရာမှာ အမျိုးသားအပေါ် division of duties and responsibilities တွေ ကဲနေခဲ့မယ်ဆိုရင်လည်း တရားမျှတမှု ရှိမှာမဟုတ်ပါဘူး။
ကျွန်မတို့အဖေအမေတွေ၊ ဘိုးဘွားတွေ ခေတ်တွေတုန်းကထက် ဒီနေ့ခေတ်မှာ အခုလို ကိစ္စရပ်တွေ ပိုမိုများများ တွေ့လာရပါတယ်။ ကျွန်မတို့အဖေအမေတွေ ဘိုးဘွားတွေခေတ်မှာ အိမ်ထောင်ပြုမယ်ဆို၊ မိန်းမတစ်ယောက်ယူမယ်ဆို ကိုယ်က ဘယ်လိုလုပ်ကိုင်ကျွေးမှာလည်း သားမှတ်မှတ် မယားမှတ်မှတ် စသဖြင့် တွေးတော စဉ်းစားတတ်ကြပါတယ်။ ဒီခေတ်မှာလည်း ဒါမျိုးမရှိဘူးလားဆိုတော့ ရှိပါတယ်။ ကျွန်မ သူငယ်ချင်းလေးတွေထဲမှာတောင် တွေ့ဖူးပါတယ်။ သို့ပေးမည့် အရင်ခေတ်ထက် အတွေ့နည်းလာပါတယ်။
ဒီစာလေးမှာ ကျွန်မအဓိက ပြောချင်တာကတော့ ကျွန်မတို့နိုင်ငံမှာ Gender ခွဲခြားတာ ရှိလားလို့ ကျားမ ရေးရာ ပညာရှင်တွေက မကြာခဏ မေးခွန်းထုတ်ထုတ်တတ်ကြပါတယ်။ တခြားသော အစွန်းရောက်နိုင်ငံတွေလို ကျားမ ခွဲခြားခြင်းမျိုး အထင်အရှား မမြင်ရပါဘူး။ ရှိပါတယ်။ ဘယ်လိုပါလို့ အလွန်ပြောရခက်ပါတယ်။ သို့ပေမယ့် ကျွန်မအခုပေးခဲ့တဲ့ သာဓကလေးမှာ ကျားမ အိမ်ထောင်ပြုခြင်း စံတိုင်းတာချက်တွေ ရွေးလျားပြောင်းလဲလာပေမယ့် လူမှုရေးအရ အမြစ်တွယ်ပြီးဖြစ်တဲ့ ကျားမ social norm တွေ proportionally အဆတူ ပြောင်းလဲမလာဘူးဆိုရင် မျှတမှုမရှိဘဲ ကျားမခွဲခြားမှုက အခိုင်အမာ ရှိနေမှာပါ။ ဒီ တရားမမျှတမှုရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ သက်ရောက်မှု impact တွေကို ရေတိုမှာ ထင်သာမြင်သာမမြင်ရပေမယ့် ရေရှည်မှာ အထင်အရှားတွေ့မြင်ရမှာပါ။

ဒီမှာ ကျွန်မ မြန်မာ အမျိုးသမီးတစ်ယောက်အနေနဲ့ရော စမ်းစစ်လေ့လာသူတစ်ယောက်အနေနဲ့ပါ ကိုယ့်ကိုကိုယ် မေးခွန်းထုတ်မိတဲ့ မေးခွန်းလေးတွေရှိပါတယ် ….
(၁) အမျိုးသားတွေရဲ့ အိမ်ထောင်ပြုမှု စံလိုအပ်ချက် ပြောင်းလဲလာခြင်းက ခေတ်ရဲ့ တောင်းဆိုမှုလား.. ကျွန်မတို့ အမျိုးသားတွေရဲ့ မှီခိုလိုမှု dependency တိုးမြင့်လာခြင်းလား (သို့) အမျိုးသားများရဲ့ နှလုံးရည်၊ စိတ်ဓာတ်ရေးရာပိုင်းဆိုင်ရာ vulnerability ဖြစ်လာခြင်းလား (သို့) ဈေးကွက်သဘောအရပဲဆိုမလား unbalanced population growth အရလို့ပဲပြောမလား ရွေးချယ်ရန် အမျိုးသမီးထုအရေအတွက် များပြားလာခြင်းကြောင့်လား........
(၂) ဥပမာ- အဓိက ၀င်ငွေရှာရမှု (သို့) အခွင်းအလန်းကို ဖြည့်စွမ်းပေးရမှု တာဝန်ဟာ အမျိုးသမီးရော အမျိုးသားမှာပါ သာတူညီမျှ ထမ်းနေရတဲ့အချိန် .. smart လည်းဖြစ်ရမယ် sharp ဖြစ်အောင်ကြိုးစားရမယ် social norm တွေအရ တခြားသော တာဝန်ဝတ္တရားတွေကိုလည်း မယားဝတ္တရားငါးပါးနဲ့အညီ အမျိုးသမီးတစ်ယောက်က ပိုထမ်းနေရဦးမယ်ဆို .. ကျွန်မတို့ မြန်မာ အမျိုးသမီးတစ်ယောက်ဟာ မိမိ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုတစ်ခုကို ဤမျှလောက် တန်ဖိုးကြီးကြီး ပေးဝယ်နေရပြီလား …………..

တနင်္လာနေ့

(ကျေးဇူးတင်ပါတယ် ..
ဒီ post ကို မည်သူတစ်ဦးတစ်ယောက်ကမျှ ထိခိုင်စေလိုသော၊ ပြစ်တင်ပြောဆိုလိုသော ဆန္ဒဖြင့် ရေးသားခြင်းမဟုတ်ပါ။ ကျွန်မခံစားစမ်းစစ်မှုတစ်ခုအား ရိုးရိုးသားသား မျှဝေလိုခြင်းသာဖြစ်ပါသည်။ ဒီအကြောင်းအရာမှာ ယောင်္ကျားတွေကိုချည်းပြောချင်လို့ရေးတာမဟုတ်ပါဘူး .. ဘယ်လောက်တန်ဖိုးပေးပြီး ပေးဝယ်မယ်မ၀ယ်ဘူးက အဲဒီ မိန်းကလေးရဲ့ ရွေးချယ်မှုအပေါ်ပဲ မူတည်တာပါ .. ကိုယ်ဘာအတွက်အသက်ရှင်မလဲနဲ့ ဘယ်လိုနေထိုင်သွားမလဲကို စဉ်းစားစေချင်တာပါ .. ကျွန်မက ကျားရယ် မရယ် သိပ်ခွဲမမြင်ပါဘူး လူသားတွေအဖြစ်ပဲကြိုးစားမြင်ပါတယ် .. )
ဇူလိုင် ၉ ၂၀၁၂

ဗလာ

 ၃၂ ကျော်ကာလတွေရဲ့ ဦးဦးဖျားဖျားနေ့တွေဟာ

နာမကျန်းမှုတွေနဲ့ လောကဒဏ်ကို သင်ယူရမှုတွေတွေ

ခပ်စိတ်စိတ်ရောက်လာနေပါတယ် .....


ရာဟုထဲ ဆယ်နှစ်လို့ ပြောတဲ့ လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကာလတွေကစ

နည်းမျိုးစုံနဲ့ရင့်ကျက်မှုတွေ

ဆောင်ကျဉ်းလာပေးနေရဲ့

ဒီရာဟုနှစ်တွေ သီလနဲ့ ကိုယ်ကျင့်တရားကိုတော့

ဘယ်လိုမှ ဖဲ့ရွဲ့ မတိုက်စားနိုင်ပါဘူးလို့

ခပ်တေးတေး တွေးထားမိတယ်.........


တရားဓမ္မဆိုတာ

ကျင့်ကြံနေထိုင်ခြင်းလို့ပဲ သေတဲ့အထိယုံကြည်ပါတယ်

ညစဉ်အမြဲဘုရားရှိခိုးမအိပ်ဖြစ်ပေမယ့်

ထွက်ပေါက်မရှိလွန်းရင် ဘုရားနဲ့  သီလနဲ့ ကိုယ်ကျင့်တရားတွေ စားပေါ်တင်

လောင်းကြေးထပ်ဖူးတယ် .........

ခုတော့ ခွင့်လွှတ်ခြင်းတရားလည်း ပိုမို တက်မြောက်လာချိန်မှာ

ဥပက္ခာတရားလည်း အရင်ထက် ကောင်းမွန်စွာ ပိုမိုကိုင်တွယ်လာနိုင်ခဲ့တယ်

ဥပါဒ်ရောက်ရပေါင်းများလာတဲ့အခါ ဥပါဒါန်ကို နှလုံးသားနဲ့ နာယူမိသွားတယ်

ဒီလိုနဲ့ ဥပါဒါန်တွေလည်း မသယ်ဆောင်မိအောင် နှလုံးသွင်းတက်လာတယ......



လောကကြီးဟာ  နာမကျန်းတဲ့အခါ ဘယ်လိုမှ မလှပနိုင်ပေမယ့်

နာမကျန်းခြင်းဟာ အလှတရားအစစ်ကို မြင်တတ်အောင် သင်ကြားပေးလေတယ်။            ။

ဇွန် ၂၁ ၂၀၁၃

ပြဌာန်းထားပြီးဖြစ်တဲ့ ချန်ခဲ့ရမယ့်အရာများ

နွေလေရူးတွေထဲ
မိုးနံ့တွေပါလာတော့  “မေ” က
လှုပ်နှိုးလိုက်တယ် …….
တမာနံ့သင်းတဲ့ ညနေခင်းလေတွေ ရှူရှိက်ရင်း
လမ်းဘေးဘီယာဆိုင်ထဲ ရောက်တတ်ရာရာစကားတွေပြောလေ့ရှိတဲ့
ကာလတွေ ချန်ခဲ့ချိန်ရောက်လာမယ်
၄၂ ဒီဂရီ ပူပြင်းတဲ့ နေရောင်တွေအောက်
တစ်ရွာဝင်တစ်ရွာထွက်
ရိုးသားတဲ့မျက်နှာတွေနဲ့ စကားတွေ မကုန်မခမ်းပြောခဲ့ရတဲ့
နှစ်ကာလတွေလည်း ချန်ခဲ့ရမယ်
အမောတကော ပြေးဝင်ဝင်သင်ရတဲ့ စာသင်ခန်းနဲ့
ချစ်စရာကောင်းတဲ့ တပည့်တွေလည်း ချန်ခဲ့ရမယ်
အမြဲ သဘောကျလွန်းတဲ့
ကျောင်းဆင်းပွဲက တပည့်တွေရဲ့ ဖျော်ဖြေမှုတွေ ချန်ခဲ့မယ်
ပြန်မလော့မြစ်ကမ်းနားက
သဘောကောင်းတဲ့ ရွာငယ်လေးကို ချန်ခဲ့မယ်
ပေ ၆၀၀၀ ရှမ်းတောင်တန်းကြီးတွေထဲ
ဆိုင်ကယ်တစ်စီးနဲ့ ခရီးဆန့်ခဲ့တဲ့
မိုးအကုန်ဆောင်းအကူး နေ့ရက်တွေ
ချန်ခဲ့မယ်
ချစ်စရာကောင်းတဲ့ ဂစ်တာတီးဖက် ချီတက်ဖက် ရဲဘော်ရဲဘက်တပည့်တွေ
နောက် မြုပ်တစ်ချည် ပေါ်တလှည့် ဧရာဝတီသောင်ခုံတွေနဲ့ သောင်စပ်က ပန်းခင်းတွေ
မြစ်ပြင်ကို ဖြတ်တိုက်လာတဲ့ လတ်ဆပ်တဲ့လေအေး
ဆီဆေးပန်းချီကားတစ်ချပ်နဲ့တူတဲ့ ထယ်ရေးပြင်ထားတဲ့ နှမ်းကွင်းတွေ
လက်တွဲပြီးကူးရတဲ့ ဧရာဝတီဖြစ်ထဲ စီးဝင်သွားခဲ့ပြီးဖြစ်တဲ့ တောင်ကျချောင်းငယ်ရေတွေ
အိပ်မောကျခဲ့ဖူးတဲ့ သဘောကောင်းတဲ့ သူကြီးရဲ့ အိမ်ရယ်
အသဲစွဲအောင် ပူလွန်းလှတဲ့နေနဲ့ ကမ်းထောင့်ကြီး ပေါ်ကျွန်းတွေတစ်လျှောက်က
(ဘယ်တော့မှ မမေ့နိုင်တဲ့) ဖုန်လူးသဲလူး နေ့ရက်တွေ
အမ်းတောင်ကြားတစ်လျှောက် လျှိုမကြောက် မြောင်မကြောက်
ခရီးနှင်ခဲ့ဖူးတဲ့ ကြမ်းတမ်းတဲ့နေ့ရက်တွေ
မဲတောင်ထိပ်က ရှုရှိုက်ခဲ့ဖူးတဲ့ ရခိုင်ရိုးမရဲ့လေပြေ
တစ်နေ့တစ်ခါ အသုဘကသိုဏ်းရှုခဲ့ဖူးတဲ့
ဘင်္ဂလားပင်လယ်အော်တစ်ဝိုက်က နေ့ရက်တွေ
ပထမဆုံးလာတဲ့မိုးမှာ ရွာလမ်းတစ်လျှောက်
ခုန်ပေါက်ပြေးဆော့ခဲ့ဖူးတဲ့ အဲဒီ ရခိုင်ကမ်းရိုးတမ်းက ညတွေ
ချန်ခဲ့ရမယ်……….
ဒါတွေအပြင်
ပြိုပျက်ပျောက်ဆုံးသွားခဲ့ပြီးဖြစ်တဲ့ လေထဲကအိမ်ကလေးလည်း
ချန်ခဲ့ရမယ်
သံယောဇဉ်နဲ့ အသိုက်အမြုံဆိုတာ
မင်းနဲ့ မထိုက်တန်တဲ့ ရတနာတစ်ပါး
မပိုင်ဆိုင်စေဖို့ရာ အကြောင်းတရားများစွာက
မင်းကို ဝေးရပ်ဆီ ပို့ဆောင်လိုက်ကြပေဦးမယ်…….
မင်းကို အရာအားလုံး ချန်ခဲ့စေဖို့ရာ
အဲဒီ “မေ” က သတိပေးတယ်
အရာအားလုံးမင်းချန်ခဲ့ပြီးတဲ့ နှစ်ကာလတွေရဲ့နောက်မှာ
မင်းဟာ အရာအားလုံးကို တစ်က ပြန်စရလိမ့်ဦးမယ်……
သေချာတယ် မင်းအတွက်တော့
ဘ၀ဟာရွေးချယ်ခွင့်မဲ့စွာ
ပြဌာန်းပြီးသား လမ်းတွေပဲ မင်းရှေ့မှောက် မသွေမဖယ်ရောက်ရောက်လာမယ်။

ဇွန် ၂ ၂၀၁၃

Saturday, May 4, 2013

"ဧပရယ်က ငါ့အတွက် မဖြစ်မနေဖြတ်ကျော်ရမယ့် သတ်ကွင်းတစ်ခု"



ဧပရယ်က ငါ မသိချင်ဟန်ဆောင်နေလည်း
ငါ့နှလုံးသားနံရံတွေကို လောင်ကျွမ်းမှုနဲ့ ဖဲ့ရွဲ့လှုပ်နှိုးနေတယ်
ငါမကြားချင်တာတွေ ကြားရနိုင်တာမို့
ငါမကြားရမမြင်ရတဲ့ အရပ်တစ်ခုကို ထွက်ပြေးခဲ့တယ်……………
ဘာသဲလွန်စမှ မကျန်ချင်လို့
ငါဘာမှ ချမရေးဖြစ်ဘူး
ဒီနေ့တော့ ငါချမရေးရင်
ငါ့နှလုံးသား ဆုတ်ပြတ်သွားနိုင်တာမို့
ငါ ချရေးခဲ့လိုက်တယ်………………
ငါ ဘယ်လိုဒဿနမျိုးနဲ့ ငါ့ကိုယ်ငါ ရှင်သန်အောင်လုပ်ရပါ့မလဲ
အပြင်းအထန်စဉ်းစားနေခဲ့မိတယ်
အဲဒီ ဧပရယ်ကို ငါမထီတရီကြည့်ချင်ပါသေးတယ်
ခုမဟုတ်လည်း ဘယ်တော့လောက် ငါလုပ်နိုင်မလဲ
ခံပြင်းစွာ တောက်ခေါက်လောက်တော့
အသံထွက်မလာဘဲ ငါ့မျက်လုံးတွေ မှုန်ဝါးသွားတယ် ……………..
ငါတီဗွီကို ပိတ်ထားတယ်
တချို့သီချင်းတွေကို Delete လိုက်တယ်
ငါရှောင်ပုန်းနေတဲ့အခန်းထဲ ဧပရယ်ဝင်လာမှာစိုးလို့ပါ
ငါ တံခါးတွေလုံအောင် ပိတ်ထားတယ်
လေအေးပေးစက်ကို ဂိတ်ဆုံးဖွင့်ထားတယ်
အဲဒီထဲမှာ ဧပရယ်အပူကို အံတုချင်စိတ်လည်းပါတယ်
ငါ လျှောလျှောရှူရှူ အိပ်ပျော်စေမယ့်
အချို့သောအရာတွေကို သုံးစွဲတယ်
အဲဒီထဲမှာ အိပ်မက်တွေဝင်မလာအောင်
တားချင်စိတ်လည်းပါတယ်
ဒီလိုမျိုးနဲ့
တစ်ရက်ပြီးတစ်ရက် အမြန်ပြီးဆုံးအောင်
ငါ ပေ.. ပေ.. တေ.. တေ.. လောင်မြိုက်ခံပြီး
ဧပရယ်ကို ဖြတ်ကျော်နေတယ်…………..။

2012 April



Tuesday, January 1, 2013

အမှိုက်ကလေးရဲ့ ပုံပြင်



ကျွန်တော်ဟာ သာမန်အမှိုက်လေးပါပဲ
လေရူးတွေ ပုတ်ခတ်လိုက်တိုင်း
သူ့အနား ကစဉ့်ကလျား လွင့်လွင့်သွားတက်တဲ့
သစ်ရွက်ကြွေ အမှိုက်စလေးပါ

သူက ကျတော့်ကို အမှိုက်ကလေးမှန်း သိခဲ့တာကြာပါပြီ
ခုဆို
ကျတော့်ကြောင့် သူ့ပြသဒ်ကြီးမီးလောင်မှာ စိုးရွံ့စိတ်နဲ့
သစ်ရွက်ကြွေအမှိုက်စလေးကို
သူ့အနား ၀ဲခိုခွင့်မပေးတော့ပါ


လေရူးတွေလည်း ရန်ဖန်ရန်ခါ နှင်ဆဲဖြစ်ပေမယ့်
လေပြေညှင်းတွေ အသော့နှင်နေတဲ့အခါမျိုးမှာတောင်
အမှိုက်ကလေးက သူ့ဆီပဲ ၀ဲခိုလွင့်ပါးချင်ခဲ့မိတယ်
ဒါ ...အမှိုက်ကလေး သတိမထားမိပါ

တနေ့က  အမှိုက်ကလေး လွင့်ပါးလာဦးမလား
စိုးရိမ်စိတ်နဲ့ တံခါးတင်းတင်းစေ့ထားတဲ့ သူ့ကို တွေ့ခဲ့တယ်
အမှိုက်ကလေး ၀မ်းနည်းရတယ်

ခုဆို လေပြင်းတွေနှင်တဲ့အခါ
အမှိုက်ကလေး သူ့ဆီ မလွင့်ပါးမိအောင်
ကြုံလေရာလေရူးတွေကြား တောင့်ခံထားမိတယ်

လေပြေလာရင်ပဲဖြစ်ဖြစ်
လေပွေလာရင်ပဲဖြစ်ဖြစ်
 ရိုးရိုးသားသား လွင့်ပါးချင်ခဲ့တဲ့ သာမာန်သစ်ရွက်ကြွေအမှိုက်ငယ်လေးပါဆိုတာကို
ပြောပြခွင့်မှ ရပါဦးမလား ။









Sunday, October 28, 2012

ကစဉ့်ကလျားနိစ္စဓူဝများ

ဒီမနက်မှာ
အစောဆုံးနေရောင်ခြည်လို့လည်း မမည်တဲ့
နေရောင်တွေနဲ့  နိုးထခဲ့မယ်
ပြတင်းတခါးကနေ မကြည့်ဖြစ်ပေမယ့်
သိတယ်
ဒီကမ္ဘာမှာ  စက္ကန့်သိန်းပေါင်း ကိုးထောင်ခုနှစ်ရာခုနှစ်ဆယ့်ခြောက်ကြာအောင်
ဖြတ်သန်းခဲ့တာတောင်
ဒီမနက်တွေက ဒီအတိုင်းပဲ
ရာသီပေါ် နိစ္စဓူဝတွေ တွဲခိုကပ်ပါနေပုံ...................



ဖုန်းနားကြပ်တပ်ပြီး သီချင်းတစ်ပုဒ်နားထောင်လိုက်တယ်
run from prejudice .. run from pain တဲ့

ဒီလိုထွက်ပြေးရတာလည်း တဖြည်းဖြည်း နိစ္စဓူဝဆန်လာတဲ့အခါ
ပျော်ရွှင်မှုမှာ
နာကျင်မှုမှာ
ပြိုလဲမှုမှာ
ပြန်လည်ရှင်သန်မှုမှာ
ဝေခွဲမရမှုမှာ
သွေးအေးရက်စက်မှုမှာ
ပေါ့ပါးပေတေမှုမှာ
ရင်ကွဲပက်လက်ဖြစ်မှုတွေမှာ

နှလုံးသားက နိစ္စဓူဝဆန်စွာ
လက်ယဉ်ယဉ်နဲ့ ခုန်နေပုံ..........................


ဒီနေ့မှာ မနေ့ကနဲ့ မတူတာကတော့
၁) လေချွန်ပြီး သီချင်းတစ်ပုဒ်ငြီးချင်တယ်
၂) မေစပါယ်ညိုရဲ့ "ကြည်နူးခွင့်" ဆိုတဲ့ သီချင်းကို
အသေအချာတီးပြီးဆိုချင်တယ်
၃) ဂျင်းကုတ်နဲ့ အော်စတားဖိနပ်စီးပြီး ကြိုက်တဲ့ ၁၁ မျိုးသော အစားတွေထဲက တစ်ချို့ကို
လျှောက်စားချင်တယ်
 ၄) သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး ရီမောချင်တယ်


 အဲဒီလိုတွေးပေမယ့်
လေလည်းမချွန်တက်တာနဲ့
 ကွန်ပျူတာဖွင့်ပြီး
ပျင်းစရာကောင်းတဲ့ အစီရင်ခံစာတစ်စောင်ထိုင်ရေးလိုက်တဲ့အခါ
ဒီနေ့ဟာ မနေ့ကနဲ့ ထပ်တူကို တူသွားပြန်ခဲ့တယ် ................

ဘာဖြစ်ဖြစ်
မနက်ဖြန်ကိုတော့ သေချာမသိပါဘူး
မနေ့ကကိုလည်း သေချာသိခဲ့တာမှ မဟုတ်တာ
ဒီလိုတွေးမိသွားတော့
လူတစ်ယောက်ဆီ သတိတရ တယ်လီဖုန်း message တစ်စောင်ပို့လိုက်ပြန်တယ် ..................


"ဘာမှ မရှိတဲ့ပန်းတိုင်လည်း ပန်းတိုင်ပေါ့
အချိန်တွေကို ကျုပ်တို့မပိုင်ဘူးဗျ
ဒါပေမယ့် ကျူပ်တို့နှလုံးသားကိုတော့ ကျူပ်တို့ပိုင်တယ်
နှလုံးသားနဲ့ နာကြားဖြတ်သန်းကြမယ်လေ"

ကွန်ပျူတာဖန်သားပြင်ပေါ် ရေးရေးထင်နေတဲ့
ပုံရိပ်တစ်ခုက
တော်လှန်ရေးဆန်ဆန် ကြွေးကြော်နေတာမြင်ပြန်တော့

အားရပါးရ ရယ်မိလိုက်တယ် ......................။ 









Friday, June 22, 2012

မိမိကိုယ်ပေါ်ပြန်လှန်ရှာဖွေနေမိတဲ့ နောက်ဆုံးပေါ် ကုထုံး



ယုံကြည်မှုတွေပေးခဲ့တယ်

ယုံကြည်မှုပေးရင်း စစ်မှန်တဲ့ ယုံကြည်မှု ပြန်ရယူဖို့ တည်ဆောက်ယူနိုင်မယ်လို့

အားထည့်ယုံကြည်ခဲ့တယ် ။

ဖြူစင်မှုတွေရခဲ့ဖူးတယ်

ဒီလူတွေက အဲဒီလိုဖြူစင်မှုတွေ ပြခဲ့ဖူးလို့

ဖြူစင်နိုင်ဦးမှာပဲလို့

သံသယမဖြစ်ဘဲ ယုံကြည်ခဲ့တယ် ။

ရိုးသားမှုတွေရခဲ့တယ်

ရိုးသားတဲ့ဆက်ဆံမှုတစ်ခု ရခဲ့လို့

ရိုးသားမှုတွေ အဲဒီဝဲဘက်ရင်အုံလေးထောင့်မှာ

ခုအောင်းနေမှာပဲလို့

ရိုးရိုးသားသားတွေးခဲ့တယ် ။

ဟိုနေ့က .....

အဲဒီလူတွေ နောက်ကျောမှာ ၀ှက်ထားတဲ့ အသွားထက်ထက် ဓားတလက်လက်တွေ တွေ့ခဲ့တယ်

ဟိုနေ့က .....

အဲဒီလူတွေ ခိုးဝှက်ပြုံးခဲ့တဲ့  ကြောက်စရာ နှုတ်ခမ်းအတွန့်ချိုးတွေကို တွေ့ခဲ့တယ်

ဟိုနေ့က ......

အဲဒီလူတွေရဲ့

မီးခိုးရောင် သမိုင်းတွေကို တွေ့ခဲ့တယ်

ဟိုနေ့က ...

အဲဒီလူတွေရင်ထဲ နီညိုမှိုင်းမှိုင်း ဆန်းပြားတဲ့ စိတ်အရောင်ကောင်ကြောင်းတွေတွေ့ခဲ့တယ်

ဟိုနေ့က .....

အဲဒီလူတွေရဲ့ တခါမှ တွေ့ရမယ်မထင်ဖူးတဲ့ အရာတွေ ဆန်းပြားစွာ တွေ့ခဲ့တယ် ။

နောက်ဆုံး
 ယုံကြည်ခဲ့သူတွေနဲ့ မယုံခဲ့သူတွေကြား
 ကွဲပြားတဲ့အချက်အလက်ဆိုလို့ ဘာတစ်မှ ရှာဖွေဆွဲထုတ်လို့မရတော့တဲ့အခါ


အဲဒီနောက်ဆုံးပေါ် လမ်းပျောက်မှုဝေဒနာကို နှလုံးသွင်းဖို့

နောက်ဆုံးပေါ် ကုသနည်းတစ်ခုကို မိမိကိုယ်ပေါ် ပြန်ရှာတုန်း ...........................။



သောကြာနေ့






Sunday, May 20, 2012

အဓိပ္ပါယ်ဖွင့်ဆိုမှု ပျောက်ဆုံးနေနှင့်ပြီးသော


၁၃ နှစ်သားလေးရဲ့ ရင်ခုန်မှုမျိုး
ပြန်မရစကောင်းလားဆို
အဲဒီ ဘ၀ကို ကျိတ်မနိုင်ခဲမရမဖြစ်ပါနဲ့

ချစ်ခြင်းတရားရဲ့သန့်စင်မှုကို
.............. ကြိမ်မြောက်သော ပြိုလဲခြင်းမျိုးပြီးသောအခါ
သင်ယူတတ်မြောက်လာမယ်

အချစ်အကြောင်းပြောကြတဲ့ခါ
 ပြုံးနေချင်မယ် 

အချစ်က တည်ဆောက်မှ ရှိတဲ့အရာမဟုတ်ဘူး .......
စကားလုံးတွေနဲ့ သက်သေရှိရှိ မြင်သာထင်သာ
ကတိက၀တ်ပြုမှ ရှိနေတဲ့အရာမဟုတ်ဘူး.......
မျှော်လင့်ချက်ပန်းတိုင်ဆိုတာရှိမှ ဖြစ်တည်နေတဲ့အရာမဟုတ်ဘူး ........
နီးစပ်ထိတွေ့နေရမှ ဖြစ်တည်နေတဲ့အရာမဟုတ်ဘူး ......
တစ်ဖက်သတ်ပေးဆပ်နေရမှ ဖြစ်တည်နေတာလည်းမဟုတ်ဘူး .....
အချိန်ကြာလာတာနဲ့အမျှ ပြယ်လွင့်သွားမယ့်အရာမျိုးလည်းမဟုတ်ပြန်ဘူး ...........
လိမ်ညာလှည့်ဖျားမှုတွေထဲမှာလည်း တည်ရှိနေမယ့်အရာမျိုးမဟုတ်ဘူး ...........

အမှန်က အသက်ရှုခြင်းအနုပညာတစ်ရပ်လို
အဲဒီချစ်ခြင်းရှိနေမှန်းကို ကိုယ်တိုင်မေ့လျော့နေမယ့်အရာမျိုး .........

ဖမ်းဆုပ်သိမ်းပိုက်မိတဲ့အခါမှာလည်း ထာဝရပျက်ဆီးသွားနိုင်တဲ့ အရာမျိုးမို့............

ချစ်ခြင်းကို သဘာဝတရားတစ်ခုလို မြတ်နိုးနိုင်တဲ့အခါ သန့်စင်လာတယ်။             ။


တနင်္ဂနွေ

Saturday, May 5, 2012

ပုဂံမြို့ဟောင်းဆီမှ အသံများ

ထီးလိုမင်းလို ဘုရားဝန်းထဲက .. လေထဲလွင့်ပါးနေတဲ့ ဆည်းလည်းသံ ......ရုပ်သေးကြိုးဆွဲရုပ်ငယ်တွေ.... အလှချိတ်ဆွဲတဲ့ သစ်သားရုပ်ကလေးတွေ ... လွင့်ပါးနေတဲ့ သဲပန်းချီကားချပ်တွေ .. နောက် တည်တည်ခန့်ခန့် သစ်သား မျက်နှာဖုံးတွေ ပြီးတော့ ဈေးသည်တွေရဲ့ အသံတွေ ... အဲဒီ တစ်ဒင်္ဂမှာ အဲဒီအသံတွေအားလုံးက နှလုံးသားကို စကားတွေ အများကြီး လာပြောနေတယ် .....
 


 

 လောကနန္ဒာဘုရားကနေ ရှူရှိုက်ခဲ့ရတဲ့ ဧရာဝတီရဲ့ရနံ့ရယ်၊ ဧရာဝတီရဲ့လေတိုးသံ၊ ဟိုးအဝေးခပ်ပြပြက သဲမှုန်တိုင်းငယ်ငယ်၊ နောက် ငှက်ကလေးတွေရဲ့အသံ၊ ဘုရားအုတ်ပေါက်တွေကြားက လှမ်းမြင်နေတဲ့  မြတ်နိုးစရာကောင်းတဲ့ ကျွန်မတို့ရဲ့ဧရာဝတီ ....






ရွှေစည်းခုံဘုရားပေါ်မှာ မီးမပူဇော်ရသေးတဲ့အချိန် . မှောင်ပြပြ ညနေရီမှာ ကျေးငှက်တွေရဲ့အသံရယ်.. ဘုရားထဲလာ ကစားနေကြတဲ့...  ကလေးတွေရဲ့အသံရယ်.. ဘုရားကဆည်းလည်း သံတွေရယ် .....  နောက်ဘုရားစာရွတ်နေတဲ့ အဘိုးတစ်ယောက်အရဲ့အသံ .. ညနေခင်း ခပ်စိမ့်စိမ့်တိုက်နေတဲ့ လေညှင်း .. ဘာကိုမှန်းမသိဘူး ငြိမ်းငြိမ်းချမ်းချမ်းခံစားမှုတစ်မျိုးခံစားရတယ် .. အဲဒီခံစားမှုကိုလည်း မျှဝေချင်စိတ်တစ်မျိုးလည်း ကပ်ပါခံစားရတယ် ... 

အပြန်ကျတော့ ဘုရားဇောင်းတန်းတွေ မီးထွန်းထားပြီ.. ဘုရားဝန်းကျင်ကတော့ မှောင်မိုက်နေတုန်းပဲ.. ဘုရားဇောင်းတန်းထဲက ယိုဖိတ်ထွက်နေတဲ့ ၀ါကျင်ကျင် အလင်းရောင်က အနုပညာဆန်တယ် ..

 ဓမ္မယံကြီး ဘုရားဝန်းထဲမှာ တွေ့ခဲ့တဲ့ ကလေးလေးတွေ .......


အလှူခံနည်း အမျိုးမျိုး တွေ့ခဲ့ဖူးတယ် .. မင်းကွန်းတစ်ဖက်ကမ်းသွားတော့ လှေပေါ်က ဆင်းတာနဲ့ ကလေးငယ်တွေ ကပ်လိုက်လာပြီး အမွှေးတိုင်ယူပါ .. ဖယောင်းတိုင်ယူပါ နဲ့ အမှန်တော့ အလှူခံနည်းမျိုး မဆန်အောင် အမွှေးတိုင်ကို မယူမချင်း တောက်လျှောက်လိုက်ပြီး ဇွတ်လိုက်ရောင်းတဲ့ အလှူခံနည်းမျိုးကြုံဖူးတယ်..
နောက် .. သန်လျင်မှာ ကျောင်းတတ်တုန်းက ကိုရင်လေးတွေ အလှူခံတာ .. ကားပေါ်က ဆင်းပြီဆိုတာနဲ့ လမ်းကို ပိတ်ဆို့ထားပြီး အတင်းအလှူကို ထည့်စေတယ်.. မထည့်ဘဲ ဇွတ်ထွက်သွားရင် နောက်ကနေ ဖိနပ်ကို နင်းထားပြီး "ဒကာမကြီး အလှူခံပါတယ်" လို့ မပြတ်ပြောနေတဲ့ အလှူခံခြင်းမျိုးလည်း ကြုံဖူးတယ်။ ကိုရင်လေးတွေ နစ္စဒူဝ ဒါမျိုးကြီးလုပ်နေတော့ နောက်ပိုင်း သူတို့လက်က လွတ်အောင် ဇောချွေးပြန်မတတ် ထွက်ပြေးခဲ့ရဖူးတယ် ...
နောက် လမ်းတွေမှာ ခရီးသွားဟန်လွှဲ ကားခမကျန်တော့လို့ ကားခလေး လှူပါဆို .. မကြာခဏကြုံရတတ်တဲ့ အလှူခံခြင်းမျိုး.. အဲဒီ ကားခမကျန်တဲ့လူကိုပဲ ခဏခဏ ကားခမကျန်တဲ့ အဖြစ်နဲ့ သွားသွားတိုးတတ်တဲ့ အလှူခံခြင်းမျိုးပါ .. လှူနိုင်တဲ့ခါ လှူပြီး မလှူချင်တဲ့ခါလည်း မရှိဘူးပဲ ပြောပြောခဲ့တယ်

နောက် ဘူဖေးဆိုင်မှာ ကြုံခဲ့ဖူးတဲ့ အလှူခံခြင်းမျို.. ဒါကလည်း တစ်မျိုးလေး ထူးဆန်းတယ် .. အ၀စား မကုန်ရင် အလေးချိန်ချိန်ပြီး ငွေပြန်အန်းရမယ် ဆိုတဲ့ စာသားချိတ်ထားတဲ့ ဆိုင်တစ်ဆိုင်မှာ ..  .. အသားတွေ ပြုတ်စားရတဲ့ ဘူဖေးမျိုး .. ကိုယ်က စားနိုင်သလောက်ပဲ ယူပြီး ပြုတ်၊ ကင်စားနေတုန်း .. စားပွဲထိုးလေးတစ်ယောက်က သူတို့ကြိုက်ရာအသားတွေ အများကြီးယူလာပြီး ပြုတ်အိုးထဲ ထည့်ပါရစေတဲ့ .. ပြီးရင် သူတို့ မန်နေဂျာမမြင်အောင် ၀ှက်ယူပါ့မယ်တဲ့ .. အလှူခံတာပါတဲ့ .. အဲဒီတုန်းက မန်နေဂျာမြင်မှာစိုးလို့ ခိုးကြောင်ခိုးဝှက်နဲ့ လှူခဲ့ရဖူးတယ် ...

ဓမ္မယံကြီးဘုရားဝန်းမှာ တွေ့ခဲ့တဲ့ ကလေးတွေကတော့ ဘုရားသမိုင်းအကြောင်း ရှင်းပြပါရစေဆိုပြီး အလှူခံတယ် .. ဒါပေမယ့် ကိုယ်မသိချင်ဘူးဆိုလည်း အတင်းကပ်လိုက်မနေဘူး .. သိချင်ရင်ပြောပါတဲ့ .. ချစ်စရာကောင်းတယ် .... ကျောက်တုံးကြီးတစ်တုံးအကြောင်းကိုတော့ ပြောပြတယ် .. "ဒီကျောက်တုံးကြီးကို  လက်နှစ်ဖက်ကို ကြက်ခြေခတ် လျှိုသွင်းပြီး ဖြတ်စေတဲ့စက်လို့ လူတွေက လျှောက်ပြောကြတာ... အမှန်တော့ ဘုရားတည်လို့ အုတ်တွေစီတဲ့အခါ ထောင့်ချိုးတွေမှာ အုတ်တွေခိုင်အောင် ညှပ်တဲ့ဟာပါ ..
 လူတွေ ထင်သလိုမဟုတ်ပါဘူး" တဲ့။ 












ကျွန်မ အဲဒီကလေးကို သဘောကျသွားတယ် .. ကလေးဖြစ်ပေမယ့် ယုတ္တိမတန်တာတွေ ဇာတ်ဆန်ဆန် လျှောက်မပြောဘဲ ယုတ္တိဗေဒကျကျလေး ပြောတတ်တာလေးကိုပါ .. နောက် သရက်သီးစိတ်တွေဝယ်ပြီး အဲဒီကလေးတွေနဲ့ အတူထိုင်စားကြတယ် .. 

.ကောင်လေးအကြီးလေးက လေးတန်းနဲ့ ကျောင်းထွက်ထားတယ်တဲ့..အငယ်လေးတွေက ကျောင်းအားတုန်း အလုပ်လုပ်တာတဲ့ .. ဘုရားအကြောင်းတွေသိအောင် စာဖတ်တာလား မေးတော့ .. ကိုယ့်ထက် သိတဲ့ လူကြီးတွေဆီက သင်တာပါတဲ့ .. အငယ်လေးက " သားတို့ အစ်ကိုက ဒီဘုရားမှာပဲ သဲပန်းချီရေးတယ်လေ .. သားတို့က သူ့ဆိုက်ကယ်နဲ့ လိုက်လိုက်လာတာ .. အိမ်မှာဆို ပူတယ်ဗျ ဘုရားမှာက ပိုအေးတယ် .. သားတို့ရေချိုးရင် လောကနန္ဒာဘုရားနားက ဧရာဝတီမြစ်ထဲ ဒိုင်ဗင်သွားသွားပစ်တာပဲ .. သိပ်ပျော်ဖို့ကောင်းတာ"။ ခဏနေတော့ ဧည့်သည်တစ်စုဝင်လာတယ် .. " သွားလေ .. မင်းရှင်းပြရမယ့် အလှည့်မဟုတ်လား" ကျွန်မ အငယ်လေးကို ပြောလိုက်တယ်။ "သူတို့မှာ ဂိုတ် ပါတယ် .. သားသွားဖို့မလိုဘူး" တဲ့။ ကျွန်မ အဲဒီကလေးတွေကို မုန့်ဖိုးပေးတော့ "ကျေးဇူးတင်ပါတယ်" တဲ့။ ဒီလို ယဉ်ကျေးပြီး ရိုးသားချစ်စရာကောင်းတဲ့ ကလေးတွေကို ကျွန်မ စာသင်ကျောင်းကြီးထဲ စာအံလိုက်၊ ဆော့ကစားလိုက်နဲ့ပဲ မြင်ချင်တာပါ....။

(၂၈ ဧပြီ ၂၀၁၂ ... ပုဂံရောက်တုန်းက မှတ်မှတ်ရရ နှလုံးသားကို ထိခတ်စေခဲ့တဲ့ အရာတွေကို ခံစားတင်ပြခြင်းပါ။)












Sunday, March 25, 2012

အလျော်အစား


စိတ်ခံစားချက်ကို စိတ်ခံစားချက်နဲ့မှ
အလျော်ပေးရမယ်ဆို

ငါ့ခံစားချက်တွေ နင်ချေမွပါ။

အလွမ်းကို အလွမ်းနဲ့မှ
အလျော်ပေးရမယ်ဆို

ငါလွမ်းရဖို့လည်း အသင့်ဖြစ်ပါတယ်။

ဝမ်းနည်းမှုကို ၀မ်းနည်းမှုနဲ့မှ
 အလျော်ပေးရမယ်ဆို

ငါ့ဝမ်းနည်းမှုတွေ နင့်အတွက်စစ်မှန်စေရမယ်။

နာကျင်မှုကို နာကျင်မှုနဲ့မှ
အလျော်ပေးရမယ်ဆို

ငါ့နာကျင်မှုတွေ နင့်ရှေ့သက်ဝင်စေမယ်။

ငါ ....အကြောင်းပြချက်မပေးဘူး

ဖြေရှင်းချက်လည်းမရှိဘူး

ကျေပျက်ပါစေလို့လည်း မတွေးဘူး

ဘာနဲ့မှလည်း မချည်နှောင်ဘူး 

ငါပေးတဲ့အလျော်အစားတွေနဲ့

နင့်မာနတွေ အရောင်တင်နိုင်ခဲ့ရုံဆို တော်ပြီ.....။


 တနင်္ဂနွေနေ့တစ်နေ့





Saturday, March 24, 2012

ကျွန်မနှင့် စိတ်ဒဏ်ရာ


မှတ်မှတ်ရရ.....ကျွန်မ စိတ်ဒဏ်ရာဆိုတာနဲ့ ပထမဆုံးထိတွေ့ဖူးတဲ့ အဖြစ်ပျက်လေးတစ်ခုရှိခဲ့တယ်။ အဲဒီတုန်းက ကျွန်မအသက် ၁၁ နှစ်ဖြစ်မယ်ထင်တယ်။ ၅ တန်းနှစ်က။ ကျွန်မတို့ကျောင်းမှာ စာသင်နှစ်တစ်နှစ် ကုန်ဆုံးတိုင်း နှုတ်ဆက်ပွဲဆိုတဲ့ ပွဲလေးလုပ်လေ့ရှိတယ်။ အဲဒီနေ့ဆို ကျောင်းသူကျောင်းသားတွေက ၀တ်ကောင်းစားလှလေးတွေ ၀တ်လာပြီး၊ သီချင်းတွေ ဆိုကြတယ်။ ဂိမ်းတွေကစားကြတယ်။ လက်ဆောင်ပစ္စည်းတွေ လဲကြတယ်။ အဲဒီနေ့ဆို မုန့်တွေကျွေးတဲ့ အစီအစဉ်တွေလည်း ရှိတယ်။ စာသင်နှစ်ပြီးကာနီး အချိန်ဆိုတော့ ကျွန်မတို့ အရမ်းပျော်ကြတာ။ 

ကျွန်မက အဲဒီကျောင်းကို ပြောင်းတာ ၂ နှစ်လောက်ပဲ ရှိဦးမယ်။ ကျွန်မမှာ စွဲစွဲမြဲမြဲပေါင်းတဲ့ အတန်းဖော် သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူနဲ့ ကျွန်မနဲ့က တစ်ဝန်းတည်းနေကြတာ။ သူက ကျွန်မထက်တော့ အသက် ၂ နှစ်လောက်ကြီးမယ်ထင်တယ်။ သူနဲ့ကျွန်မ ကစားဖော် ကစားဖက်၊ ကျောင်းသွားဖော် သွားဖက်တွေ။

ကျွန်မက အဲဒီကျောင်းကို ပြောင်းလာတာ မကြာသေးတော့ အဲဒီနှစ်မှ A တန်းဝင်တယ်။ အတန်းဖော်တွေနဲ့လည်း သိပ်မရင်းနှီးသေးတဲ့အချိန်ပေါ့။ ကျွန်မတို့ အတန်းထဲမှာဆို စာတော်တဲ့ ကောင်မလေးတွေက ပေါ်ပြူလာဖြစ်ကြတယ်။ အဲဒီကောင်မလေးတွေကလည်း နည်းနည်း လူကြီးဂိုက် ဖမ်းနေကြပြီ။ ကျွန်မက စာတော်တဲ့ထဲပါပေမယ့် ကလေးစိတ် မကုန်ဘဲ မျောက်ရှူံးအောင် ဆော့်တာကတစ်ကြောင်း၊ မဲမဲတုံးတုံးလေးဖြစ်တာက တစ်ကြောင်း ထင်ထင်ပေါ်ပေါ်တော့ မရှိလှဘူး။ နောက်ပြီး A တန်းကို ၀င်လာတဲ့ လူသစ်ဖြစ်နေတော့ မြို့ကျောင်းကလေးတွေသဘာဝ ကြီးကြီးကျယ်ကျယ်နိုင်ကြတယ်။

အဲဒီနှစ်က စာသင်နှစ်ကုန်ကာနီးလေ နှုတ်ဆက်ပွဲနေ့ကို ကြိုတွေးပြီး ပျော်လေပေါ့။ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းလည်း သီချင်းဝင်ဆိုချင်ကြတယ်။ နှုတ်ဆက်ပွဲမှာ သီချင်းဆိုမယ့်သူတွေ စာရင်းပေးဖို့ အတန်းခေါင်းဆောင်က လိုက်ကောက်တယ်။ သူက အမြဲအတန်းခေါင်းဆောင်အဖြစ် ခန့်ထားခံရတယ်။ အတန်းခေါင်းဆောင်ပီပီ အသံကလည်း ဟောင်ဖွာဟောင်ဖွာ......ဆရာကြီးကလည်း အားကြီးလုပ်ချင်တယ်။ ပြီးတော့ သူ့မှာ ပေါ်ပြူလာဖြစ်တဲ့သူတွေကို မျက်နှာလိုက်တတ်တဲ့ အကျင့်လည်း ရှိတယ်။ အဲဒီလို မထင်မပေါ်လူတွေဆို နှိမ်တတ်တဲ့ အကျင့်လေးကလည်း ရှိတယ်။  ကလေးတုန်းကတော့ ကလေးနှိမ်နှိမ်တာပေါ့နော်။ ကျွန်မတော့ သူ့ကို ဘူဇွာကြီးလို့ ခေါ်တာပဲ။ အဲဒီနေ့က စာရင်းလိုက်ကောက်တော့ ကျွန်မတို့ နှစ်ယောက်လည်း စာရင်းပေးခဲ့ကြတယ်။ 

စာမေးပွဲအတွက်လည်း စာကျက်နေရတဲ့ကြားက ကျွန်မတို့နှစ်ယောက်မှာ သီချင်းတစ်ပုဒ်တူတူဆိုမယ်ဆို သဘောတူလိုက်တယ်။ ဒါပေမယ့် ကျွန်မတို့ ဘာသီချင်းဆိုရမှန်းမသိဘူး။ အဲဒီအချိန်တုန်းက ကျွန်မတို့ ရင်းနှီးတာဆိုလို့ စိုင်းထီးဆိုင် သီချင်းတွေပဲရှိတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ အိမ်ဘေးမှာနေတဲ့ ရှမ်းတိုင်းရင်းသား အဒေါ်ကြီး တစ်ယောက်ရှိတယ်။ သူက ကလေးတွေကို ချစ်တယ်။ ကျွန်မတို့က ညဘက်ဆို သူ့အိမ်မှာ အမြဲသွားသွားကစားလေ့ရှိတယ်။ ကျွန်မတို့ သွားကစားတိုင်း အဲဒီ အဒေါ်ကြီးက ဂစ်တာတီးပြီး စိုင်းထီးဆိုင်သီချင်းတွေ ဆိုဆိုပြတယ်။ ကျွန်မတို့လည်း သူဆိုပြနေကျ ဘီးနံပါတ် OK သုည 122 အလ် တို့၊ မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူးတဲ့၊ ချယ်ရီပင်အောက်နောက်တစ်ခေါက်တို့ ဆိုတဲ့ သီချင်းတွေနဲ့ပဲ ရင်းနှီးနေခဲ့တယ်။

အဲဒါနဲ့ ကျွန်မတို့နှစ်ယောက်လည်း စိုင်းထီးဆိုင်သီချင်းတစ်ပုဒ်ပဲ ရွေးဖို့ဆုံးဖြတ်လိုက်တယ်။ ဘယ်လိုဖြစ်လို့လဲတော့ မသိဘူး အဲဒီတုန်းက ကျွန်မတို့ စိုင်းထီးဆိုင်ရဲ့ နေရစ်တော့ကွယ် သွားတော့မယ် ဆိုတဲ့သီချင်းကို ရွေးလိုက်ကြတယ်။ အဲဒီလိုနဲ့ ကျွန်မနဲ့ကျွန်မသူငယ်ချင်း သီချင်းတိုက်ကြတယ်။ နှစ်ယောက်အတူဆိုမှာဆိုတော့ ပြိုင်တူဆိုပြီး တိုက်ရတာပေါ့။ သီချင်းကလည်း အလွန်ကို အေးပါတယ်။ ခုနေပြန်နားထောင်ရင်တောင် အလွန်အိပ်ချင်စရာကောင်းတဲ့ သီချင်းမျိုး။ အဲဒီတုန်းက ငါးတန်းကလေးအရွယ်နဲ့ ဘာကြောင့်ဆိုဖို့ ရွေးခဲ့လည်းတော့ မသိဘူး။ ဖြစ်ချင်တော့ ကျွန်မသူငယ်ချင်းကလည်း Chorus အပုဒ်ရောက်လာရင် ကီးက ကြောင်ကြောင်နေပြန်တယ်။ သူက သီချင်း မဆိုတတ်ဘူး။ ကျွန်မကတော့ သီချင်းတွေနဲ့ လက်ပွန်းတတီးတော့ရှိတယ်။ ကီးဝင်အောင်တော့ ဆိုတတ်တယ်။ ဒီလိုနဲ့ ကျွန်မတို့ ညညဘက်ဆို အဲဒီ ရှမ်းအဒေါ်ကြီးအိမ်မှာ သီချင်းသွားသွားတိုက်ရတယ်။ ကျွန်မတို့ ဆိုမယ့်အိုက်တင်ကိုပါ ကျင့်ရတယ်။ ဒီလိုသီချင်းမျိုးနဲ့ဆိုတော့ ကျွန်မတို့ စစ်ချီတေးဆိုသလိုပါပဲ ....တောင့်တောင့်ကြီးတွေရပ်ပြီး အလွန်မှ အေးတဲ့ သီချင်းကို ခဏခဏဆိုကျင့်ခဲ့တယ်။ ကျွန်မသူငယ်ချင်းအသံကလည်း နည်းနည်း ဘဲသံလို ရှဲရှဲရှဲရှဲ ဖြစ်နေတယ်။ ဘယ်လောက်တိုက်တိုက်လည်း အဲဒီ "ခွဲရကာနီးမှ နှုတ်မဆက်နိုင်တယ်" ဆိုတဲ့နေရာရောက်တာနဲ့ ကီးကကြောင်တော့တာပဲ။ နောက်တော့ ဘယ်လိုမှ တိုက်မရတော့ ဒီလိုပဲ အပြီးသတ်လိုက်တယ်။ 

ဒီလိုနဲ့ နှုတ်ဆက်ပွဲနေ့ရောက်လာပါတယ်။ ထုံးစံအတိုင်း အားလုံးက လှလှပပလေးတွေ ၀တ်စားလာကြတယ်။ သီချင်းဆိုမှာပါတဲ့သူတွေကဆို ပိုပြီးတော့ ပြင်လာကြတာပေါ့။ ထုံးစံအတိုင်း အတန်းခေါင်းဆောင်ကတော့ ဟောင်ဖွာဟောင်ဖွာနဲ့ စီမံနေရတာကို ကြီးကြီးကျယ်ကျယ်လုပ်နေတယ်။ သူက အဲဒီလိုနေ့ပွဲတွေတိုင်းလည်း အမြဲ အခန်းအနားမှူးလုပ်နေကျ။ အခမ်အနားအစီအစဉ်လည်း သူပဲ ပြင်ဆင်တယ်။ ဟိုလူ့ဟောက် ဒီလူ့ဟောက်လည်း လုပ်နေသေးပြန်တယ်။ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းလည်း လချီပြီး ကြိုတိုက်ထားတဲ့ သီချင်းကို ဆိုရတော့မယ်ဆို ကြိုတင်ရင်ခုန်နေကြတယ်။ ကျွန်မတို့ အဲဒီနေ့က အလှအပပြင်သလား မပြင်သလားတော့ ကျွန်မသိပ်မမှတ်မိတော့ဘူး။ ဒါပေမယ့် ရင်ခုန်နေတာတော့ မှတ်မိတယ်။ အဲဒီလိုနဲ့ အခန်းအနား စပါတယ်။ အတန်းခေါင်းဆောင် ဘူဇွာကြီးက အခန်းနားအစီအစဉ်တွေ တခုခုပြီးတစ်ခု ဖတ်ပြသွားတယ်။ အဲဒီမှာ ကျွန်မတို့သီချင်းဆိုမယ့် အစီအစဉ်ကို နောက်ဆုံးမှာထည့်ထားတယ်။ ကျွန်မတို့ရှေ့မှာတော့ ပေါ်ပြူလာ ကောင်မလေးတွေရဲ့ အစီအစဉ်တွေ အများကြီးထည့်ထားတယ်။ စိတ်ထဲတော့ မကျေမနပ်ဖြစ်သွားတယ်။ ငါတို့ကျ နောက်ဆုံးထည့်ထားတယ်ပေါ့။ 

အဲဒီမှာ ဘူဇွာကြီးက သီချင်းဆိုမယ့်လူက ဘယ်သူ့အလှည့်ဖြစ်ပါတယ်ဆို ကြေငြာနေလိုက်တာ တကယ့် ခန်းနားမှူးကြီးလို ဟန်ပါပါနဲ့ပေါ့။  ကျွန်မတို့အတန်းထဲက ပေါ်ပြူလာဖြစ်တဲ့ကောင်မလေးတွေက ဘာသီချင်းတွေဆိုကြလဲဆိုတော့ အဆိုတော် မေဆွိတို့၊ နောင်တို့ရဲ့ "ငရုတ်သီး" သီချင်းတို့ဘာတို့ စတဲ့ ခပ်မြူမြူး ခေတ်ပေါ်သီချင်းလေးတွေနဲ့ ကကြဆိုကြတယ်။ ကျွန်မတို့လည်း သဘောကျတာပေါ့။ ဒါပေမယ့် စိတ်ထဲတော့တွေးမိတယ် ကျွန်မတို့ သီချင်းက အေးများနေသလားပေါ့.. စစ်ချီတေးလို တောင့်တောင့်ကြီးဆိုပြီး ကီးကြောင်ကြီးနဲ့ ထထအော်ရင် ကဲ့ရဲ့များခံရမလား နည်းနည်းတော့တွေးမိတယ်။ တစ်ယောက်ပြီးတစ်ယောက် ဆိုပြီးသွားတိုင်း ကျွန်မတို့အလှည့်ရောက်လာတော့မယ်ဆို ရင်တခုန်ခုန်နဲ့ စိတ်ရှည်ရှည်စောင့်ရင်း ညနေပိုင်းကလည်း ရောက်လာခဲ့တယ်။ အဲဒီလိုနဲ့ မထင်မှတ်ပါပဲ ကျွန်မတို့အလှည့်ရောက်မယ့် အချိန်မှာ ဘူဇွာကြီးက သီချင်းဆိုတဲ့ အစီအစဉ်ပြီးဆုံးကြောင်း ထကြေငြာလိုက်တယ်။ ကျွန်မတို့လည်း တော်တော် စိတ်တိုသွားပြီး ဘူဇွာကြီးကို သွားထပြောတဲ့အချိန်မှာ အချိန်မရှိတော့ဘူး ဂိမ်းကစားတော့မှာမို့ ပြီးပြီဆို ဖြတ်ချလိုက်တယ်။ အဲဒီနေ့က ကျွန်မတော်တော် စိတ်မကောင်းဖြစ်သွားတယ်။ ဒီလောက် ကြိုးစားပမ်းစား တိုက်ခဲ့ရတဲ့ သီချင်းကို မှန်းထားတဲ့အတိုင်း မဆိုလိုက်ရပါဘဲ အိမ်ပြန်ခဲ့ရတယ်။ 

 အဲဒီကျောင်းမှာ ကျွန်မဆယ်တန်းအောင်တဲ့အထိ နေခဲ့ပေမယ့် နောင်နှစ်တွေမှာ ကျွန်မဘယ်တော့မှ သီချင်းဝင်မဆိုတော့ပါဘူး။ အဲဒီဘူဇွာအတန်းဖော်ကတော့ ထုံးစံအတိုင်း နှစ်တိုင်း အတန်းခေါင်းဆောင်နဲ့ MC လုပ်မြဲပါပဲ။ ကျွန်မစိတ်ထဲမှာလည်း  အနှိမ်ခံရလို့လား၊ လူသစ်မို့လား၊ ပေါ်ပြူလာဖြစ်သူ မဟုတ်လို့လား၊ မဲမဲတုံးတုံးလေးမို့လား ဆိုပြီး ဘာကိုမှန်းမသိ မှတ်မှတ်ရရ နာနာကျင်ကျင်ဖြစ်ခဲ့တယ်။

