Saturday, January 25, 2014

သမားတော်ကြီးများ ကရုဏာမိုးလေးတော့ စွေစေချင်တာ

တလောက ကျွန်မတူလေး ခဲတံချွန်ရင်း မျက်လုံးထဲ အမှုန်ဝင်သွားတော့ မျက်စိဆေးခန်းကို အပြေးအလွှားလိုက်ရှာရတယ်။ အိမ်မှာ မျက်လုံးထဲက အမှုန်ကို ကိုယ်ဘာသာကိုယ် မှုတ်ထုတ်ပေးဖို့ကြိုးစားသေးတယ်။ ကျွန်မတူက သူ့မျက်လုံးကို အကိုင်မခံဘူး။ ကလေးက Autism ကလေးလည်းဖြစ်တော့ ချော့မော့ပြောလို့လည်း သူ့မှာ နားမလည်ဘူး။ အဲဒါနဲ့ နာမည်ကြီးလှပါပေ့ဆိုတဲ့ မျက်စိဆေးခန်းတွေရှိတဲ့ နေရာကို အမြန်ပြေးပြီး ဆရာဝန်ထိုင်တဲ့ နာမည်ကြီး မျက်လုံးစမ်းသပ် ဆေးခန်းတစ်ခုထဲ ၀င်ပြရတယ်။ စမ်းသပ်ဆရာဝန်က ဆရာဝန်မပါ။ စမ်းသပ်ခန်းထဲ ကျွန်မရယ် ကလေးရဲ့ အမေရယ်ပါ လိုက်ဝင်သွားပြီး မျက်လုံးထဲ အမှုန်ဝင်သွားတဲ့အကြောင်းပြောတယ်။ သမားတော် ဆရာဝန်မကြီးက မျက်လုံးကို တစ်ချက်လေးတောင် ဝှေ့မကြည့်ပါဘဲ မျက်လုံးကို မှန်ပြောင်းနဲ့ ချိန်ကြည့်ဖို့ နေရာယူခိုင်းပါတယ်။ ဖြစ်ချင်တော့ ကလေးက သူပြောတာကို နားမလည်ပါဘူး။ သူ့လေသံကလည်း မာကြောခက်ထန်မှုအပြည့်နဲ့။ ကျွန်မကလည်း ကလေးက Autism လေးမို့ နားမလည်ကြောင်း ၀င်ပြောပါတယ်။ အဲဒီမှာ သမားတော်ဆရာဝန်မကြီးက အေးစက်တင်းခဲနေတဲ့ မျက်နှာထားနဲ့ မာကြောခက်ထန်စွာပဲ ထဟောက်ပါတယ်။ "ကလေးက နားမလည်တောင် လူကြီးက Autism ကလေးထက်တောင် ပိုပြီး နားမလည်ပါလား" ဆို။ အဲဒီအချိန်မှာ ကျွန်မကြားနေရတဲ့ သမားတော်မကြီးရဲ လေသံရယ်နဲ့ မျက်နှာထားရယ်ဟာ ဆရာဝန်တစ်ယောက်က လူနာတစ်ယောက်ကို ဆက်ဆံနေတဲ့အနေအထားလား၊ တပည့်လက်ပါးစေတစ်ယောက် မသိနားမလည်လို့ အမှားလုပ်မိတာကို မာန်မဲနေသလားဆိုတာ ဇဝေဇ၀ါဖြစ်သွားပါတယ်။ တစ်ဆက်ထဲ ကျွန်မရင်ထဲ ဒေါသစိတ်နဲ့အတူတွေးမိပါတယ်  သမားတော်ကြီး ဘယ်လို သမားတော်ဖြစ်လာခဲ့သလဲလို့ …….။
ဒါနဲ့ပတ်သက်ပြီး နောက်ထပ်အဖြစ်အပျက်တစ်ခုလည်း ရှိပါသေးတယ်။ ကျွန်မအဖေက ခြေထောက်နာနာနေတာကြာပါပြီ။ အဲဒါနဲ့ ဘယ်လိုမှ အရှင်းမပျောက်နိုင်တာနဲ့ နာမည်ကြီး ဆေးခန်းကြီးတစ်ခုကိုပဲ ပြေးပြရပါတယ်။ အဲဒီမှာ ထုံးစံအတိုင်း လိုအပ်တဲ့ ဆေးစစ်ချက်တွေ ဆက်ပြီး လုပ်ပေးရပါတယ်။ နောက် ဆေးစစ်ချက်တွေကို နာမည်ကြီး အထွေထွေရောဂါကု သမားတော်ကြီးတစ်ယောက်နဲ့ ပြရပါရော။ သမားတော်ကြီးက " ခြေထောက်က သွေးကြောပိတ်ချင်နေပြီ၊ ခွဲစိတ်ပြီး ရှန်တိန်လုပ်ရမယ်။ ခွဲရင် ပိုက်ဆံတော့ရှိမှရမယ် .. ခွဲမယ်ဆို အမြန်အဖြေပေး .. ခွဲရမယ့်ဆေးရုံ နဲ့ဆရာဝန် စာရေးပေးလိုက်မယ်" လို့ အလားတူပဲ အေးခဲ တောင့်တင်းမာကြောတဲ့ လေသံနဲ့ပြောတယ်။ သမားတော်ကြီးရဲ့ စကားတွေကို ကျွန်မအဖေက မျက်နှာငယ်ငယ်နဲ့ နားထောင်နေတယ်။ အဖေဘာတွေးနေလဲ ကျွန်မသိတယ်။ ပိုက်ဆံဘယ်လောက်ကုန်မလဲ… မခွဲရင် ငါဘာဖြစ်တော့မလဲ..။ တခြားနည်းလမ်းကောမရှိတော့ဘူးလား..။ ဆရာဝန်ကြီးကတော့ အခုအမြန်အဖြေပေးခိုင်းနေပြီ …..။
ဒီအဖြစ်အပျက်တွေနောက်မှာ ကျွန်မ စာတစ်ပုဒ်ရေးမယ်လို့ စိတ်ထဲ  တေးထားလိုက်မိတယ်။ ဒီလိုမျိုး အဖြစ်အပျက်တွေကို ကျွန်မတစ်ယောက်တည်းကြုံနေရတာ ဟုတ်မယ်မထင်ပါဘူး။ ကျွန်မနဲ့ ဆုံဖြစ်တဲ့ တွေ့ဖြစ်တဲ့ ပြောဖြစ်ဆိုဖြစ်ကြတဲ့ အသိမိတ်ဆွေ၊ သူငယ်ချင်းများဆီမှလည်း မကြာခဏကြားနေရပါတယ်။ လူနာတစ်ယောက်ကို နေကြာစေ့ အစားမပျက်ဘဲ အေးစက်စက် စက်ရုပ်လို ဆေးကုပေးနေတဲ့ သမားတော်ကြီးတွေ၊ ပါဝါရှိရင်ရှိသလို (ပါဝါဆိုတဲ့နေရာမှာ ငွေကြေးအပါအ၀င် အခြားအရာများလည်းပါပါတယ်) သရေကြိုးသဖွယ် အပြုံးအရယ်ကို လိုသလို ကွန်ထရိုးလုပ် ဆက်ဆံတတ်ကြတဲ့ သမားတော်ကြီးတွေ၊ စက်ပစ္စည်းတွေ တပ်ဆင်တဲ့ စက်ရုံတစ်ခုလို လူနာမျက်နှာတစ်ချက်မကြည့် ဟောတစ်ယောက် ဟောက်တစ်ယောက် အေးစက်စက်ဆေးကုပေးတတ်တဲ့ သမားတော်ကြီးတွေ  တွေ့တွေ့နေရပါတယ်။
ဒီမှာ ကျွန်မစိတ်ထဲ မေးမိတဲ့ မေးခွန်းတွေ အများကြီးပေါ်လာပါတယ်
  • ဆရာဝန်ကြီးတွေအတွက် လူနာတွေဟာ ဘာလဲ …………
  • သမားတော်ဆိုတာကရော ဘာလဲ ………………..
  • ဘယ်လိုလူတွေ သမားတော်ကြီးတွေဖြစ်လာကြသလဲ ………………..
စတဲ့ မေးခွန်းတွေကို ကျွန်မအတတ်နိုင်ဆုံး စမ်းစစ်အဖြေရှာကြည့်မိတယ်။
ဆရာဝန်များအားလုံးကို မဆိုလိုသော်လည်း ကျွန်မပြောခဲ့သလို စက်ရုပ်နှလုံးသားဖြင့် လူနာအား ပြုမူဆက်ဆံနေကြတဲ့ သမားတော်တွေ၊ ဆရာဝန်တွေကို တွေ့မြင်နေကြရတယ်ဆိုတာ မငြင်းနိုင်ပါဘူး။ ကျွန်မကိုယ်တိုင်လည်း သမားတော်ကြီးတွေ နေရာဝင်ခံစားကြည့်ပြီး ဘာကြောင့်ဆိုတဲ့ အဖြေကို ကူထုတ်ပေးကြည့်ပါတယ်။
သမားတော်အလုပ်သည်လည်း တစ်နေ့တစ်နေ့ လူပေါင်းများစွာ၊ လူအမျိုးစုံနဲ့ ထိတွေ့ဆက်ဆံနေရတဲ့ အလုပ်တစ်ခု ဖြစ်တဲ့အတွက် စိတ်မရှည်နိုင်စရာတွေ ရှိပါတယ်။ အခုလို ခက်ထန် မာကြောသွားစေအောင် တွန်းပို့နေတဲ့ အရာတွေရှိပါတယ်။ မှန်ပါတယ်။ ဒါကြောင့် လူနာနဲ့ ဆရာဝန်အကြား ဒီလို ဆက်ဆံရေးပုံစံမျိုးတွေ တွေ့လာရတယ်ဆိုပါစို့။ ဒါဆို လူပေါင်းများစွာနဲ့ ဆက်ဆံရတဲ့ အလုပ်မျိုးကို အစိုးရရုံးတွေမှာသော်လည်းကောင်း၊ အခြားသော အလုပ်တွေမှာသော်လည်းကောင်း တွေ့နိုင်ပါတယ်။ ဆိုပါစို့ .. လ၀ကရုံး (သို့) အခွန်အရုံး စသဖြင့် ရုံးတစ်ရုံးထဲကို လူတစ်ယောက်ဝင်လာပြီဆို .. ကျွန်တော် ဒီပြဿနာလေးရှိလို့ပါ။ ဒါလေးလိုချင်လို့ပါ။ ဘယ်လိုလုပ်ပေးလို့ရလဲဆို။  မာန်ချပြီး ၀င်ကြရတဲ့ ဆက်ဆံရေးမျိုးက အားလုံးသိပြီးသားပါ။ ရုံးအရာရှိတွေကလည်း အဲဒီလို လိုပတ်ရှိလို့လာကြတဲ့ လူပေါင်းများစွာနဲ့ ဆက်ဆံရကြာလာတဲ့အခါ စိတ်မရှည်လက်မရှည် ပုံစံတွေ ခေါက်ရိုးကျိုးလာပါတယ်။ သူတို့လိုပတ်ရှိလို့ပဲ ဒီလောက်တော့ သည်းခံပေါ့ဆိုတဲ့ပုံစံမျိုးနဲ့ တစ်မျိုး ၊ လာရောက်တဲ့ ပြည်သူရဲ့ ပါဝါပေါ်မူတည်ပြီး သားရည်ကွင်းဆက်ဆံရေးမျိုးတစ်ဖုံ ဆက်ဆံနေကြတာကို အားလုံး အမြင်ရိုးနေကြပါပြီ။ သမားတော်ကြီးများရဲ့ လူနာအပေါ်စိတ်မရှည်မှုမျိုးဟာ အစိုးရရုံးအရာရှိတစ်ယောက်နဲ့ ရုံးကိုလာရောက်တဲ့ ပြည်သူအပေါ် စိတ်မရှည်မှုမျိုးနဲ့ အတိုင်းအတာ အတူတူပါပဲလား…။ တကယ့်လက်တွေ့တွင် သမားတော်ကြီးတစ်ယောက်အပေါ် လူနာတစ်ယောက်က ထားရှိသော လေးစားကြည်ညိုအားကိုးမှု တန်ဖိုးဟာ ရုံးတစ်ရုံးရှိ ရုံးအရာရှိတစ်ယောက်ကို အကြောင်းကိစ္စတစ်ခုအတွက် လာရောက်အားကိုးရတဲ့ ပြည်သူတစ်ယောက်ရဲ့ လေးစားမှုတန်ဖိုးနဲ့ အဆမတန်ကွာပါတယ်။ (ရုံးအရာရှိလူကြီးမင်းများအား နှိမ့်ချပြောလိုခြင်းမဟုတ်ပါ။) အဘယ်ကြောင့်ဆိုသော် သမားတော်များသည် လူသားတို့အတွက် တန်ဖိုးအကြီးဆုံးဖြစ်သော အသက်နှင့် ကျန်းမာရေးအား ကယ်တင်စောင့်ရှောက်ရန် စွမ်းနိုင်သူများ ဖြစ်ခြင်းကြောင့်ဖြစ်သည်။  ဒီတော့ သမားတော်ကြီးများက မိမိတို့တန်ဖိုးကို လုပ်ပိုင်ခွင့်ရှိ ရုံးအရာရှိနဲ့ ပြည်သူ တို့အကြား ဆက်ဆံရေးတန်ဖိုးလောက်သာ သဘောထားလိုက်ကြပြီလား ………….
သမားတော်ကြီးများအတွက် နောက်ထပ် အဖြေတစ်ခု ကျွန်မ ထပ်ရှာကြည့်ပါတယ်။ သမားတော်ကြီးတွေဟာ အခုလို ဒီနေ့ခေတ်မှာ သမားတော်ကြီးတွေရယ်လို့ဖြစ်လာဖို့ရာ သူတို့ ဘ၀ရဲ့ အချိန်အားလုံးနီးပါးကို စာအုပ်တွေကြား၊ လေ့လာသင်ယူမှုတွေအကြား၊ နေ့မနား ညမနား၊ လူအား၊ ငွေအား၊ လုံလ၀ီရယအား စသဖြင့် အားပေါင်းများစွာမြှပ်နှံခဲ့ရတာကြောင့် အခုလို သမားဂုဏ်မာန်လေး သက်ရင့်သွားတာပါလား လို့ အဖြေရှာကြည့်ပါတယ်။ မှန်ပါတယ်။ သမားတော်ကြီးတစ်ယောက်ဖြစ်လာစေဖို့ သာမာန်လူတစ်ယောက် ရရှိခံစားခဲ့ဖူးမယ့် အရာတော်တော်များများကို စွန့်လွှတ်ခဲ့ရမယ်ဆိုတာ။ ဒါကြောင့်လည်း သမားဂုဏ်မာန်တင်းမယ်ဆို တင်းခွင့်ရှိတယ်လို့ ထင်ပါတယ်။ ဒီနေရာမှာ သမားတော်မှမဟုတ်ဘူး ဘယ်လိုပညာရပ် နယ်ပယ်မျိုးမှာမဆို နှစ်မျြပ်ရင်းနှီးခဲ့ရတဲ့သူတွေအားလုံးဟာလည်း တစ်နေ့ သူလေ့လာခဲ့တဲ့ ပညာရပ်နယ်ပယ်မှာ တစ်ဖက်ကမ်းခတ်ဖြစ်ခဲ့ပြီဆိုလည်း ဂုဏ်ဝင့်ခွင့်ရှိပြီးသားပါ။ ဒါဆို ဥပမာ- တစ်ခုခုနဲ့ပတ်သက်တဲ့ နည်းပညာကျွမ်းကျင်သူတစ်ဦးက သူ့ကို လိုအပ်လို့ ချဉ်းကပ်ကြတဲ့ နယ်ပယ်ကလူတွေအပေါ် အထက်ဆီး ဆက်ဆံခြင်းမျိုးက .. ဆရာဝန်တစ်ယောက်က ငါ့ဝေဒနာတော့ ကုပေးနိုင်မှာပဲဆိုတဲ့ အားကိုးမျှော်လင့်ချက်မျိုးနဲ့ ချဉ်းကပ်လာတဲ့ လူနာတစ်ယောက်အပေါ် ခက်ထန်အေးခဲစွာ ဆက်ဆံခြင်းမျိုးနဲ့ အတိုင်းအတာ တူညီပါသလား ……….ဒီနေရာမှာ အတူတူပဲဆိုရင်တော့ ကျွန်မခံစားမိတဲ့ သမားတော်ဆိုတာ ဘာလဲဆိုတဲ့ အဖြေကို ထပ်စဉ်းစားစရာမလိုတော့ပါဘူး။
သမားတော်လုပ်စားတာဟာ စီးပွားရေးလုပ်တာပဲလား မေးရင် အသက်မွေးဝမ်းကျောင်းလုပ်ခြင်းတစ်မျိုးပဲလို့ ကျွန်မ ယူဆပါတယ်။ အသက်မွေးဝမ်းကျောင်းခြင်းဆိုတာကို ယနေ့လိုခေတ်ကြီးမှာ စီးပွားရှာကြတဲ့ အသွင်သဏ္ဍန်အဖြစ်မြင်နိုင်မှာပါ။ စီးပွားရှာခြင်းက အဓိက personal interest လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကျိုးစီးပွားအပေါ် အခြေတည်ပြီး မက်လုံးစနစ် incentive system နဲ့ အလုပ်လုပ်ပါတယ်။ ယနေ့ခေတ် ဈေးကွက်စီးပွားရေးစနစ်ခေတ်ကြီးမှာ များများလုပ်သူက များများ ခံစားခွင့်ရှိတယ်ဆိုတဲ့ fairness အပေါ် အခြေတည်ထားပါတယ်။ ဥပမာ- ကုန်ထုတ်လုပ်သူတစ်ယောက်က များများထုတ်ရင် များများမြတ်မယ်.. အရောင်းသမားတစ်ယောက်က များများရောင်းပေးနိုင်ရင် များများ ကော်မရှင်ရမယ် ..ကုမ္ပဏီလခစားတစ်ယောက်က များများလုပ်ပြနိုင်ရင် လခများများတက်မယ်..ဒီတော့ စီးပွားရှာသမားတစ်ယောက်ရဲ့ အန္တိမပန်းတိုင်ဟာ အမြဲ maximize profit အမြတ်အစွန်း အများဆုံးရရှိရေးပါပဲ .. ဒီနေရာမှာ ပြောချင်တာက ဈေးကွက်သဘောတရားအရ သမားတော်တစ်ယောက်ဟာလည်း လူနာများများကုနိုင်ရင် ဆေးရုံးများများညွှန်းနိုင်ရင် ဆေးများများ ၀ယ်ခိုင်းနိုင်ရင် ဟိုဒီများများ ညွှန်းနိုင်ရင် maximize profit ရရှိမှာပဲဖြစ်တယ်။ ဒီနေရာမှာ သမားတော်အလုပ်ကိုရော တခြားသော စီးပွားရှာအလုပ်တစ်ခုလို အမြတ်အစွန်းအများဆုံးရရှိရေးဆိုတဲ့ ရည်ရွယ်ချက်နဲ့ ရွေးချယ်ခဲ့တယ်ဆို ရွေးချယ်ခွင့်မရှိဘူးလားမေးရင် .. ရှိပါတယ်။ ဘယ်နေရာမှာမဆို ကိုယ်ပိုင်အကျိုးစီးပွားဆိုတာကတော့ အချိုးအစားတစ်ခုအနေနဲ့ ပါဝင်မှာပါပဲ။ ကုသိုလ်တွေဘာတွေ အသာထားဦး လူ့အသက်ကယ်တင်တဲ့အလုပ်မို့ ကြီးမြတ်ပြီး တာဝန်ကြီးလှတဲ့၊ စွန့်လွှတ်မှုတွေပေးရတဲ့၊ နှလုံးသားလှတဲ့ သမားတော်အဖြစ် အသက်မွေးဝမ်းကျောင်းဖို့ ရွေးချယ်မလား .. ဈေးကွက်စီးပွားရေးစနစ်ရဲ့ သမားတော်တစ်ဦးအဖြစ် အသက်မွေးမလားဆိုတာကတော့ သမားတော်ကြီးတွေရဲ့ နှလုံးသားတွေအပေါ်မှာပဲ မူတည်မှာပါ။ ဆရာဝန်အဖြစ်ရွေးချယ်ခြင်းကို ပြန်စမ်းစစ်ကြည့်မယ်ဆို ဆရာဝန်၊ သမားတော်ဖြစ်လာကြသူတွေဟာ ကျွန်မတို့နိုင်ငံ ပညာရေးစနစ်အရ အထက်တန်းမှာ ထူးချွန်စွာ အောင်မြင်ခဲ့သူတွေပါ။ ထူးချွန်စွာ အောင်မြင်ခြင်းမှာ ဘာ background မှ မရှိဘဲ ကိုယ်တိုင်ကြိုးစားလွန်းလို့ ဖြစ်လာသူတွေရှိပေမယ့် အရည်အတွက်နည်းပါတယ်။ ယျေဘုယျအားဖြင့် မိဘအထောက်အပံ့ ထိန်းကျောင်းမှု နှင့် ကျောင်းသားရဲ့ ကြိုးစားမှု စတာတွေအပေါ်မူတည်ပြီး ထူးချွန်စွာအောင်မြင်လာကြတယ်။ ဒါပေမယ့် ဆရာဝန်အဖြစ်ရွေးချယ်ခြင်းမှာ ဆရာဝန်အလုပ်က ဂုဏ်ရှိတယ် အကြီးမြတ်ဆုံးအလုပ်၊ ဒေါက်တာကြီးဖြစ်မှာ စတာတွေကြောင့် မိရိုးဖလာ အစဉ်အလာတစ်ရပ်လို ရွေးချယ်ဖြစ်သွားကြတာလည်းရှိသလို တကယ်ပင် ၀ါသနာပါလို့ ရွေးချယ်တက်ရောက်ခဲ့ကြတာတွေလည်း ရှိပါတယ်။ မိဘအတိုင်းဖြစ်စေချင်လို့ ရွေးချယ်တက်ရောက်ခဲ့ကြတာတွေလည်း ရှိပါတယ်။ တစ်ခုရှိသည်မှာ ထိုရွေးချယ်မှုကို လုပ်ခဲ့တဲ့အချိန်မှာ အသက် ၁၅ နှစ်၊ ၁၆နှစ် အရွယ်အသိဥာဏ်ပဲ ရှိဦးမှာပါ။ တချို့ ကျောင်းတတ်ရင်းနဲ့မှဖြစ်ဖြစ်၊ ဆရာဝန်ဖြစ်ပြီးမှဖြစ်ဖြစ် ဆရာဝန်အလုပ်ကို ၀ါသနာမပါလို့သော်လည်းကောင်း၊ တခြားအကြောင်းရင်းများ ကြောင့်သော်လည်းကောင်း ဆက်မလုပ်ဖြစ်တော့တဲ့ သာဓကမျိုးတွေလည်း တွေ့ရမှာပါ။  သမားတော်ဖြစ်လာကြသူတွေဟာလည်း ဈေးကွက်စီးပွားရေးစနစ်ရဲ့ သမားတော်တွေအဖြစ်ဘဲ ပိုပြီးရွေးချယ်ရှင်သန်နေထိုင်လာခဲ့ကြမယ်ဆို ကျွန်မတို့လို ဖွံ့ဖြိုးမှုနှေးနိုင်ငံတစ်ခုမှာ အခြေခံကျန်းမာရေး စောင့်ရှောက်မှုလေးတောင် ရဖို့အလှမ်းဝေးလာမယ့် ကလေးလူငယ်၊ သက်ကြီးရွယ်အိုတွေနဲ့ ပြည်သူတွေရဲ့ မျက်နှာငယ်နွမ်းနွမ်းတွေ၊ ကရုဏာမိုးခေါင်ရာအရပ်မှာ လူမသိသူမသိ တဖြုတ်ဖြုတ် ကြွေကုန်ရစ်တော့မှာပါ။

 "ဘယ်လိုပုံစံရွေးချယ်ရှင်သန်မယ်ဆိုတာက ကိုယ့်ရဲ့ အခွင့်အရေးတစ်ခုပါ .. ဘယ်လိုပုံစံ ရှင်သန်နေထိုင်ခဲ့တယ် ဆိုတာကတော့ ကိုယ့်ရဲ့ သမိုင်းကြောင်းတစ်ခုပဲ" လို့ မြင်မိပါတယ်။

ဇူလိုင် ၁၁ ၂၀၁၂

No comments: