Saturday, March 24, 2012

ကျွန်မနှင့် စိတ်ဒဏ်ရာ


မှတ်မှတ်ရရ.....ကျွန်မ စိတ်ဒဏ်ရာဆိုတာနဲ့ ပထမဆုံးထိတွေ့ဖူးတဲ့ အဖြစ်ပျက်လေးတစ်ခုရှိခဲ့တယ်။ အဲဒီတုန်းက ကျွန်မအသက် ၁၁ နှစ်ဖြစ်မယ်ထင်တယ်။ ၅ တန်းနှစ်က။ ကျွန်မတို့ကျောင်းမှာ စာသင်နှစ်တစ်နှစ် ကုန်ဆုံးတိုင်း နှုတ်ဆက်ပွဲဆိုတဲ့ ပွဲလေးလုပ်လေ့ရှိတယ်။ အဲဒီနေ့ဆို ကျောင်းသူကျောင်းသားတွေက ၀တ်ကောင်းစားလှလေးတွေ ၀တ်လာပြီး၊ သီချင်းတွေ ဆိုကြတယ်။ ဂိမ်းတွေကစားကြတယ်။ လက်ဆောင်ပစ္စည်းတွေ လဲကြတယ်။ အဲဒီနေ့ဆို မုန့်တွေကျွေးတဲ့ အစီအစဉ်တွေလည်း ရှိတယ်။ စာသင်နှစ်ပြီးကာနီး အချိန်ဆိုတော့ ကျွန်မတို့ အရမ်းပျော်ကြတာ။ 

ကျွန်မက အဲဒီကျောင်းကို ပြောင်းတာ ၂ နှစ်လောက်ပဲ ရှိဦးမယ်။ ကျွန်မမှာ စွဲစွဲမြဲမြဲပေါင်းတဲ့ အတန်းဖော် သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူနဲ့ ကျွန်မနဲ့က တစ်ဝန်းတည်းနေကြတာ။ သူက ကျွန်မထက်တော့ အသက် ၂ နှစ်လောက်ကြီးမယ်ထင်တယ်။ သူနဲ့ကျွန်မ ကစားဖော် ကစားဖက်၊ ကျောင်းသွားဖော် သွားဖက်တွေ။

ကျွန်မက အဲဒီကျောင်းကို ပြောင်းလာတာ မကြာသေးတော့ အဲဒီနှစ်မှ A တန်းဝင်တယ်။ အတန်းဖော်တွေနဲ့လည်း သိပ်မရင်းနှီးသေးတဲ့အချိန်ပေါ့။ ကျွန်မတို့ အတန်းထဲမှာဆို စာတော်တဲ့ ကောင်မလေးတွေက ပေါ်ပြူလာဖြစ်ကြတယ်။ အဲဒီကောင်မလေးတွေကလည်း နည်းနည်း လူကြီးဂိုက် ဖမ်းနေကြပြီ။ ကျွန်မက စာတော်တဲ့ထဲပါပေမယ့် ကလေးစိတ် မကုန်ဘဲ မျောက်ရှူံးအောင် ဆော့်တာကတစ်ကြောင်း၊ မဲမဲတုံးတုံးလေးဖြစ်တာက တစ်ကြောင်း ထင်ထင်ပေါ်ပေါ်တော့ မရှိလှဘူး။ နောက်ပြီး A တန်းကို ၀င်လာတဲ့ လူသစ်ဖြစ်နေတော့ မြို့ကျောင်းကလေးတွေသဘာဝ ကြီးကြီးကျယ်ကျယ်နိုင်ကြတယ်။

အဲဒီနှစ်က စာသင်နှစ်ကုန်ကာနီးလေ နှုတ်ဆက်ပွဲနေ့ကို ကြိုတွေးပြီး ပျော်လေပေါ့။ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းလည်း သီချင်းဝင်ဆိုချင်ကြတယ်။ နှုတ်ဆက်ပွဲမှာ သီချင်းဆိုမယ့်သူတွေ စာရင်းပေးဖို့ အတန်းခေါင်းဆောင်က လိုက်ကောက်တယ်။ သူက အမြဲအတန်းခေါင်းဆောင်အဖြစ် ခန့်ထားခံရတယ်။ အတန်းခေါင်းဆောင်ပီပီ အသံကလည်း ဟောင်ဖွာဟောင်ဖွာ......ဆရာကြီးကလည်း အားကြီးလုပ်ချင်တယ်။ ပြီးတော့ သူ့မှာ ပေါ်ပြူလာဖြစ်တဲ့သူတွေကို မျက်နှာလိုက်တတ်တဲ့ အကျင့်လည်း ရှိတယ်။ အဲဒီလို မထင်မပေါ်လူတွေဆို နှိမ်တတ်တဲ့ အကျင့်လေးကလည်း ရှိတယ်။  ကလေးတုန်းကတော့ ကလေးနှိမ်နှိမ်တာပေါ့နော်။ ကျွန်မတော့ သူ့ကို ဘူဇွာကြီးလို့ ခေါ်တာပဲ။ အဲဒီနေ့က စာရင်းလိုက်ကောက်တော့ ကျွန်မတို့ နှစ်ယောက်လည်း စာရင်းပေးခဲ့ကြတယ်။ 

စာမေးပွဲအတွက်လည်း စာကျက်နေရတဲ့ကြားက ကျွန်မတို့နှစ်ယောက်မှာ သီချင်းတစ်ပုဒ်တူတူဆိုမယ်ဆို သဘောတူလိုက်တယ်။ ဒါပေမယ့် ကျွန်မတို့ ဘာသီချင်းဆိုရမှန်းမသိဘူး။ အဲဒီအချိန်တုန်းက ကျွန်မတို့ ရင်းနှီးတာဆိုလို့ စိုင်းထီးဆိုင် သီချင်းတွေပဲရှိတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ အိမ်ဘေးမှာနေတဲ့ ရှမ်းတိုင်းရင်းသား အဒေါ်ကြီး တစ်ယောက်ရှိတယ်။ သူက ကလေးတွေကို ချစ်တယ်။ ကျွန်မတို့က ညဘက်ဆို သူ့အိမ်မှာ အမြဲသွားသွားကစားလေ့ရှိတယ်။ ကျွန်မတို့ သွားကစားတိုင်း အဲဒီ အဒေါ်ကြီးက ဂစ်တာတီးပြီး စိုင်းထီးဆိုင်သီချင်းတွေ ဆိုဆိုပြတယ်။ ကျွန်မတို့လည်း သူဆိုပြနေကျ ဘီးနံပါတ် OK သုည 122 အလ် တို့၊ မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူးတဲ့၊ ချယ်ရီပင်အောက်နောက်တစ်ခေါက်တို့ ဆိုတဲ့ သီချင်းတွေနဲ့ပဲ ရင်းနှီးနေခဲ့တယ်။

အဲဒါနဲ့ ကျွန်မတို့နှစ်ယောက်လည်း စိုင်းထီးဆိုင်သီချင်းတစ်ပုဒ်ပဲ ရွေးဖို့ဆုံးဖြတ်လိုက်တယ်။ ဘယ်လိုဖြစ်လို့လဲတော့ မသိဘူး အဲဒီတုန်းက ကျွန်မတို့ စိုင်းထီးဆိုင်ရဲ့ နေရစ်တော့ကွယ် သွားတော့မယ် ဆိုတဲ့သီချင်းကို ရွေးလိုက်ကြတယ်။ အဲဒီလိုနဲ့ ကျွန်မနဲ့ကျွန်မသူငယ်ချင်း သီချင်းတိုက်ကြတယ်။ နှစ်ယောက်အတူဆိုမှာဆိုတော့ ပြိုင်တူဆိုပြီး တိုက်ရတာပေါ့။ သီချင်းကလည်း အလွန်ကို အေးပါတယ်။ ခုနေပြန်နားထောင်ရင်တောင် အလွန်အိပ်ချင်စရာကောင်းတဲ့ သီချင်းမျိုး။ အဲဒီတုန်းက ငါးတန်းကလေးအရွယ်နဲ့ ဘာကြောင့်ဆိုဖို့ ရွေးခဲ့လည်းတော့ မသိဘူး။ ဖြစ်ချင်တော့ ကျွန်မသူငယ်ချင်းကလည်း Chorus အပုဒ်ရောက်လာရင် ကီးက ကြောင်ကြောင်နေပြန်တယ်။ သူက သီချင်း မဆိုတတ်ဘူး။ ကျွန်မကတော့ သီချင်းတွေနဲ့ လက်ပွန်းတတီးတော့ရှိတယ်။ ကီးဝင်အောင်တော့ ဆိုတတ်တယ်။ ဒီလိုနဲ့ ကျွန်မတို့ ညညဘက်ဆို အဲဒီ ရှမ်းအဒေါ်ကြီးအိမ်မှာ သီချင်းသွားသွားတိုက်ရတယ်။ ကျွန်မတို့ ဆိုမယ့်အိုက်တင်ကိုပါ ကျင့်ရတယ်။ ဒီလိုသီချင်းမျိုးနဲ့ဆိုတော့ ကျွန်မတို့ စစ်ချီတေးဆိုသလိုပါပဲ ....တောင့်တောင့်ကြီးတွေရပ်ပြီး အလွန်မှ အေးတဲ့ သီချင်းကို ခဏခဏဆိုကျင့်ခဲ့တယ်။ ကျွန်မသူငယ်ချင်းအသံကလည်း နည်းနည်း ဘဲသံလို ရှဲရှဲရှဲရှဲ ဖြစ်နေတယ်။ ဘယ်လောက်တိုက်တိုက်လည်း အဲဒီ "ခွဲရကာနီးမှ နှုတ်မဆက်နိုင်တယ်" ဆိုတဲ့နေရာရောက်တာနဲ့ ကီးကကြောင်တော့တာပဲ။ နောက်တော့ ဘယ်လိုမှ တိုက်မရတော့ ဒီလိုပဲ အပြီးသတ်လိုက်တယ်။ 

ဒီလိုနဲ့ နှုတ်ဆက်ပွဲနေ့ရောက်လာပါတယ်။ ထုံးစံအတိုင်း အားလုံးက လှလှပပလေးတွေ ၀တ်စားလာကြတယ်။ သီချင်းဆိုမှာပါတဲ့သူတွေကဆို ပိုပြီးတော့ ပြင်လာကြတာပေါ့။ ထုံးစံအတိုင်း အတန်းခေါင်းဆောင်ကတော့ ဟောင်ဖွာဟောင်ဖွာနဲ့ စီမံနေရတာကို ကြီးကြီးကျယ်ကျယ်လုပ်နေတယ်။ သူက အဲဒီလိုနေ့ပွဲတွေတိုင်းလည်း အမြဲ အခန်းအနားမှူးလုပ်နေကျ။ အခမ်အနားအစီအစဉ်လည်း သူပဲ ပြင်ဆင်တယ်။ ဟိုလူ့ဟောက် ဒီလူ့ဟောက်လည်း လုပ်နေသေးပြန်တယ်။ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းလည်း လချီပြီး ကြိုတိုက်ထားတဲ့ သီချင်းကို ဆိုရတော့မယ်ဆို ကြိုတင်ရင်ခုန်နေကြတယ်။ ကျွန်မတို့ အဲဒီနေ့က အလှအပပြင်သလား မပြင်သလားတော့ ကျွန်မသိပ်မမှတ်မိတော့ဘူး။ ဒါပေမယ့် ရင်ခုန်နေတာတော့ မှတ်မိတယ်။ အဲဒီလိုနဲ့ အခန်းအနား စပါတယ်။ အတန်းခေါင်းဆောင် ဘူဇွာကြီးက အခန်းနားအစီအစဉ်တွေ တခုခုပြီးတစ်ခု ဖတ်ပြသွားတယ်။ အဲဒီမှာ ကျွန်မတို့သီချင်းဆိုမယ့် အစီအစဉ်ကို နောက်ဆုံးမှာထည့်ထားတယ်။ ကျွန်မတို့ရှေ့မှာတော့ ပေါ်ပြူလာ ကောင်မလေးတွေရဲ့ အစီအစဉ်တွေ အများကြီးထည့်ထားတယ်။ စိတ်ထဲတော့ မကျေမနပ်ဖြစ်သွားတယ်။ ငါတို့ကျ နောက်ဆုံးထည့်ထားတယ်ပေါ့။ 

အဲဒီမှာ ဘူဇွာကြီးက သီချင်းဆိုမယ့်လူက ဘယ်သူ့အလှည့်ဖြစ်ပါတယ်ဆို ကြေငြာနေလိုက်တာ တကယ့် ခန်းနားမှူးကြီးလို ဟန်ပါပါနဲ့ပေါ့။  ကျွန်မတို့အတန်းထဲက ပေါ်ပြူလာဖြစ်တဲ့ကောင်မလေးတွေက ဘာသီချင်းတွေဆိုကြလဲဆိုတော့ အဆိုတော် မေဆွိတို့၊ နောင်တို့ရဲ့ "ငရုတ်သီး" သီချင်းတို့ဘာတို့ စတဲ့ ခပ်မြူမြူး ခေတ်ပေါ်သီချင်းလေးတွေနဲ့ ကကြဆိုကြတယ်။ ကျွန်မတို့လည်း သဘောကျတာပေါ့။ ဒါပေမယ့် စိတ်ထဲတော့တွေးမိတယ် ကျွန်မတို့ သီချင်းက အေးများနေသလားပေါ့.. စစ်ချီတေးလို တောင့်တောင့်ကြီးဆိုပြီး ကီးကြောင်ကြီးနဲ့ ထထအော်ရင် ကဲ့ရဲ့များခံရမလား နည်းနည်းတော့တွေးမိတယ်။ တစ်ယောက်ပြီးတစ်ယောက် ဆိုပြီးသွားတိုင်း ကျွန်မတို့အလှည့်ရောက်လာတော့မယ်ဆို ရင်တခုန်ခုန်နဲ့ စိတ်ရှည်ရှည်စောင့်ရင်း ညနေပိုင်းကလည်း ရောက်လာခဲ့တယ်။ အဲဒီလိုနဲ့ မထင်မှတ်ပါပဲ ကျွန်မတို့အလှည့်ရောက်မယ့် အချိန်မှာ ဘူဇွာကြီးက သီချင်းဆိုတဲ့ အစီအစဉ်ပြီးဆုံးကြောင်း ထကြေငြာလိုက်တယ်။ ကျွန်မတို့လည်း တော်တော် စိတ်တိုသွားပြီး ဘူဇွာကြီးကို သွားထပြောတဲ့အချိန်မှာ အချိန်မရှိတော့ဘူး ဂိမ်းကစားတော့မှာမို့ ပြီးပြီဆို ဖြတ်ချလိုက်တယ်။ အဲဒီနေ့က ကျွန်မတော်တော် စိတ်မကောင်းဖြစ်သွားတယ်။ ဒီလောက် ကြိုးစားပမ်းစား တိုက်ခဲ့ရတဲ့ သီချင်းကို မှန်းထားတဲ့အတိုင်း မဆိုလိုက်ရပါဘဲ အိမ်ပြန်ခဲ့ရတယ်။ 

 အဲဒီကျောင်းမှာ ကျွန်မဆယ်တန်းအောင်တဲ့အထိ နေခဲ့ပေမယ့် နောင်နှစ်တွေမှာ ကျွန်မဘယ်တော့မှ သီချင်းဝင်မဆိုတော့ပါဘူး။ အဲဒီဘူဇွာအတန်းဖော်ကတော့ ထုံးစံအတိုင်း နှစ်တိုင်း အတန်းခေါင်းဆောင်နဲ့ MC လုပ်မြဲပါပဲ။ ကျွန်မစိတ်ထဲမှာလည်း  အနှိမ်ခံရလို့လား၊ လူသစ်မို့လား၊ ပေါ်ပြူလာဖြစ်သူ မဟုတ်လို့လား၊ မဲမဲတုံးတုံးလေးမို့လား ဆိုပြီး ဘာကိုမှန်းမသိ မှတ်မှတ်ရရ နာနာကျင်ကျင်ဖြစ်ခဲ့တယ်။

ဒီလိုနဲ့ပဲ အချိန်တွေကြာလာခဲ့တယ်။ ကျွန်မလည်း တက္ကသိုလ်တတ်၊ ပြည်ပမှာ ပညာဆက်သင်ပြီး သင်တန်းကျောင်းတစ်ကျောင်းမှာ ဆရာမဖြစ်လာခဲ့တယ်။ တနေ့ကျတော့ ကျွန်မအတန်းသစ်တစ်ခုကို စ၀င်ရတဲ့နေ့ပေါ့။ ကျွန်မကို ကျောင်းသားတစ်ယောက်က တရင်းတနှီးကြီး လာနှုတ်ဆက်တယ်။ "ဟဲ့ .. နင်ဒီမှာ ဆရာမလုပ်နေတာလား" ကျွန်မကြည့်လိုက်တော့ ငယ်ငယ်တုန်းက ဘူဇွာကြီးဖြစ်နေတယ်။ " ငါဒီမှာ သင်တန်းလာတတ်တာလေ" တဲ့ သူပြောတယ်။ "နင်ငါ့ကို မမှတ်မိဘူးလား" တဲ့။ မှတ်မိတာပေါ့..။ ကျွန်မရဲ့ ကလေးဘ၀စိတ်ဒဏ်ရာကြီးပဲ...။ အဲဒီနေ့က ကျွန်မဘူဇွာကြီးတို့ အတန်းကို စာသင်ပြီး ပြန်လာခဲ့တယ်။ အပြန်လမ်းမှာ ဘာကြောင့်ရယ်မသိ ကျွန်မတစ်ယောက်တည်း ပြုံးလိုက်မိတယ်..။ နောက်ပြီး ကျွန်မကောင်းကင်ကို မော့ကြည့်မိတယ်။ တိမ်တွေနဲ့ လင်းလင်းချင်းချင်း ပြီးတော့ ကျွန်မ အသံထွက်ပြီးပဲ ရယ်လိုက်မိပါတယ်.. ပထမတစ်ကြိမ်ပြုံးလိုက်မိတဲ့ အပြုံးအတွက် ကျွန်မကိုယ်ကျွန်မ ရယ်မိတာပါ။ ကျွန်မစိတ်ထဲမှာတော့ စိုင်းထီးဆိုင်သီချင်းမဆိုရတဲ့ စိတ်ဒဏ်ရာဟာ အဲဒီကောင်းကင်ကိုမော့ကြည့်လိုက်တဲ့ အချိန်လေးအတွင်းမှာ အလွန်ကို ရီစရာကောင်းစွာနဲ့ ကျေပျက်သွားခဲ့ပါပြီ။

အခုချိန်မှာတော့ ကျွန်မ နာကျင်မှုကို ပုံသဏ္ဍန်မျိုးစုံနဲ့ သင်ယူနေခဲ့ရပါပြီ။ မျှော်လင့်တာတွေဖြစ်မလာတဲ့အခါ၊ လိုချင်ရက် မရယူနိုင်တဲ့အခါ၊ မလိုချင်ပါဘဲ ရယူလိုက်ရတဲ့အခါ၊ အကြောင်းပြချက်မရှိ ရှုံးနိမ့်လိုက်ရတဲ့အခါ၊ အမျှော်လင့်တဲ့အရာတွေကို နှလုံးသွင်းလိုက်ရတဲ့အခါ၊ ချစ်ခင်သူတွေ ခွဲခွါသွားတဲ့အခါ၊ ပိုင်ဆိုင်နေကျအရာတွေ ပျောက်ဆုံးသွားတဲ့အခါ စသဖြင့် နည်းလမ်းအသွယ်သွယ်နဲ့ နာကျင်မှုတွေကို သင်ယူနေခဲ့ရတယ်။  နာကျင်မှုတစ်ခု ဒဏ်ရာအဖြစ် မြုံကျန်ခဲ့မယ့်အချိန်တိုင်း အဲဒီလို တိမ်တွေနဲ့ လင်းလင်းချင်းချင်းကောင်းကင်ကြီးကို မော့ကြည့်ရင်း အဲဒီလို အသံထွက်ရယ်မောရင်း ကလေးဘ၀က စိတ်ဒဏ်ရာလေးလိုပဲ ရီစရာကောင်းစွာ ကျေပျက်သွားအောင် ကျွန်မကြိုးစားနေထိုင်နေပါတော့တယ်......။

၂၄ မတ်လ ၂၀၁၂
စနေနေ့

No comments: