Friday, November 16, 2007

လွမ်းမောမှုများ

ကာလတွေထဲ ပစ်ချခံထားရတဲ့
ဝင်လေထွက်လေတိုင်းမှာ အမှတ်တရလို့ခေါ်မယ့်
တချိန်မှာ.....ရင့်မှည့်ချင်လည်း ရင်မှည့်သွားနိုင်မယ့်
တချိန်မှာ.....ပုပ်သိုးချင်လည်း ပုပ်သိုးသွားနိုင်မယ့်
အ၀ါရောင် သစ်သီးတစ်လုံးရှိတယ်...

ဟိုတုန်းကလည်း ဒီလိုအသက်ရှူနှုန်း
ဒီလိုရာသီ
ဒီလို ၀န်းကျင်
ဒီခန္ဓာ
ဒီလိုအခင်းအကျင်း
ဒီနာမည်နဲ့ ငါဟာ
ဒီအချိန်မျိုးတွေကို ဖြတ်သန်းဖူးသားနဲ့
ခုမှဘာလို့ ဒီလောက်ခဲယဉ်းနေသလဲ

တိမ်နိမ့်တွေ ..
ကောင်းကင်ထဲ အုပ်ဖွဲ့ပျံသန်းနေပုံများ

အထီးကျန်မှုဆိုတာ စိတ်ဝိညာဉ်ထဲ
ထုပ်ပိုးသိမ်းဆည်းထားပြီးသားဖြစ်တဲ့
ဘ၀ရဲ့ လက်ဆောင်မွန်

ဒီ့ထက် လတ်ဆတ်ဖို့ရာ
ကိုယ့်သမိုင်းကိုပဲ သက္ကရာဇ်ဖြိုပစ်ရမည်လား
ကိုယ့်ရင်ခုန်သံကိုပဲ
ချိန်သားကိုက် ဖန်တီးရမည်လား

ဝေ့၀ဲကျနေတဲ့ ရှင်သန်မှုအလျားထဲ
အတိတ်တွေဟာ အသိအမှတ်ပြုမခံရတဲ့
အိပ်မက်လှလှလေးတွေဆိုပါစို့

ဟောဒီညမှာ
ငါဟာ ငါ့အနာဂတ်တွေကို အုံ့အုံ့ဆိုင်းဆိုင်း
လွမ်းဆွတ်နေလေရဲ့.........

4 comments:

Unknown said...

မနေ့က အဖြစ်အပျက်အားလုံးဟာ
ဒီနေ့မှာ သမိုင်း
ဒီအကြောင်းနဲ့အကျိုးအတိုင်းပဲ
မနက်ဖြန်ကို ဖြတ်သန်းရဦးမယ်။

ငါတို့ ဘာလုပ်ကြသလဲ
ငါတို့ ဘာလုပ်ရမလဲ
ကျောက်ခေတ်ကစလို့ မနေ့ကအထိ
အီဗလူးရှန်းကိစ္စချန်ထားလိုက်ရင်
လူမှာ ဘာဂုဏ်သိက္ခာမှ ပြစရာမကျန်ဘူးတဲ့
သဘာဝကို ရွေးချယ်နေရတာကိုက
တစ်ခါတစ်ခါ ခေါင်းနောက်ဖွယ်။

လက်ရှိထွန်းကားနေတဲ့ပညတ်ရှိတယ်
နောင် နှစ်ပေါင်းတစ်ရာမှာ မှန်လာမယ့်အမှန်တရားရှိတယ်
ဘယ်အရာကို တကယ်အရှိအဖြစ် သုံးသပ်မလဲ။

ဘာပဲဖြစ်ဖြစ်
ကာလတွေထဲ ပစ်ချခံထားရတဲ့
ဝင်လေထွက်လေတိုင်းမှာ အမှတ်တရလို့ခေါ်မယ့်
တချိန်မှာ.....ရင့်မှည့်ချင်လည်း ရင်မှည့်သွားနိုင်မယ့်
တချိန်မှာ.....ပုပ်သိုးချင်လည်း ပုပ်သိုးသွားနိုင်မယ့်
အနီရောင် ယုံကြည်ချက်တစ်ခုတော့ သေသေချာချာရှိတယ်...

May said...

မူလစာသားရော ထင်မြင်ချက်စာရော ဖတ်လို့ကောင်းပါတယ် . .
ချက်ချင်းဝေဖန်ဖို့ စာသား ရှာမရလို့ မရေးဖြစ်သေးတာပါ .. .
အိပ်မယ်တွေ ဘယ်လောက်လှလှ နိုးထပြီး ခါးသီးမှုကို ပြုံးပြလိုက်တာက ပိုအဓိပ္ပာယ်ရှိမယ်လို့ ထင်နေဆဲမို့ပါ..
အပြင်မှာလဲ တကယ်လှလာအောင် ဘ၀ခါးခါးတွေကပဲ အများဆုံး တွန်းပို့ခဲ့တာ မဟုတ်လား ..

May said...

မနွေ . . .
အသစ်မရေးဖြစ်တာ ကြာပြီပဲ . . .
မျှော်လင့်နေပါတယ်..

Anonymous said...

ဒီကဗျာကိုတော့ ကြိုက်သလိုလိုပဲဗျာ။ တစ်ခုခု ခံစားမှု ကူးစက်ခံရသလိုပါပဲ။ အ၀ါရောင် ဆိုတဲ့အသုံးအနှုန်းကို ကဗျာတွေ၊ ၀တုတွေထဲမှာ မကြာခဏတွေ့မိတယ်။ အ၀ါရောင်ကို ဘယ်လိုဟာမျိုးနဲ့ symbolize လုပ်ထားတာလဲဗျ။