Saturday, September 20, 2008

လွမ်းနာ

အလွမ်းကို ရင်နဲ့ မက
ကျောနဲ့ ထမ်းထားပါ့မယ်
အမြစ်ကျန်တဲ့
တမ်းတနာက တဆစ်ဆစ်ကိုက်တယ် ။
သက်ပြင်းချတယ်..
ဘယ်ကို လှိမ့်တယ်..
ညာကို ရုန်းတယ်..
အိမ်မက်ကို
စိတ်နဲ့ ခတ်ထုတ်လိုက်တယ်..
ခေါင်းရင်းမှာ အမှောင်တွေက
အုပ်ဖွဲ့ လှောင်ပြောင်လို့ ။
လာပါစေတော့.. ဒီညထဲ
စိတ်ရဲ့ ပရမ်းပတာ လွင့်မျောမှုမှာ
အတိတ်ကာလတွေက
တပ်မက်မှုတွေ ခါးတစ်ခွင်ခွင်ပြီး
ပိုသီဖတ်သီ ပြေးဝင်ဝင်လာတယ် ။
ဘယ်မှာလဲ .. ချစ်သူရယ်
အဲဒီလို..အလင်္ကာဆန်ချင်တယ်ဆို
ကာရံတွေ နှစ်တစ်ရာမက
ချို့သွားကြလိမ့်မယ်...ငါရဲရင့်စမ်းပါရစေ ။
လွမ်းနာကို လွမ်းနာလို့ပဲချရေးခဲ့မယ်
ဘယ်အရောင်ပေါ်မှာမှတော့ နောက်ခံထားမကြည့်ပါနဲ့
ဒီသက္ကရာဇ်ရဲ့ ဒီလ .......
ဒီနေ့ .......
ဒီည.......
ဒီအချိန်တိတိမှာ......
လူတစ်ယောက်သမိုင်းထဲ
အလွမ်းနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်။ ။

4 comments:

Anonymous said...

ငါ့ သူငယ်ချင်း လွမ်းနေတာ မကြည်ရက်လို့...
ချစ်သူနဲ့ အမြန် ပြန်ဆုံပါစေကြောင်း..
ဆုတောင်းပေးလိုက်ပါရဲ့....
လင်းပြာနဲ့ လင်းပြာရဲ့ ချစ်သူ.. အမြန်ဆုံး.... ပျော်ရွှင်ပါစေ...

ရွှန်းမီ said...

အိပ်မပျော်ပါဘူး ဆိုမှ.. မနွေကဗျာ လာဖတ်မိတယ်။ ဒီညအိပ်မက် မက်ဦးတော့မှာပဲ။
မနွေ ပြောသလိုပဲ ဒဏ်ရာတွေကို အရောင်တွေပေါ် ထပ်တင်မကြည့်တာ ပိုကောင်းမယ်။
အလွမ်းများမှ လွတ်မြောက်.. ဒါမှမဟုတ် သက်သာရာရပါစေ .. ။

Anonymous said...

နွမ်းတယ်။

Anonymous said...

မျိုးကြီးသီချင်း သတိရတယ်။ “ ငါ့စိတ်ထဲ (အလွမ်းနာ)၊ နှလုံးသားထဲ (အလွမ်းနာ). ငါလန့်လို့အော်မိတယ်၊ ....ငါ့ကိုမနှိပ်စက်နဲ့ ...”