Wednesday, June 13, 2007

မေတ္တာတရား၊ နှုတ်ဆက်တေးနှင့်

မေတ္တာတရား၊ နှုတ်ဆက်တေးနှင့် ကိုယ့်ကိုကိုယ် ချနင်းလိုက်တဲ့ ကဗျာဆရာ

(၁)
ရင်ဘတ်တစ်ခုလုံး
ထွန်ကြောင်းဘယ်နှစ်ကြောင်းစာမြင်မှ
ယုံမတဲ့လဲ
ပြောပါ..
ငါစာရေးသွက်ရုံနဲ့တော့
ကိုယ့်နှလုံးသွေးကိုယ် အသုံးတော်မခံဘူး ။

(၂)
ဒီည
မခမ်းမနား ပြဇာတ်တစ်ပုဒ် ကမယ်
အချိန်ကာလက ... သစ်သားရတု မိုးဦး
မီးအလင်းအမှောင်က... ခရမ်းရဲ့ ရဲ့ 
နောက်ခံတီးလုံးက... တယ်လီဖုန်းခေါ်သံ
ဇာတ်ဝင်တေးက... သဂြိုင်္ဟ်ခြင်း
ဇာတ်ညွှန်းက...အလေ့ကျရှင်သန်ခဲ့မှု
ဇာတ်ထွတ်က... အမှောင်
ဇာတ်သိမ်းက... လိပ်စာမတတ်ထားသောစာများ
အဲဒီမှာ ဇာတ်ကောင်က...
ဘယ်လိုပေးကမ်းခြင်းကိုမဆို
နှလုံးသားနဲ့ပြေးပြေးခံတတ်တဲ့
သူဖုန်းစား...ငါ ။

(၃)
ကဲပါ... ပွဲပြီးပြီလား...
ကိုယ့်ရင်ခုန်သံ ကိုယ်ပြန်လိပ်ရုံပေါ့
လက်ပြခဲ့ခြင်းမျိုးု ရှိမှာမဟုတ်ဘူး
လက်ပြခွင့်မျိုးလည်း ရမှာမဟုတ်ဘူး
ဒီဝပ်ကျင်းလေးထဲ ပေါက်ရောက်ရှင်သန်ခွင့်ကို
နောက်ထပ်
သစ်သားရတု သံရတုတွေထိ
အောင်ပွဲခံပေါ့ ...
ခုတစ်သက်တာဝေးကွာခြင်းကရော
ငါ့ကိုထပ်ပြီးအသစ်အဆန်းဖြစ်စေပါဦးမလား
ပြောပါ...
ကဗျာဆရာတွေချစ်တတ်တာ
လူရယ်ဖို့သက်သက်တော့ မဟုတ်ဘူး ။ ။

လင်းပြာနွေ
(ဇူလိုင် ၇ ရက် ၂၀၀၄ ၀မ်းနည်းမှုများသို့ အမှတ်တရ)

No comments: