Wednesday, June 13, 2007

မျက်ဝန်း

အဲဒီမျက်လွှာကို ပိတ်လိုက်ရင်
တစ်ဘ၀စာဝင်နိုင်တဲ့
ပြူတင်းလေးတစ်ပေါက် ပေါ်လာမယ်
အဲဒီပြူတင်းမှာ ဘာဆေးရောင်မှ သုတ်မထားဘဲ
အဖြူရောင် လွင့်လွင့်ပါးပါးလေး
အိပ်မက်ဆန်တယ်
ပြူတင်းကကြည့်ရင် ပန်းခင်းကြီးလည်း မမြင်ရဘူး
တောင်တန်းတွေလည်း မမြင်ရဘူး
ရေတံခွန်စိမ့်စမ်းတွေလည်း မမြင်ရဘူး
ဖြူဖြူဖွေးဖွေး ဟင်းလင်းပြင်တစ်ခုပဲ ရှိတယ်
အဲဒီပြူတင်းကို ငါငေးမောခဲ့တာကြာပေါ့
အစောဆုံးနေရောင် မနိုးသေးခင်
အစောဆုံးဆောင်းအိပ်မက် ရောက်မလာခင်
အစောဆုံးရင်ခုန်သံ မစီးဆင်းခင်
အစောဆုံးနှုတ်ဆက်တေး မသီခင်
အဲဒီပြူတင်းဘောင်မှာ ငါ့တစ်ဘ၀လုံး လွှားတင်ထားတယ်
လေတိုက်တိုင်း လွင့်ပါးနေပေမဲ့
ပြတင်းဟိုဘက်မှာ ဘာမှမရှိဘူး
ဟင်းလင်းပြင်ထဲပဲ
ငါ့ဖြစ်တည်မှုတွေ ကစဉ့်ကလျားဝဲကျနေတယ် ။ ။

No comments: