ထီးလိုမင်းလို ဘုရားဝန်းထဲက .. လေထဲလွင့်ပါးနေတဲ့ ဆည်းလည်းသံ
......ရုပ်သေးကြိုးဆွဲရုပ်ငယ်တွေ.... အလှချိတ်ဆွဲတဲ့ သစ်သားရုပ်ကလေးတွေ
... လွင့်ပါးနေတဲ့ သဲပန်းချီကားချပ်တွေ .. နောက် တည်တည်ခန့်ခန့် သစ်သား မျက်နှာဖုံးတွေ
ပြီးတော့ ဈေးသည်တွေရဲ့ အသံတွေ ... အဲဒီ တစ်ဒင်္ဂမှာ အဲဒီအသံတွေအားလုံးက
နှလုံးသားကို စကားတွေ အများကြီး လာပြောနေတယ် .....
လောကနန္ဒာဘုရားကနေ
ရှူရှိုက်ခဲ့ရတဲ့ ဧရာဝတီရဲ့ရနံ့ရယ်၊ ဧရာဝတီရဲ့လေတိုးသံ၊ ဟိုးအဝေးခပ်ပြပြက
သဲမှုန်တိုင်းငယ်ငယ်၊ နောက် ငှက်ကလေးတွေရဲ့အသံ၊ ဘုရားအုတ်ပေါက်တွေကြားက
လှမ်းမြင်နေတဲ့ မြတ်နိုးစရာကောင်းတဲ့ ကျွန်မတို့ရဲ့ဧရာဝတီ ....
ရွှေစည်းခုံဘုရားပေါ်မှာ
မီးမပူဇော်ရသေးတဲ့အချိန် . မှောင်ပြပြ ညနေရီမှာ ကျေးငှက်တွေရဲ့အသံရယ်..
ဘုရားထဲလာ ကစားနေကြတဲ့... ကလေးတွေရဲ့အသံရယ်.. ဘုရားကဆည်းလည်း သံတွေရယ် .....
နောက်ဘုရားစာရွတ်နေတဲ့ အဘိုးတစ်ယောက်အရဲ့အသံ .. ညနေခင်း
ခပ်စိမ့်စိမ့်တိုက်နေတဲ့ လေညှင်း .. ဘာကိုမှန်းမသိဘူး
ငြိမ်းငြိမ်းချမ်းချမ်းခံစားမှုတစ်မျိုးခံစားရတယ် .. အဲဒီခံစားမှုကိုလည်း
မျှဝေချင်စိတ်တစ်မျိုးလည်း ကပ်ပါခံစားရတယ် ...
အပြန်ကျတော့
ဘုရားဇောင်းတန်းတွေ မီးထွန်းထားပြီ.. ဘုရားဝန်းကျင်ကတော့
မှောင်မိုက်နေတုန်းပဲ.. ဘုရားဇောင်းတန်းထဲက ယိုဖိတ်ထွက်နေတဲ့ ၀ါကျင်ကျင်
အလင်းရောင်က အနုပညာဆန်တယ် ..
ဓမ္မယံကြီး ဘုရားဝန်းထဲမှာ တွေ့ခဲ့တဲ့ ကလေးလေးတွေ .......
အလှူခံနည်း အမျိုးမျိုး တွေ့ခဲ့ဖူးတယ် ..
မင်းကွန်းတစ်ဖက်ကမ်းသွားတော့ လှေပေါ်က ဆင်းတာနဲ့ ကလေးငယ်တွေ ကပ်လိုက်လာပြီး
အမွှေးတိုင်ယူပါ .. ဖယောင်းတိုင်ယူပါ နဲ့ အမှန်တော့ အလှူခံနည်းမျိုး
မဆန်အောင် အမွှေးတိုင်ကို မယူမချင်း တောက်လျှောက်လိုက်ပြီး
ဇွတ်လိုက်ရောင်းတဲ့ အလှူခံနည်းမျိုးကြုံဖူးတယ်..
နောက်
.. သန်လျင်မှာ ကျောင်းတတ်တုန်းက ကိုရင်လေးတွေ အလှူခံတာ .. ကားပေါ်က
ဆင်းပြီဆိုတာနဲ့ လမ်းကို ပိတ်ဆို့ထားပြီး အတင်းအလှူကို ထည့်စေတယ်.. မထည့်ဘဲ
ဇွတ်ထွက်သွားရင် နောက်ကနေ ဖိနပ်ကို နင်းထားပြီး "ဒကာမကြီး အလှူခံပါတယ်"
လို့ မပြတ်ပြောနေတဲ့ အလှူခံခြင်းမျိုးလည်း ကြုံဖူးတယ်။ ကိုရင်လေးတွေ နစ္စဒူဝ
ဒါမျိုးကြီးလုပ်နေတော့ နောက်ပိုင်း သူတို့လက်က လွတ်အောင်
ဇောချွေးပြန်မတတ် ထွက်ပြေးခဲ့ရဖူးတယ် ...
နောက်
လမ်းတွေမှာ ခရီးသွားဟန်လွှဲ ကားခမကျန်တော့လို့ ကားခလေး လှူပါဆို ..
မကြာခဏကြုံရတတ်တဲ့ အလှူခံခြင်းမျိုး.. အဲဒီ ကားခမကျန်တဲ့လူကိုပဲ ခဏခဏ
ကားခမကျန်တဲ့ အဖြစ်နဲ့ သွားသွားတိုးတတ်တဲ့ အလှူခံခြင်းမျိုးပါ ..
လှူနိုင်တဲ့ခါ လှူပြီး မလှူချင်တဲ့ခါလည်း မရှိဘူးပဲ ပြောပြောခဲ့တယ်
နောက်
ဘူဖေးဆိုင်မှာ ကြုံခဲ့ဖူးတဲ့ အလှူခံခြင်းမျို.. ဒါကလည်း တစ်မျိုးလေး
ထူးဆန်းတယ် .. အ၀စား မကုန်ရင် အလေးချိန်ချိန်ပြီး ငွေပြန်အန်းရမယ် ဆိုတဲ့
စာသားချိတ်ထားတဲ့ ဆိုင်တစ်ဆိုင်မှာ .. .. အသားတွေ ပြုတ်စားရတဲ့ ဘူဖေးမျိုး
.. ကိုယ်က စားနိုင်သလောက်ပဲ ယူပြီး ပြုတ်၊ ကင်စားနေတုန်း ..
စားပွဲထိုးလေးတစ်ယောက်က သူတို့ကြိုက်ရာအသားတွေ အများကြီးယူလာပြီး
ပြုတ်အိုးထဲ ထည့်ပါရစေတဲ့ .. ပြီးရင် သူတို့ မန်နေဂျာမမြင်အောင်
ဝှက်ယူပါ့မယ်တဲ့ .. အလှူခံတာပါတဲ့ .. အဲဒီတုန်းက မန်နေဂျာမြင်မှာစိုးလို့
ခိုးကြောင်ခိုးဝှက်နဲ့ လှူခဲ့ရဖူးတယ် ...
ဓမ္မယံကြီးဘုရားဝန်းမှာ
တွေ့ခဲ့တဲ့ ကလေးတွေကတော့ ဘုရားသမိုင်းအကြောင်း ရှင်းပြပါရစေဆိုပြီး
အလှူခံတယ် .. ဒါပေမယ့် ကိုယ်မသိချင်ဘူးဆိုလည်း အတင်းကပ်လိုက်မနေဘူး ..
သိချင်ရင်ပြောပါတဲ့ .. ချစ်စရာကောင်းတယ် ....
ကျောက်တုံးကြီးတစ်တုံးအကြောင်းကိုတော့ ပြောပြတယ် .. "ဒီကျောက်တုံးကြီးကို လက်နှစ်ဖက်ကို ကြက်ခြေခတ် လျှိုသွင်းပြီး ဖြတ်စေတဲ့စက်လို့ လူတွေက
လျှောက်ပြောကြတာ... အမှန်တော့ ဘုရားတည်လို့ အုတ်တွေစီတဲ့အခါ
ထောင့်ချိုးတွေမှာ အုတ်တွေခိုင်အောင် ညှပ်တဲ့ဟာပါ ..
လူတွေ
ထင်သလိုမဟုတ်ပါဘူး" တဲ့။
ကျွန်မ အဲဒီကလေးကို သဘောကျသွားတယ် ..
ကလေးဖြစ်ပေမယ့် ယုတ္တိမတန်တာတွေ ဇာတ်ဆန်ဆန် လျှောက်မပြောဘဲ ယုတ္တိဗေဒကျကျလေး
ပြောတတ်တာလေးကိုပါ .. နောက် သရက်သီးစိတ်တွေဝယ်ပြီး အဲဒီကလေးတွေနဲ့
အတူထိုင်စားကြတယ် ..
.ကောင်လေးအကြီးလေးက
လေးတန်းနဲ့ ကျောင်းထွက်ထားတယ်တဲ့..အငယ်လေးတွေက
ကျောင်းအားတုန်း အလုပ်လုပ်တာတဲ့ .. ဘုရားအကြောင်းတွေသိအောင် စာဖတ်တာလား
မေးတော့ .. ကိုယ့်ထက် သိတဲ့ လူကြီးတွေဆီက သင်တာပါတဲ့ .. အငယ်လေးက " သားတို့
အစ်ကိုက ဒီဘုရားမှာပဲ သဲပန်းချီရေးတယ်လေ .. သားတို့က သူ့ဆိုက်ကယ်နဲ့
လိုက်လိုက်လာတာ .. အိမ်မှာဆို ပူတယ်ဗျ ဘုရားမှာက ပိုအေးတယ် ..
သားတို့ရေချိုးရင် လောကနန္ဒာဘုရားနားက ဧရာဝတီမြစ်ထဲ ဒိုင်ဗင်သွားသွားပစ်တာပဲ
.. သိပ်ပျော်ဖို့ကောင်းတာ"။ ခဏနေတော့ ဧည့်သည်တစ်စုဝင်လာတယ် .. " သွားလေ ..
မင်းရှင်းပြရမယ့် အလှည့်မဟုတ်လား" ကျွန်မ အငယ်လေးကို ပြောလိုက်တယ်။
"သူတို့မှာ ဂိုတ် ပါတယ် .. သားသွားဖို့မလိုဘူး" တဲ့။ ကျွန်မ အဲဒီကလေးတွေကို
မုန့်ဖိုးပေးတော့ "ကျေးဇူးတင်ပါတယ်" တဲ့။ ဒီလို ယဉ်ကျေးပြီး
ရိုးသားချစ်စရာကောင်းတဲ့ ကလေးတွေကို ကျွန်မ စာသင်ကျောင်းကြီးထဲ စာအံလိုက်၊
ဆော့ကစားလိုက်နဲ့ပဲ မြင်ချင်တာပါ....။
(၂၈ ဧပြီ ၂၀၁၂ ... ပုဂံရောက်တုန်းက မှတ်မှတ်ရရ နှလုံးသားကို ထိခတ်စေခဲ့တဲ့ အရာတွေကို ခံစားတင်ပြခြင်းပါ။)