Friday, October 3, 2008

လူသားနှင့် ခံစားခြင်း အနုပညာ

ကိုယ်ပိုင်ဆိုင်နေကျ အရာများ မပိုင်ဆိုင်ရတော့သည့် အခါ...ကိုယ်ပေးခွင့်ရနေသော အရာများ ပေးခွင့်မရတော့သည့် အခါ... လူတစ်ယောက်၌ စိတ်ထိခိုက် ပြိုလဲမှု ဖြစ်ပေါ်လေသည်။ ကမ္ဘာပေါ်တွင် အသည်းကွဲသည့် ကိစ္စ ရာထောင်သောင်းမက ရှိသည်။ မိမိ ချစ်သူက မိမိအား ပြန်မချစ်သည့် ကိစ္စ၊ မိမိချစ်သူ၏ သစ္စာဖောက်ခြင်းအား ခံရသည့် ကိစ္စ၊ နှစ်ဦးသဘောတူ ချစ်သော်လည်း အကြောင်းကြောင်းကြောင့် ခွဲခွာနေကြရသည့် ကိစ္စ၊ နှစ်ဦးသဘောတူ မချစ်သော်လည်း မနေမဖြစ် အတူနေထိုင် နေကြရသော ကိစ္စ....စသည် ကိစ္စများ အားလုံးသည် လူ့ဘ၀၌ ဖန်တစ်ရာတေနေသော ဇာတ်ထုပ်များသာဖြစ်သည်။ သို့သော် ၄င်းတို့သည် လူသားတို့ သည်းခြေကြိုက် စိတ်ခံစားမှုများလည်း ဖြစ်နေကြပြန်သည်။


တစ်ခါတရံ လူသားတစ်ယောက်ဖြစ်နေသော မိမိကိုယ်ကို အားမလို အားမရဖြစ်မိသည်။ နာကျင်ခံခက်မှန်း သိသော်လည်း လူသားသည် နာကျင်မှု အပေါ်သာယာနေ၏။ ခံစားမှုများအား ထိန်းချုပ်နိုင်စွမ်းမရှိ။ (၀ါ) ထိန်းချုပ်ဖို့ရာ တစ်ရာ ရာခိုင်နှုန်း အားမထုတ်ခြင်းလည်း ဖြစ်ကောင်းဖြစ်မည်။


လူသားတို့သည် လောကကြီးအတွင်း အသက်ရှင်ရပ်တည်မှု သက်တမ်းစေ့ ကုန်လွန်သွားစေရန် အလုပ်မရှိ ကြောင်ရေချိုး နေကြရသည်ဟု တစ်ခါတစ်ရံ မြင်လာမိသည်။ ဘုရားသခင်သည် လူသားများ မချိန်ဖြုန်းခြင်း၌ မပျင်းပြေစေရန် အလို့ငှာ နှလုံးသားတစ်စုံစီ တပ်ဆင်ပေးလိုက်၏။ လူသားများ ခံစားကြလေသည်။ ဖန်တစ်ရာတေနေသော ဇာတ်ထုပ်များအပေါ် ခံစားကြသည်။ သူလို ကိုယ်လို ခံစားဖူးသော အရာတစ်ခု ဖြစ်ပင်ဖြစ်သော်ငြားလည်း လူသားသည် မိမိသည် အပူလောင်ဆုံးဟု ခံစားကြသည်။ မိမိပင် ကံအဆိုးဆုံးဟု ခံစားပစ်ကြသည်။ ခံစားခြင်းသည် တစ်နည်းအားဖြင့် အနုပညာလည်း မည်သောကြောင့် လူသားတို့ အစုလိုက် အပြုံလိုက် ခံစားနေကြသည်။


အသည်းကွဲနေသော ကျောင်းသူကောင်မလေးက လောကကို ၀မ်းနည်း ညှိုးချုန်းနေသော စိတ်များဖြင့် တွေတွေ ကြည့်နေစဉ်တွင် အိမ်ခြေမဲ့ကလေးလေး၏ မျက်ဝန်း၌ ဤနေ့ရလာသော ၀မ်းစာအတွက် ၀င်းလဲ့တောက်ပမှုများ ပြည့်ရှန်နေသည်။ လခထုတ်ရက် အလုပ်မှ နွမ်းနယ်စွာ ပြန်လာသော ပညာတတ်တစ်ယောက် မိမိရသော လစာအတွက် ဘ၀င်မကျဖြစ်နေချိန်တွင် ငယ်ဖြူဘုန်းကြီးတစ်ပါးက မိမိဘာအတွက် အသက်ရှင်နေသနည်း ဆိုသည်ကို သေငယ်ဇောနဲ့ လိုက်ရှာနေသည်။ နိုင်ငံရေးသမားတစ်ယောက် အာဘောင်အာရင်းသန်သန် တရားဟောနေစဉ်တွင် လမ်းလေးမှ ကြွေဗေဒင်ဆရာ တစ်ယောက် မိမိအသက်မွေးမှု အဓွန့်ရှည်စေရန်အတွက် ရနိုင်သည့် နည်းမှန်သမျှနှင့် ရုန်းနေရသည်။


လောကကြီးအတွင်း၌ မည်သူက မည်သူ့ထက် ပို၍ ခံစားနေရသနည်း.....လူသားတို့အတွက် ထိုမေးခွန်း၏ အဖြေသည်တစ်ခုတည်းသာ ဖြစ်သည်...မိမိသာလျှင်...။ လူသားတို့သည် ကိုယ်ချင်းစာကောင်း စာကြည့်ကြမည်....ထိုသို့ ယှဉ်ထိုးတွေးကောင်းလည်း တွေးကြည့်ကြမည်... သို့သော် လူသားတို့သည် မိမိဘ၀တွင် မိမိသာ ဇာတ်လိုက် လုပ်လိုကြသည်။ ဇာတ်ပို့ မလုပ်လိုကြ.. တစ်ဖက်၌လည်း ထိုဘ၀အား မိမိဘ၀ ...မိမိပိုင်သောဘ၀ဟု အရိုးစွဲ တွေးထားပြီးဖြစ်လေသည်။


အမှန်စင်စစ်တွင် လူသားများသည် အတ္တတူရာစုဖွဲ့နေထိုင်သော ယဉ်ကျေးသည်ဟု ယူဆရသည့် သတ္တ၀ါများ ဖြစ်သော်ငြားလည်း လူသားသည် စကြ၀ဋ္ဌာ တစ်ခုလုံး၌ အထီးကျန်ဆုံးသော သတ္တ၀ါများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အထီးကျန်ခြင်းအား အကျယ်ချဲ့ ခံစားနိုင်ဆုံးသူများ ဖြစ်၍ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လိုအပ်လျှင် လိုအပ်သလောက် အပိုစာသားများ ခံစားနိုင်သော နှလုံးသား တစ်စုံ တပ်ဆင်ထားသောကြောင့်လည်း ဖြစ်သည်။


လူအများ ပြောပြောနေသော ဘုရားသခင်သာ အမှန်ရှိသေးမည် ဆိုလျှင် လူသားအား စုံစီနဖာခံစားနိုင်သော နှလုံးသားတစ်စုံ အပိုထည့်ပေးခဲ့ခြင်းအတွက် ဖြစ်ပေါ်ခဲ့သော ဘေးထွက်ဆိုးကျိုးများအား တွက်ချက်ရန် သူမေ့လျော့သွားခဲ့ကြောင်း ပြေရာ ပြေကြောင်း ထောက်ပြချင်ပါတော့သည်။


၃ အောက်တိုဘာ ၂၀၀၈
မနက် ၄နာရီ ၂၆ မနစ်
သောကြာနေ့

2 comments:

ရွှန်းမီ said...

မနွေ .. ဒီ အက်ဆေးကိုလည်း ညီမကြိုက်ပါတယ်။ အမှတ်တရ ကူးထားလိုက်ပါတယ်..။
ခံစားမှုရဲ့  ဘေးထွက်ဆိုးကြိုတွေကို သတိထားပါ့မယ်။
ကျေးဇူးပါ မနွေရယ်။

Unknown said...

How about mind !!!!!!! We are completely under control of our mind including you !!!!!!!!!!!

Just thinking not on Bayarthakhin