တံခါးကို တွန်းဖွင့်ပြီးဝင်လာမည်ဆိုလျှင် မှောင်ရိပ်အုပ်မိုးလျက် တတ်ဆိတ်ခြောက်ကပ်နေသော အခန်းက နေ့တိုင်းစောင့်ကြိုနေပါသည်။ နေ့တိုင်းလုပ်နေကျ အလုပ်များအနေဖြင့် တံခါးလက်ကိုင်ဖုကို သော့တံထိုးပြီး လှည့်ဖွင့်မည်။ ဖိနပ်ကို ချွတ်မည်။ သော့ကို စားပွဲပေါ်သို့ ပစ်တင်လိုက်မည်။ ကွန်ပျုတာကို ဖွင့်မည်။ ဤနေ့အတွက် စကားပြောဖေါ် မည်သူရှိမလဲ အွန်လိုင်းတွင် ကြည့်မည်။ အင်္ကျီအ၀တ်စား လဲမည်။ စားပွဲတွင် စထိုင်မည်။ နံနက်မိုးသောက်ကာနီးတွင် အိပ်မည်။ ရံဖန်ရံခါ အနေဖြင့် ဘ၀တူ သူငယ်ချင်းများနှင့် ဆုံမည်။ ရံဖန်ရံခါ သောက်ကြမည်။ ရံဖန်ရံခါ ဟိုဒီလည်မည်။ မည်သို့ပင်ဖြစ်စေ အဆုံး၌ ဤမှောင်ရိပ်ကျနေသော အခန်းတွင်းသို့ တွားဝင်ခိုအောင်းရပြန်သည်ချည်းပင်။
အရင်ကဆို အိပ်ပြန်မိုးချုပ်လျှင် အိမ်သို့ကုတ်ချောင်းချောင်း ၀င်ရသည် ချည်းပင်။ တစ်စုံတစ်ခု လုပ်မည်ဆိုလျှင် အိပ်ပြန်နောက်ကျမည်လား.. အိမ်ကသိလျှင်မည်သို့ ဖြစ်မည် နည်း စသည်ဖြင့် မလွတ်လပ်နိုင်ပါ။ အိမ်ပြန် ရောက်ပြီဆိုလျှင်လည်း မိသားစုနှင့်စကားပြော တီဗွီကြည့် အချိန်များ မည်သို့ကုန်၍ ကုန်သွားမှန်းပင်မသိပေ။ ခေါင်းထဲတွင် ငါမလွတ်ဘူး ဆိုသောအသိသည် စိုးမိုးနေသည်။ ငါလွတ်လပ်ချင်သည်။ ဤမြေဤရေ၌ ငါမလွတ်လပ်။
ယခု ကျွန်ပ်လွတ်လပ်နေပေပြီ။ ဤအရပ်၌ ကျွန်ပ် ပြန်လိုသည့် အချိန်ပြန်နိုင်သည်။ သွားလိုသည့်နေရာ သွားနိုင်သည်။ ပြောလိုသည့် စကား ပြောနိုင်သည်။ အခန်းသို့ ကုပ်ချောင်းချောင်း ပြန်လာရန်မလို။ အဖေအိပ်ပြီလား ကြည့်ရန်မလို။ ဟို ဒီ အကြောင်းပြချက်များ ပေးရန်မလို။ ဟိုမျက်နှာ ဒီမျက်နှာ ကြည့်ရန်မလို။ သို့သော် အဘယ်ကြောင့် ကျွန်ပ်နေထိုင်ရာအခန်းသည် မှုန်ကုပ်ကုပ် ဖြစ်နေသနည်း။ သန်းခေါင်းနှင့်အတူ ရောနှောပါလာသော လရောင်သည် အဘယ်ကြောင့် အထီးကျန်ရောင် သန်းနေသနည်း။ အဘယ်ကြောင့် အွန်လိုင်းတွင် စကားပြောဖော်တစ်စုံ တစ်ယောက်များရှိလေမည်လားဟု ရှာဖွေမိနေသနည်း။ အဘယ်ကြောင့် အအိပ်ခက်နေသနည်း။ အခန်း တံခါးကို တွန်းဖွင့်လိုက်သည်နှင့် ကျွန်ပ်အား စောင့်ကြိုနေသည့် တစ်စုံတစ်ရာ အဘယ်ကြောင့်ရှိမနေသနည်း.....ဥပမာ ခွေးလေး ဖြစ်ဖြစ် ကြောင်လေး ဖြစ်ဖြစ်...နာရီနှိုးစက်မြည်သံပင် ခြောက်ကပ်ကပ်နိုင်လှသည်။ လူဆိုသည်မှာ အုံသင်းဖွဲ့နေထိုင်တတ်သောသတ္တ၀ါများဖြစ်သည် ဆိုသည်မှာ မှန်နေပြီလော။ သို့မဟုတ် ကျွန်ပ်သည် မွေးစတည်းက မလွတ်လပ်ခြင်းနှင့် ယဉ်ပါးခဲ့ ၍လော။ သို့တည်းမဟုတ် လူတို့၏စိတ်သည် မူလ၌ပင် အချုပ်နှောင်ခံလိုသော သဘောရှိ၍လော..။ ဤသို့ဆိုလျှင် လူသားတို့သည် လွတ်မြောက်မှုကို ရှာဖို့မသင့်တော့ပေ။အဘယ်ကြောင့်ဆိုသော် ဘယ်သောခါမျှ တွေ့နိုင်မည် မဟုတ်သောကြောင့်ဖြစ်သည်။ ထင်ရောင်ထင်မှားဖြစ်မှုများသာဖြစ်မည်။
လူသားများသည် မိမိတစ်ဝပ်စာ အကျဉ်းထောင်ဆောက်၍ နေထိုင်သူများဖြစ်သည်။ တစ်ခါတရံ လောဘကြီး၍ တခြား မိမိတွယ်ရာ လူများအတွက်ပါ အကျဉ်းထောင်များ ဆောက်လုပ် ပေးတတ်ကြသေးသည်။ထိုသို့ဆိုလျှင် ကျွန်ပ်သည် မည်သို့သော လူသားမ တစ်ယောက် ဖြစ်နေပြီနည်း။ ကျွန်ပ်ကိုယ်တိုင် တည်ဆောက်နေထိုင်သော အကျဉ်းထောင်သည် အတော်ပင် ခိုင်ခန့်နေပြီမှန်း သိသော်လည်း ကျွန်ပ်ချစ်သော သူများအား မည်သို့သော အကျဉ်းထောင်များ ဆောက်လုပ် ပေးခဲ့မိပြီနည်း..... ဤမှုန်ကုပ်ကုပ်အခန်းငယ်ထဲတွင် ကျွန်ပ်နှင့်အတူ ကျွန်ပ်၏ပုံရိပ်ယောင်များလည်း ရှင်သန် နေထိုင်လျုက် ရှိကြောင်း ထိတ်လန့်စွာ တွေ့ရှိခဲ့၏။

6 comments:
Bar pyaw ya ma la` ma thi buu..
"I can feel lt"
"Nice and Pity"
ငါ့ရဲ့ အသိအမှတ်ပြုမူ တွေကို နင်ယူလိုက်ပြီနော်။
ကျနော့်အခန်းလည်း မှုန်ကုပ်ကုပ်၊ မှောင်တောင်တောင်ပါဗျာ။
ဟုတ်တယ်..
တွေ့ခဲ့တယ် မနွေရေ.. ။
အခန်းထဲက မှုန်ကုပ်ကုပ် အရိပ်တွေ..။
ခံစားချက်တွေ ထပ်တူပါပဲ.. ရင်ထငဲက ခံစားချက်ကို ပုံဖော်တဲ့ အရေးသားလေးက အရမ်းကောင်းတာပဲနော်..
ဟတ်ထိတယ်..
လူသားများသည် မိမိတစ်ဝပ်စာ အကျဉ်းထောင်ဆောက်၍ နေထိုင်သူများဖြစ်သည်။ ဟုတ်တယ်ဗျာ.. ထောင်ဖောက်ပြီးပြေးကြစို့..
Post a Comment