ဒီလိုနဲ့ပဲ အချိန်တွေကြာလာခဲ့တယ်။ ကျွန်မလည်း တက္ကသိုလ်တတ်၊ ပြည်ပမှာ ပညာဆက်သင်ပြီး သင်တန်းကျောင်းတစ်ကျောင်းမှာ ဆရာမဖြစ်လာခဲ့တယ်။ တနေ့ကျတော့ ကျွန်မအတန်းသစ်တစ်ခုကို စ၀င်ရတဲ့နေ့ပေါ့။ ကျွန်မကို ကျောင်းသားတစ်ယောက်က တရင်းတနှီးကြီး လာနှုတ်ဆက်တယ်။ "ဟဲ့ .. နင်ဒီမှာ ဆရာမလုပ်နေတာလား" ကျွန်မကြည့်လိုက်တော့ ငယ်ငယ်တုန်းက ဘူဇွာကြီးဖြစ်နေတယ်။ " ငါဒီမှာ သင်တန်းလာတတ်တာလေ" တဲ့ သူပြောတယ်။ "နင်ငါ့ကို မမှတ်မိဘူးလား" တဲ့။ မှတ်မိတာပေါ့..။ ကျွန်မရဲ့ ကလေးဘ၀စိတ်ဒဏ်ရာကြီးပဲ...။ အဲဒီနေ့က ကျွန်မဘူဇွာကြီးတို့ အတန်းကို စာသင်ပြီး ပြန်လာခဲ့တယ်။ အပြန်လမ်းမှာ ဘာကြောင့်ရယ်မသိ ကျွန်မတစ်ယောက်တည်း ပြုံးလိုက်မိတယ်..။ နောက်ပြီး ကျွန်မကောင်းကင်ကို မော့ကြည့်မိတယ်။ တိမ်တွေနဲ့ လင်းလင်းချင်းချင်း ပြီးတော့ ကျွန်မ အသံထွက်ပြီးပဲ ရယ်လိုက်မိပါတယ်.. ပထမတစ်ကြိမ်ပြုံးလိုက်မိတဲ့ အပြုံးအတွက် ကျွန်မကိုယ်ကျွန်မ ရယ်မိတာပါ။ ကျွန်မစိတ်ထဲမှာတော့ စိုင်းထီးဆိုင်သီချင်းမဆိုရတဲ့ စိတ်ဒဏ်ရာဟာ အဲဒီကောင်းကင်ကိုမော့ကြည့်လိုက်တဲ့ အချိန်လေးအတွင်းမှာ အလွန်ကို ရီစရာကောင်းစွာနဲ့ ကျေပျက်သွားခဲ့ပါပြီ။

အခုချိန်မှာတော့ ကျွန်မ နာကျင်မှုကို ပုံသဏ္ဍန်မျိုးစုံနဲ့ သင်ယူနေခဲ့ရပါပြီ။ မျှော်လင့်တာတွေဖြစ်မလာတဲ့အခါ၊ လိုချင်ရက် မရယူနိုင်တဲ့အခါ၊ မလိုချင်ပါဘဲ ရယူလိုက်ရတဲ့အခါ၊ အကြောင်းပြချက်မရှိ ရှုံးနိမ့်လိုက်ရတဲ့အခါ၊ အမျှော်လင့်တဲ့အရာတွေကို နှလုံးသွင်းလိုက်ရတဲ့အခါ၊ ချစ်ခင်သူတွေ ခွဲခွါသွားတဲ့အခါ၊ ပိုင်ဆိုင်နေကျအရာတွေ ပျောက်ဆုံးသွားတဲ့အခါ စသဖြင့် နည်းလမ်းအသွယ်သွယ်နဲ့ နာကျင်မှုတွေကို သင်ယူနေခဲ့ရတယ်။  နာကျင်မှုတစ်ခု ဒဏ်ရာအဖြစ် မြုံကျန်ခဲ့မယ့်အချိန်တိုင်း အဲဒီလို တိမ်တွေနဲ့ လင်းလင်းချင်းချင်းကောင်းကင်ကြီးကို မော့ကြည့်ရင်း အဲဒီလို အသံထွက်ရယ်မောရင်း ကလေးဘ၀က စိတ်ဒဏ်ရာလေးလိုပဲ ရီစရာကောင်းစွာ ကျေပျက်သွားအောင် ကျွန်မကြိုးစားနေထိုင်နေပါတော့တယ်......။

၂၄ မတ်လ ၂၀၁၂
စနေနေ့

Wednesday, March 21, 2012

အဲဒီမြို့

အဲဒီမြို့
မြေလွတ်မြေရိုင်းတွေ ပေါတဲ့မြို့
ကွန်ကရစ် လမ်းမကျယ်တွေ ထိုးထောင်ထွက်နေတဲ့မြို့
နီယွန်မီးတွေ အပြိုင်းအရိုင်း ပြိုကျနေတဲ့မြို့

အဲဒီမြို့……
တောသူမလေး တစ်ယောက်
မတောက်တခေါက်အလှပြင်ထားသလို
မိတ်ကပ်တွေ ပေကျံနေတဲ့မြို့
ရုရှဖက်ဒရေးရှင်းလို Shock Therapy နည်းနဲ့
Transition နောက် ဒရောသောပါး လိုက်လိုက်ရတဲ့မြို့
အစိမ်းရောင် လွန်ကဲတဲ့မြို့
အူတိအူကြောင် မြို့တော်ဖြစ်လိုက်ရတဲ့မြို့…….

အဲဒီမြို့ဟာလေ
လွင်ထီးခေါင် အလှတရားတစ်ခု ရှိနေသေးလို့သာ
မော်တော်ဆိုက်ကယ် ယဉ်ကျေးမှုတစ်ခု ရှိနေသေးလို့သာ
မြို့ကြီးသားလေထုတွေရဲ့ ကျေးတော်ကျွန်တော်ဘ၀ မကျရောက်သေးလို့သာ
ဖားလောင်းဆန်ဆန်လေး လှနေသေးပြန်တာ………..။

(၁၁ မတ်လ ၂၀၁၂ အမှတ်တရ)

Tuesday, March 20, 2012

ကျွန်မနှင့် သစ်ပင်များ

ငယ်ငယ်တုန်းက ကစားနေကျ ကစားနည်းတစ်ခုရှိတယ်။ "တန်ခူးလမှာ ဘာရွက်လဲ" လို့ ပြေးမဲ့လူကမေးရင်လိုက်မယ့်သူတွေက "ပိတောက်ရွက်" ၊ "ကဆုန်လမှာ ဘာရွက်လဲ" စသည်ဖြင့် ၁၂ လရာသီအလိုက် မေးတဲ့လူကမေးရပြီး လိုက်မယ့်သူက အရွက်နာမည်တွေကိုဖြေ၊ အဲဒီဖြေလိုက်တဲ့အရွက်ကို ဖမ်းတဲ့လူ လိုက်မမှီခင် အမှီရအောင် ရှာခူးရတယ်။ အဲဒီလိုရှာခူးနိုင်ဖို့ကို သစ်ပင်နဲ့ အရွက်တွေကို အရင် သင်ယူထားရတာပေါ့။

ကျွန်မငယ်ငယ်ကဆို သစ်ပင်တွေကို သိပ်စိတ်ဝင်စားတယ်။ လမ်းတစ်လျှောက်သွားပြီဆို ဟိုဟာ ဘာပင်လဲ.. ဒီဟာဘာပင်လဲ မေးလွန်းလို့ ကျွန်မနဲ့ အတူသွားတဲ့လူကြီးတွေဆို ကျွန်မကိုပြောတယ် နင်တော့ ကြီးလာရင် သစ်ပင်တွေအကြောင်း သင်ရတဲ့ အလုပ်မျိုး လုပ်မယ်ထင်တယ်တဲ့။

သစ်ပင်တွေအကြောင်း ကျွန်မ စပြီးမှတ်မှတ်ရရရှိခဲ့တဲ့အချိန်ဆို ကျွန်မ လေးနှစ် သမီးလောက်က ဖြစ်မယ်ထင်တယ်။ ကျွန်မတို့ နေရတဲ့ ၀င်းကြီးက အကျယ်ကြီး... အရင်က သင်္ချိုင်းကြီး ဖြစ်ခဲ့ဖူးတယ်လို့တောင်ပြောကြတာ။ အဲဒီဝင်းအကျယ်ကြီးထဲမှာ ကျွန်မတို့နေတဲ့ ၂ လုံးတွဲ နှစ်ထပ်အိပ်ကလေး ရှိတယ်။ အဲဒီမှာ ကျွန်မ အဖေဘက်က အမျိုးတွေ နဲ့ အဘိုးအဘွားတွေ အားလုံးစုနေကြတယ်။ အဲဒီဝင်းကြီးရဲ့ အနောက်ဘက်ဝေးဝေးမှာ ကျူပင်တွေ တရုန်းရုန်းထနေတဲ့ တောကြီးရှိတယ်။ အဲဒီတောကြီးကိုမရောက်ခင် ရေကန်ကြီးတွေ၊ ကန်သင်းတွေလည်း ဖြတ်ရတယ်။ အဲဒီရေကန်တွေထဲမှာ သဲကန်ကြီး တစ်ကန်လည်းပါတယ်။ အဲဒီကန်ထဲမှာ ပုစွန်တွေလည်းပေါတယ်။ ငါးတွေလည်း မျှားလို့ရတယ်။ ကျူတော ကြီးထဲမှာတော့ မြွေတွေပေါတယ် ပြောကြပေမယ့် ကျွန်မတို့ မောင်နှမတွေ တစ်ယောက်မှတော့ မြွေနဲ့ မတိုးခဲ့ကြဘူး။ သဲကန်ကြီးထဲဆို ကျွန်မအစ်ကိုတွေက ဒိုင်ဗင်ပစ်နေကျ။ ကျွန်မက အဲဒီတုန်းက ငယ်သေးတော့ ကျွန်မအစ်ကိုတွေ ဘောင်းဘီစဆွဲပြီး တကောက်ကောက် လျှောက်လိုက်နေတဲ့ အရွယ်ပေါ့။ သူတို့ ကစားဝိုင်းတွေထဲ မပါရလို့ ငိုငိုယိုယိုနဲ့ တိုင်တန်းတတ်လွန်းလို့ ကျွန်မကို ငယ်ငယ်က လူဆိုးမလို့ မကြာခဏပြောကြတယ်။ မှတ်မှတ်ရရပါ .. အဲဒီဝင်းကြီးရဲ့ မြောက်ဘက်အရပ်မှာ ညောင်ပင်ကြီးတစ်ပင်ရှိတယ်။ အဲဒီညောင်ပင်ကြီးမှာ ကျစ်ကြိုးကြီးနှစ်ချောင်းကို သစ်သားပြား တစ်ပြားမှာ ချည်ထားပြီး ကျွန်မတို့ မောင်နှမတွေ ဒန်းလုပ်စီးတတ်ကြတယ်။ ကျွန်မအစ်ကိုတွေက ကစားပြီဆို မျောက်ရှုံးအောင် ဆာ့ကြတယ်။ မောင်နှမတွေလည်းများ၊ လွတ်လည်း လွတ်လပ်တော့ ဘေးမဲ့တောထဲက တိရစ္ဆာန်လေးတွေလို မီးကုန်ယမ်းကုန် ကစားတတ်ကြတယ်။ အဲဒီညောင်ပင်ကြီးမှာ ဒန်စီးပြီဆို လေထဲကို လွင့်နေအောင်ကို လွှဲကြတာ။ ကျွန်မကလည်း သူတို့စီးတော့ ငိုငိုယိုယို စီးမယ်လုပ်တော့ သူတို့ အမြင်ကပ်ကပ်နဲ့ အမြင့်ကြီးရောက်အောင် လွှဲ၊ ကျွန်မကလည်း အဲဒီလိုများစီးရပြီဆို ပျော်တာမှ။ ဘယ်တော့မှမမေ့တဲ့နေ့တွေပေါ့။ အဲဒါနဲ့ကျွန်မတို့အတွက် အဲဒီ ညောင်ပင်ကြီးက ကစားရပ်ဖြစ်နေတတ်တယ်။ ကျွန်မမှတ်မိသလောက် အဲဒီညောင်ပင်ကြီးမှာ နတ်ပူဇော်တာတွေ မကြာခဏ လာလာ လုပ်လေ့ရှိကြတယ်။ အမေတို့က ကျွန်မတို့ကို အဲဒီမှာ မဆော့ဖို့ အမြဲမှာတတ်တယ်။ ဒါပေမယ့် ကျွန်မတို့ မောင်နှမတွေကတော့ အဲဒီ နှစ်ချို့ ညောင်ပင်ကြီးကို တအားသံယောဇဉ်ကြီးကြတယ်။

တစ်နေ့ကျတော့ ကျွန်မ ဗိုက်ထဲမှာ အလုံးကြီးတစ်လုံး ပေါ်လာပြီး ပြင်းပြင်းထန်ထန် အောင့်အောင့်လာတယ်။ အဲဒီအချိန် ကျွန်မမောင်လေးက မွေးကာစ လသားလေးပဲ ရှိသေးတယ်။ ကျွန်မဗိုက်အောင်ပြီဆို မချိမဆန့် ခံစားရတယ်။ ဗိုက်ထဲက အလုံးကြီးကလည်း ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ တအားခံစားရတာလို့ အမေက ပြောဖူးတယ်။ အဲဒီလိုနဲ့ ကျွန်မဆေးရုံတွေ မကြာခဏ တက်ရတယ်။ ကျွန်မမောင်လေးက ကျွန်မဆေးရုံပဲတက်နေရတော့ အမေနို့မစို့ရဘူးလို့ ပြောတယ်။ ကျွန်မဆေးရုံတစ်ခုကဆင်းလာပြီး မကြာဘူး နောက်တစ်ခု တက်ရလိုက်နဲ့.. ကလေးဆေးရုံပေါင်းများစွာကို လှည့်တက်ခဲ့ရတယ်တဲ့။ ကျွန်မဗိုက်ထဲကအလုံးကြီးကလည်းဓာတ်မှန်ရိုက်လည်းမမြင်ရဘူးတဲ့။ ပေါ်လာပြီး ပျောက်တဲ့အခါကျ ပြန်ပျောက်သွားပြန်သတဲ့။ အဲဒီရက်တွေမှာ ကျွန်မရောဂါဖြစ်ရတာ နတ်ပြုစားတာများလားဆို ကျွန်မအဒေါ်က စပြီး သံသယာဝင်လာခဲ့တယ်။ ကျွန်မ ညောင်ပင်းကြီးဆီ သွားသွားဆော့လို့ တခုခုဖြစ်တာဆို ယုံကြည်စိတ်က ပိုပြင်းထန်လာကြတယ်။ ဒီလိုပဲ ကျွန်မလည်း ဆေးရုံတတ်ရလိုက် ပျောက်လို့ ပြန်ဆင်းလာလိုက်နဲ့ သံသရာလည်နေစဉ် တစ်နေ့မှာ.. ကျွန်မအဒေါ်က အလုပ်သမားတွေငှားပြီး အဲဒီညောင်ပင်ကြီးကို ခုတ်လှဲလိုက်ပါတယ်။ ငယ်ငယ်လေးတုန်းက ငယ်ငယ်လေးအလျောက် ၀မ်းပန်းတနည်းဖြစ်ခဲ့ရတယ်။ အဲဒီညောင်ပင်ကြီး မရှိတော့တဲ့အဖြစ်ကို ကျွန်မမှတ်မှတ်ရရ ၀မ်းနည်းဖွယ်ရာ ပြန်သတိရတတ်တယ်။ ညောင်ပင်ကြီးမရှိတော့ ကျွန်မတို့ မောင်နှမတွေလည်း ဒန်စီးရမယ့် နေရာမရှိကြတော့ဘူး။ ညောင်ပင်အောက် မြေတလင်းမှာလည်း သွားမဆော့ဖြစ်ကြတော့ဘူး။ ကျွန်မဗိုက်ထဲက အလုံးကြီးလည်း နောက်ဆုံးအခေါက် ဆေးရုံအတက်မှာ ခွဲစရာမလိုဘဲ ပျောက်သွားခဲ့တယ်။ ကျွန်မအဒေါ်နဲ့ အဘိုးအဘွားတွေကတော့ အဲဒါညောင်ပင်ကြီး ခုတ်လှဲလိုက်လို့ ပျောက်သွားတာလို့ ယုံကြည်နေခဲ့ကြတယ်။ ကျွန်မကတော့ သိပ်နားမလည်ဘူး ညောင်ပင်ကြီး မရှိတော့တာပဲ ၀မ်းပန်းတနည်း ဖြစ်နေခဲ့တယ်။

အဲဒီနောက် ကျွန်မတို့ အိမ်ပြောင်းခဲ့ရတယ်။ ထုံးစံအတိုင်း ကျွန်မတို့ မိသားစုကတော့ အိမ်တွေသိပ်ပြောင်းတဲ့ မိသားစုတစ်စုပါ။ အဖေတို့က နယ်လှည့်ဝန်ထမ်းလည်း မဟုတ်ပါဘဲ အိမ်တွေတော့ သိပ်ပြောင်းရပါတယ်။ ကျွန်မနောက်ပြောင်းရတဲ့ အိမ်မှာလည်း မြေတလင်းကျယ်တွေရှိတယ်။ ဒါပေမယ့် ကျွန်မတို့ နေရတဲ့ အိမ်က ပြိုလဲကာနီးလေးမို့ ၀ါးပိုးလုံးကြီးတွေနဲ့ ထိုးကန်ထားရတယ်။ အိမ်ပေါ်ထပ်မှာ ၀ါးကပ်လိုကြမ်းမျိုး ခင်းထားတာမှတ်မိတယ်။ အဲဒီ ၀ါးကြမ်းခင်းထဲမှာ ညဆို ကြွက်တွေ ပွက်လောရိုက်နေတတ်ကြတယ်။ ဒါပေမယ့် ကျွန်မ အဲဒီ အိမ်လေးမှာလည်း ပျော်ပါတယ်။ ပထမဆုံးအကြိမ် ကျွန်မတို့ မိသားစုချည်းပဲသက်သက် နေခဲ့ရတဲ့ အိမ်ကလေးပါ။ အဲဒီခြံထဲက မြေတလင်းထဲမှာ စံပယ်တာတွေလည်းရှိတယ်။ စံပါယ်တွေပွင့်ချိန်ဆို တအားမွှေးတာ။ ဒါပေမယ့် အဲဒီစံပယ်ပင်တွေက ကျွန်မတို့ ပိုင်တာတော့ မဟုတ်ဘူး။ သူများ ပိုင်တဲ့အပင်တွေပါ။ ကျွန်မက စံပါယ်ပန်းလေးတွေတော့ ကလေးတစ်ယောက် သဘောကျပုံမျိုးနဲ့ သဘောကျတယ်။ ဒါပေမယ့် ကျွန်မ ပန်းနံ့တွေတော့ အဲဒီထဲက မကြိုက်လှဘူး။ အဲဒီခြံထဲမှာ နောက်ထပ် ဒညင်းပင်၊ သနပ်ခါးပင်၊ သရက်ပင်တွေနဲ့ မာကလာပင်တွေလည်း ရှိတယ်။ သနပ်ခါးပင်က သစ်ကိုင်းပျော့ပျော့လေးတွေဆို ကျွန်မ တစ်သက်မမေ့ဘူး။ ကျွန်မ အတန်းထဲမှာ စာမေးပွဲဖြေလို့ အဆင့်တစ်မရခဲ့ရင် အဲဒီသစ်ကိုင်းနဲ့ ကျွန်မအစ်မဆော်တာ ခံရပြီသာမှတ်။ ဒညင်းပင်အောက်က မြေတလင်းမှာဆို ကျွန်မနဲ့ ကျွန်မအစ်ကိုတွေ ကုလားမဆီး နင်းနေကျ။ မြေတွေက သဲဆန်တဲ့မြေမို့ ကလေးပီပီ သိပ်လူးလို့ကောင်းတဲ့ မြေတွေပါ။ ပြီးတော့ ကျွန်မတို့မွေးထားတဲ့ ခွေးအကြီးကြီး နှစ်ကောင်လည်း ရှိတယ်။ အဲဒီခွေးကြီးတွေကို ဒညင်းပင်အောက်က မြေတလင်းကြီးမှာ ခွခွစီးရပြီဆို ကျွန်မသိပ်ပျော်တာ။ အဲဒီတုန်းက ကျွန်မအသက် ၇ နှစ်နဲ့ ၈ နှစ်ကြား ကာလတွေထင်တယ်။ ကျွန်မတက်ရတဲ့ကျောင်းက ၄၅ မိနစ်လောက်လမ်းလျှောက်သွားရတယ်။ အဲဒီ ၄၅ မိနစ်မှာ မိနစ် ၃၀ လောက်က ၀ါးရုံတောရှိတဲ့ လမ်းကြီးကို ဖြတ်ရတယ်။ လေတအားတိုက်တဲ့အချိန်ဆို ၀ါးရုံပင်တွေ ယိမ်းထိုးပြီး တရွှီးရွှီးမြည်နေတာ မော့မော့ကြည့်ပြီး ကျွန်မ တအားသဘောကျခဲ့တာ။ ပြီးတော့ အိမ်နားမှာ သဲချောင်းလေးတွေလည်း ရှိတယ်။ အဲဒီသဲချောင်းလေးတွေထဲ ခြေတွဲလောင်းချထိုင် ၀ါးပင်က ၀ါးရွက်လေးတွေကို လှေလုပ်ပြီးမျှော၊ နောက် ချောင်းထဲဆင်းပြီး ငါးသလဲတိုးလေးတွေ လက်ခုပ်လေးနဲ့ ဆင်းဆင်းဖမ်းနဲ့ ကျွန်မမှာ အားလပ်ချိန်ကို မရှိသလောက်ပဲ။ ကျောင်းအားရက်တွေဆို ကျွန်မ မာလကာပင်ကြီး နှစ်ပင်ပေါ်ရောက်ရောက်နေတတ်တယ်။ ကျွန်မအစ်ကိုတွေ ဒညင်းပင်ကြီးပေါ်တက်တော့ ကျွန်မလိုက်တက်ချင်တယ်။ ဒါပေမယ့် ကျွန်မ ၇ နှစ်အရွယ်မို့ မတက်နိုင်ဘူး။ ကျောင်းအားရက်တွေဆို ကျွန်မတက်နေကျ မာလကာပင်ကြီး၂ ပင်ရှိတယ်။ လေတိုက်လို့ ယိမ်းထိုးနေတဲ့ သစ်ကိုင်းတွေကိုစီး၊ မိုးရွာကာနီး အုံ့မှိုင်းပြီးလှနေတဲ့ ကောင်းကင်ကြီးကိုကြည့် ပြီးတော့ မာလကာသီးတစ်လုံးကို လက်ကကိုင်စား တကယ့်ကို စိုင်းထီးဆိုင် သီချင်းထဲက ပျောက်ဆုံးနေသော နိဗ္ဗန်ဘုံတစ်ခုလိုပါပဲ။ နောက်မကြာဘူး ကျွန်မတို့ မိသားစု အိမ်ပြောင်းရပြန်ပါတယ်။ မှတ်မိတယ် ကျွန်မ ကိုးနှစ်အရွယ်ပေါ့။ အဲဒီ မြေတလင်းရယ်၊ မာလကာပင်ကြီးနှစ်ပင်ရယ်၊ ခွေးကြီးတွေရယ်ပါ ထားခဲ့ရလို့လား၊ ကျွန်မပဲ ပိုပြီးခံစားတတ်လာလို့ပဲလား မသိ ညောင်ပင်ကြီး ခုတ်လှဲတာထက် ပိုပြီး မှတ်မှတ်ရရနဲ့ ခံစားခဲ့ရတယ်။

ကံတော့ကောင်းတယ်။ ကျွန်မတို့ နောက်ပြောင်းရတဲ့ အိမ်က သဲချောင်းတွေ၊ ၀ါးရုံတောတွေ၊ စံပယ်ခင်းတွေ မရှိပေမယ့် ခြံကြီးဝန်းကျယ်ကြီးတစ်ခုပဲ။ အဲဒီခြံဝန်းထဲမှာ ရှေးဟောင်းဂေဟာကြီးတစ်ခုရှိတယ်။ အဲဒီဂေဟာကြီးက အစိုးရပိုင်ပါ။ ကျွန်မတို့က အဲဒီဂေဟာကြီး အနောက်က အစိုးရတန်းယားတွမှာ နေရတယ်။ ဒီတစ်ခါတော့ ကျွန်မတို့မိသားစု ကျွန်မအဒေါ်နဲ့အတူ ပြန်ပေါင်းနေရတယ်။ အဲဒီခြံဝန်းကြီးထဲမှာ ရေတမာပင်တွေရှိတယ်။ ခေါင်းလောင်းပန်းပင်တွေ၊ ဂျပန်နှင်းဆီးတွေ၊ ယူကလစ်ပင်တွေ၊ ပုံဏရိပ်ပင်တွေ၊ တိုက်ကပ်ပန်းပင်နဲ့ စက္ကူပန်းပင်တွေ၊ ဂေါ်သဇင်ခြံစည်းရိုးပင်တွေ နောက် ကျွန်မအချစ်ဆုံး ကန့်ကော်ပင်တွေရှိတယ်။ အဲဒီနေရာမှာ ကျွန်မအချစ်ဆုံး ဆောင်းရာသီတွေ ရှိတယ်။ ဆောင်းရောက်ပြီဆို ကန့်ကော်ပင်တွေထိပ်ဖျားပဲ ကျွန်မအမြဲတမ်း ရောက်ရောက်နေတတ်တယ်။ ကန့်ကော်ရနံ့တွေ တသင်းသင်းနဲ့ ဆောင်းတွင်း ကာလတွေ ကျွန်မမမေ့ပါဘူး။ ကျွန်မတို့ကျောင်းက မနက် ၉ နာရီတက်ရတယ်။ ကျောင်းက အိမ်နဲ့နီးတယ်။ မနက် ၇ နာရီ ၈ နာရီထိ ကျွန်မ ကန့်ကော်ပင် အဖျားမှာရှိနေတတ်တုန်း။ ကျောင်းသွားတဲ့ သူငယ်ချင်းတွေနဲ့ လှမ်းနှုတ်ဆက်လို့ကောင်းတုန်း။ အဲဒီချိန် ကျွန်မ ကဗျာတွေစာတွေ ခံစားတတ်စဖြစ်နေပြီ။ သီချင်းတွေလည်း ခံစားတက်နေပြီ။ ၁၁ နှစ် ၁၂ အရွယ်.. မှတ်မိတယ်.. ကန့်ကော်ပင်ဖျားမှာ ဗဒင်သီချင်းလေး တညီးညီးနဲ့ မနက်ခင်းတွေ။ မကြာပါဘူး အဲဒီကန့်ကော်ရနံ့သင်းတဲ့ နံနက်ခင်းတွေလည်း ကျွန်မချန်ထားရစ်ခဲ့ရတယ်။

အဲဒီနောက်ပိုင်း ကာလတချို့မှာတော့ မြို့သစ်ရပ်ကွက်တစ်ခုကို ပြောင်းရွှေ့ခဲ့ပြန်တယ်။ မြို့သစ်အိမ်က သစ်ပင်တွေ ဖြစ်ထွန်းလောက်အောင် မြေခံမကောင်းပါဘူး။ ခြံကျယ်ကြီးလည်း မဟုတ်ဘူး။ ကျွန်မတို့ပြောင်းကာစက လည်ပတ်ကြား ကွဲအက်အက်မြေပေါ်မှာ ထင်းရှူးပင်လေးတွေ အိမ်ရှေ့မျက်နှာစာမှာ စစိုက်ထားခဲ့တယ်။ ကျွန်မတို့အိမ်လေးကို ဆေးအဖြူရောင်လေး သုတ်ထားတယ်။ ကျွန်မတို့မိသားစုတွေချည်းပဲ ပြန်နေရလို့ ပျော်စရာတော့ကောင်းတဲ့ ကာလတွေပါ။ ကျွန်မ ၈ တန်း ၉ တန်း အရွယ်.. ကျွန်မအစ်ကိုတွေ ဂစ်တာတီးသင်ပေးလို့ တဒေါင်ဒေါင် တဒင်ဒင်လုပ်တတ်နေပြီ။ တချို့ ၀တ္ထုစာအုပ်တွေကို ခိုးဖတ်ပြီး လှုပ်ခတ်တတ်တဲ့ အရွယ်ပါ။ ၁ နှစ် ၂ နှစ် အကြာမှာ ထင်ရှူးပင်လေးတွေ အပြိုင်းအရိုင်းကြီးလာခဲ့ပြီ။ မြို့သစ်ဆိုတော့ အပူအအေးလွန်ကဲပြီး လေတိုက်လည်းကြမ်းတမ်းတယ်။ ညဘက်တွေဆို လေနဲ့ ဝှေ့ရမ်းနေတဲ့ ထင်းရှူးပင်တန်းတွေကြားထဲကနေ လင်းထိန်နေတဲ့ အိမ်ဖြူဖြူလေးကို လှမ်းမြင်ရတဲ့မြင်ကွင်းမျိုး ကျွန်မ တစ်သက်မမေ့ပါဘူး။ အဲဒီထင်းရှုးပင်တွေအောက် ခုံတန်းမှာ ထင်းရှူးပင်တွေကပြောတဲ့ ဂီတကို နားထောင်ရင်း (ထင်းရှူးပင်တွေက လေချွန်တယ်လေ) ကျွန်မ အစ်ကိုတွေက ဂစ်တာတီး ကျွန်မက သီချင်းတွေဆိုနဲ့ .. ထင်းရှူးနံ့သင်းတဲ့ ကာလတွေကို အခု လက်ရှိ ကျွန်မတို့နေအိမ်ကို ပြောင်းရတဲ့ခါ ထားခဲ့ရပြန်ပါတယ်။

ခုတော့ ကျွန်မတို့အိမ်မှာ ဘာသစ်ပင်မှ မရှိပါဘူး။ လှေကားထစ်တွေရှိတယ်။ သစ်ပင်ဖျားက ခံစားရတဲ့ အရသာမျိုး မဟုတ်ပေမယ့် အထပ်မြင့်တဲ့အတွက် အဝေးက တိုက်လာတဲ့ လတ်ဆက်တဲ့ လေအေးတွေကို ခံစားခွင့်တော့ရှိတယ်။ အိမ်ရှေ့အိမ်နောက် တစ်မိနစ်လောက်တောင် လျှောက်စရာမလိုဘဲ ရောက်နိုင်တယ်။ အချိန်မရှိ အချိန်ရှိမှ အိမ်ပြန်လို့ရတယ်။ တိုက်ခန်း ယဉ်ကျေးမှုတွေရှိတယ်။ မြို့ပြအငွေ့အသက်တွေရှိတယ်။ ငါးကင်ယဉ်ကျေးမှုတွေလည်း ထွန်းကားတယ်။ တခါတရံ တန်ခူးအခါတွေ လမ်းထိပ်က ပျံ့လွင့်လာတတ်တဲ့ ပိတောက်ရနံ့ကို ရှူရှိုက်ရတာကလွဲလို့ ပန်းရနံ့တွေ ဆိတ်သုန်းတယ်။ ၂၅ - ၃၀ အရွယ်၊ နှလုံးသားလည်း ထိရှမလွယ်တော့ပေမယ့် ငယ်ငယ်တုန်းက သစ်ပင်တွေကို လွမ်းစိတ်ကတော့ အမြစ်တွယ်တုန်း။ သစ်ပင်တွေရှိတဲ့ အရပ်တွေရောက်ရင် ငယ်ငယ်တုန်းကလို တလှပ်လှပ်ပျော်တုန်း။ ခရီးသွားရင်း သဲချောင်းငယ်တွေ တွေ့ရင် ငါးဆင်းဖမ်းချင်တုန်း၊ မာလကာပင်တွေတွေ့ရင် တက်ခူးစားချင်တုန်း။ ၀ါးရွက်ငယ်တွေတွေ့ရင် လှေလုပ်လွှတ်ချင်တုန်း။ ထင်းရှူးပင်တွေတွေ့ရင် သီချင်းတွေ ငြီးချင်တုန်း။ ညောင်ညိုပင်ကြီးတွေတွေ့ရင် ဒန်းဆင်ပြီး စီးချင်တုန်း... ဒါပေမယ့် .... ပျောက်ဆုံးခဲ့တဲ့ နိဗ္ဗာန်ဘုံလေးကိုတော့ ပြန်ရှာမတွေ့နိုင်တော့ပါ...........။


၂၀ မတ်လ ၂၀၁၂
၉ ၃၀ ညနေ

အလေ့ကျပေါက်ပင်

သူဘာသာသူ ရှင်သန်နေနိုင်တာနဲ့ပဲ

ပြုစုယူယဖို့ မလိုအပ်တော့ဘူးလား …

သူ့မှာလည်း နွေးထွေးတဲ့ နေရောင်ကို

ထိတွေ့ခံစားချင်စိတ်မျိုးရှိမယ်

သူ့မှာလည်း ပေါင်းမြက်၊ ပိုမွှားတွေရဲ့ရန်က

အကာအကွယ်ခံချင်လိုစိတ်မျိုးရှိမယ်…

သူ့မှာလည်း အရိပ်တကြည့်ကြည့်

သူ့အသီးအပွင့်၊ အကိုင်းအခက်တွေရဲ့

လှပဝေဆာမှုကို အကြည်နူးခံလိုစိတ်မျိုးရှိမယ်…

လေဒဏ်ရေဒဏ်ခံနိုင်လွန်းတဲ့

ဖြစ်လာရာ ကျုန်းရုန်းရှင်သန်နိုင်လွန်းတဲ့

စိတ်ဓာတ်နဲ့ အားမာန်မျိုး ရှိနေပေမယ့်

သူလည်း …

နှလုံးသားနဲ့မှ အသိအမှတ်ပြုမှု ခံယူဖို့ လိုအပ်နေသေးတဲ့

သက်ရှိသစ်ပင်တစ်ပင် ဖြစ်တယ်…။

၁၉.၁၂.၂၀၁၀

တနင်္ဂနွေ

၃း၃၀

ပထမဆုံးရေးဖြစ်သောကဗျာ

မေတ္တာကို စွန်လိုလုပ်လွှတ်လို့ရစကောင်းလား

သစ်တစ်ပင်စိုက်သလိုလေ

အရိပ်တကြည့်ကြည့်

လွတ်လပ်စွာရှင်သန်ပါစေတော့……

မလျှိုမ၀ှက် ဌာန်ကုန်ရိုးသားခဲ့လို့ ရှုံးရသတဲ့

ဒါဆို .. အဲဒီအရာ အရှုံးမဟုတ်ဘူး သေချာတယ် …..။

သဘာဝကျကျ ရိုးရိုးလေး ရှင်သန်ရအောင်ပါ

အောင်နိုင်သူမဖြစ်လည်းနေ

သိမ်းပိုက်ခြင်းကို အလှတရားတစ်ခုလို့တော့ မမြင်ဘူး……။

Saturday, March 17, 2012 at 3:44pm