Sunday, October 28, 2012

ကစဉ့်ကလျားနိစ္စဓူဝများ

ဒီမနက်မှာ
အစောဆုံးနေရောင်ခြည်လို့လည်း မမည်တဲ့
နေရောင်တွေနဲ့  နိုးထခဲ့မယ်
ပြတင်းတခါးကနေ မကြည့်ဖြစ်ပေမယ့်
သိတယ်
ဒီကမ္ဘာမှာ  စက္ကန့်သိန်းပေါင်း ကိုးထောင်ခုနှစ်ရာခုနှစ်ဆယ့်ခြောက်ကြာအောင်
ဖြတ်သန်းခဲ့တာတောင်
ဒီမနက်တွေက ဒီအတိုင်းပဲ
ရာသီပေါ် နိစ္စဓူဝတွေ တွဲခိုကပ်ပါနေပုံ...................



ဖုန်းနားကြပ်တပ်ပြီး သီချင်းတစ်ပုဒ်နားထောင်လိုက်တယ်
run from prejudice .. run from pain တဲ့

ဒီလိုထွက်ပြေးရတာလည်း တဖြည်းဖြည်း နိစ္စဓူဝဆန်လာတဲ့အခါ
ပျော်ရွှင်မှုမှာ
နာကျင်မှုမှာ
ပြိုလဲမှုမှာ
ပြန်လည်ရှင်သန်မှုမှာ
ဝေခွဲမရမှုမှာ
သွေးအေးရက်စက်မှုမှာ
ပေါ့ပါးပေတေမှုမှာ
ရင်ကွဲပက်လက်ဖြစ်မှုတွေမှာ

နှလုံးသားက နိစ္စဓူဝဆန်စွာ
လက်ယဉ်ယဉ်နဲ့ ခုန်နေပုံ..........................


ဒီနေ့မှာ မနေ့ကနဲ့ မတူတာကတော့
၁) လေချွန်ပြီး သီချင်းတစ်ပုဒ်ငြီးချင်တယ်
၂) မေစပါယ်ညိုရဲ့ "ကြည်နူးခွင့်" ဆိုတဲ့ သီချင်းကို
အသေအချာတီးပြီးဆိုချင်တယ်
၃) ဂျင်းကုတ်နဲ့ အော်စတားဖိနပ်စီးပြီး ကြိုက်တဲ့ ၁၁ မျိုးသော အစားတွေထဲက တစ်ချို့ကို
လျှောက်စားချင်တယ်
 ၄) သူငယ်ချင်းတွေနဲ့ ပေါ့ပေါ့ပါးပါး ရီမောချင်တယ်


 အဲဒီလိုတွေးပေမယ့်
လေလည်းမချွန်တက်တာနဲ့
 ကွန်ပျူတာဖွင့်ပြီး
ပျင်းစရာကောင်းတဲ့ အစီရင်ခံစာတစ်စောင်ထိုင်ရေးလိုက်တဲ့အခါ
ဒီနေ့ဟာ မနေ့ကနဲ့ ထပ်တူကို တူသွားပြန်ခဲ့တယ် ................

ဘာဖြစ်ဖြစ်
မနက်ဖြန်ကိုတော့ သေချာမသိပါဘူး
မနေ့ကကိုလည်း သေချာသိခဲ့တာမှ မဟုတ်တာ
ဒီလိုတွေးမိသွားတော့
လူတစ်ယောက်ဆီ သတိတရ တယ်လီဖုန်း message တစ်စောင်ပို့လိုက်ပြန်တယ် ..................


"ဘာမှ မရှိတဲ့ပန်းတိုင်လည်း ပန်းတိုင်ပေါ့
အချိန်တွေကို ကျုပ်တို့မပိုင်ဘူးဗျ
ဒါပေမယ့် ကျူပ်တို့နှလုံးသားကိုတော့ ကျူပ်တို့ပိုင်တယ်
နှလုံးသားနဲ့ နာကြားဖြတ်သန်းကြမယ်လေ"

ကွန်ပျူတာဖန်သားပြင်ပေါ် ရေးရေးထင်နေတဲ့
ပုံရိပ်တစ်ခုက
တော်လှန်ရေးဆန်ဆန် ကြွေးကြော်နေတာမြင်ပြန်တော့

အားရပါးရ ရယ်မိလိုက်တယ် ......................။ 









No comments: