နာကျင်မှုကို ဘယ်လို စာလုံးနဲ့ ပေါင်းမလဲ….
လူတစ်ယောက်ဟာ ချစ်တတ်တယ် မချစ်တတ်ဘူး ဘာနဲ့တိုင်းမလဲ ….
ညစဉ် မက်တဲ့ အိပ်မက်ဆိုးနဲ့
လန့်လန့်နိုးနေဆဲ
ဒီလိုမျိုး ထွက်ခွာသွားမယ်ဆိုလည်း
ဒါနဲ့ ညီမျှတဲ့ ခံနိုင်ရည်မျိုး
တစ်ဖက်မှာ ငါ့ကို ပေးခဲ့သင့်တာပေါ့ လောကဒဏ်ရယ် ..
အဲဒီလို ယုံတောင်ပြေး ခွေးမြောက်လိုက် အတွေးတွေနဲ့
နာကျင်မှုက ဆေးမတိုးတော့တဲ့ အခြေနေ ..
ငါက လောဘကြီးသူမဟုတ်ဘူး
အများသုံး ပေတံကြီးနဲ့လည်း ချစ်ခြင်းကို ငါမတိုင်းခဲ့ဖူးဘူး
ဘုရားစူး တကယ်
အရော်အစားကြီးတယ်ဆိုလည်း
ချစ်တတ်ချင်ပါသေးတယ် …
တစ် နှစ် သုံး ရေမယ်
အချစ်ကို ငါ ပိုတွက်ခဲ့မိပြီလား
မသေချာမရေရာခြင်းတွေကိုမှ
လျှော့တွက်ခဲ့မိပြီလား …
ခါးမှန်းသိတယ်
ဘ၀ဟာ သင်ယူစရာ များမှန်းသိတယ်
တမြေ့မြေ့ တိုက်စားပြုန်းတီးသွားနိုင်တဲ့
အဆိပ်ရည်တွေမှန်းလည်းသိတယ်
သိတယ်ဆိုတဲ့ အသိလည်း ရှိတယ်
ကဲ ဘာလိုသေးလဲ
ဒါနဲ့တောင်
မိုးလင်းတိုင်း
ပူနွေးစိုစွတ်တဲ့ မျက်ဝန်းတွေနဲ့
နိုးထနေရဆဲ ..
တရေးနိုးထမေးတောင်
နောက်ထပ်တစ်ခါ
နောက်ထပ်ကြိမ်ဖန်များစွာ
ရှုံးနိမ့်ဦးရင်တောင်မှ
ဘုရားစူးတကယ်
ငါချစ်တတ်သေးချင်ပါသေးတယ် ။
လင်းပြာနွေ
၁၀နာရီ ၃၀ မိနစ်
၁၃ ဇူလိုင် ၂၀၀၉
တနင်္လာနေ့
http://linpyarnway.wordpress.com/
No comments:
Post a Comment