နက်မှောင်နေတဲ့ ညကြီးထဲ
ပင်လယ်မှာ လှိုင်းတစ်ခုတတ်လာတိုင်း
လူ့အတ္တတွေလားလို့ ငါသံသယ၀င်မိတယ် ။
အမှန်ဆို ဒီည ပန်းရနံ့တွေ မွှေးပျံ့နေသင့်တာလေ....
အမှန်ဆို ဒီည ပင်လယ်ရဲ့ ဂီတမှာ မွှေ့လျော်နေသင့်တာလေ....။
ရေအောက်မှာ မြုပ်နေတဲ့ ခရုငမွဲလေးတစ်ကောင်သာ ဖြစ်လိုက်ချင်တယ်
ကိုယ့်ကိုယ်ကို ဘယ်မှာ ၀ှက်ထားရမှန်းမသိ
လူတိုင်းမှာ ငါ့ကို ရှာနိုင်တဲ့ မြေပုံတစ်ခုစီရှိတယ် ။
မြို့ပြလို ဆွဲဆွဲငင်ငင် ခွေးအူသံများလည်း မရှိ
ပင်လယ်ကတော့ အော်မယ်ထင်ပါရဲ့
စိတ်အမှုံအမွှားတွေ သဲပြင်တွေပေါ်ကျသွားတယ်
ငါတစ်လှမ်းလှမ်းရင် ခြေရာတစ်လှမ်းစာထင်မယ်
ရှေ့ကိုပဲလှမ်းလှမ်း....နောက်ကိုပဲ လှမ်းလှမ်း
သူတို့ကို ဖျက်မဲ့ လှိုင်းတွေက
အချိန်မှန် တတ်လာနေမှာပဲ ။
ကြယ်တွေများလွန်းတော့ရော ဘာအရေးလဲ
ကြယ်တွေကြွေလွန်းတော့ရော ဘာအရေးလဲ
ကောင်းကင်က သူ့ရင်ခွင်ထဲ
မဆန့်မပြဲ ထည့်ထားမှာပဲ....
မနှစ်သိမ့်ပါနဲ့ ...ကောင်းကင်ရယ်
ကြယ်လေးတွေက ချော့ရင် ပိုငိုတတ်ကြတယ် ။
မီးပြတိုက်လေးရေ..
ရွက်လွှင့်ရောက်လာသူတွေကို လက်ခံလိုက်ပါ
တစ်ခါတရံ ကမ်းကို မမျှော်ပဲ
စုံလုံးသာ မျှောနေပစ်လိုက်ချင်တယ် ။
ဒီပုံနဲ့ ပဲ ခုညထဲ
လွတ်လပ်တဲ့လေကို ရှူရင်း
လက်သီးကို ကျစ်ကျစ်ဆုပ်ထားမိ
ကျားထိုးထွက်တိုက်တဲ့ အချိန်ကျမှ
လူအတုတွေနဲ့ စစ်ခင်းခဲ့ရမှန်း ငါသိခဲ့တယ် ။
4 comments:
တွေးရင်းတွေးရင်း ကမ်းစပ်က သဲထဲမှာ ခြေထောက်တွေ နစ်သွားတဲ့အထိ အကြာကြီး ရပ်နေမိရော . . ။
ကျားထိုးထွက်တိုက်တဲ့ အချိန်ကျမှ
လူအတုတွေနဲ့ စစ်ခင်းခဲ့ရမှန်း ငါသိခဲ့တယ် ။
ကောင်းတယ်ဗျာ။ ဟုတ်ပါတယ်လေ တစ်ခါတစ်ရံမှာ လူအတုတွေနဲ့ စစ်ခင်းနေရတာပါဘဲ။
good.
Good
Post a Comment