Sunday, May 20, 2012

အဓိပ္ပါယ်ဖွင့်ဆိုမှု ပျောက်ဆုံးနေနှင့်ပြီးသော


၁၃ နှစ်သားလေးရဲ့ ရင်ခုန်မှုမျိုး
ပြန်မရစကောင်းလားဆို
အဲဒီ ဘ၀ကို ကျိတ်မနိုင်ခဲမရမဖြစ်ပါနဲ့

ချစ်ခြင်းတရားရဲ့သန့်စင်မှုကို
.............. ကြိမ်မြောက်သော ပြိုလဲခြင်းမျိုးပြီးသောအခါ
သင်ယူတတ်မြောက်လာမယ်

အချစ်အကြောင်းပြောကြတဲ့ခါ
 ပြုံးနေချင်မယ် 

အချစ်က တည်ဆောက်မှ ရှိတဲ့အရာမဟုတ်ဘူး .......
စကားလုံးတွေနဲ့ သက်သေရှိရှိ မြင်သာထင်သာ
ကတိက၀တ်ပြုမှ ရှိနေတဲ့အရာမဟုတ်ဘူး.......
မျှော်လင့်ချက်ပန်းတိုင်ဆိုတာရှိမှ ဖြစ်တည်နေတဲ့အရာမဟုတ်ဘူး ........
နီးစပ်ထိတွေ့နေရမှ ဖြစ်တည်နေတဲ့အရာမဟုတ်ဘူး ......
တစ်ဖက်သတ်ပေးဆပ်နေရမှ ဖြစ်တည်နေတာလည်းမဟုတ်ဘူး .....
အချိန်ကြာလာတာနဲ့အမျှ ပြယ်လွင့်သွားမယ့်အရာမျိုးလည်းမဟုတ်ပြန်ဘူး ...........
လိမ်ညာလှည့်ဖျားမှုတွေထဲမှာလည်း တည်ရှိနေမယ့်အရာမျိုးမဟုတ်ဘူး ...........

အမှန်က အသက်ရှုခြင်းအနုပညာတစ်ရပ်လို
အဲဒီချစ်ခြင်းရှိနေမှန်းကို ကိုယ်တိုင်မေ့လျော့နေမယ့်အရာမျိုး .........

ဖမ်းဆုပ်သိမ်းပိုက်မိတဲ့အခါမှာလည်း ထာဝရပျက်ဆီးသွားနိုင်တဲ့ အရာမျိုးမို့............

ချစ်ခြင်းကို သဘာဝတရားတစ်ခုလို မြတ်နိုးနိုင်တဲ့အခါ သန့်စင်လာတယ်။             ။


တနင်္ဂနွေ

Saturday, May 5, 2012

ပုဂံမြို့ဟောင်းဆီမှ အသံများ

ထီးလိုမင်းလို ဘုရားဝန်းထဲက .. လေထဲလွင့်ပါးနေတဲ့ ဆည်းလည်းသံ ......ရုပ်သေးကြိုးဆွဲရုပ်ငယ်တွေ.... အလှချိတ်ဆွဲတဲ့ သစ်သားရုပ်ကလေးတွေ ... လွင့်ပါးနေတဲ့ သဲပန်းချီကားချပ်တွေ .. နောက် တည်တည်ခန့်ခန့် သစ်သား မျက်နှာဖုံးတွေ ပြီးတော့ ဈေးသည်တွေရဲ့ အသံတွေ ... အဲဒီ တစ်ဒင်္ဂမှာ အဲဒီအသံတွေအားလုံးက နှလုံးသားကို စကားတွေ အများကြီး လာပြောနေတယ် .....
 


 

 လောကနန္ဒာဘုရားကနေ ရှူရှိုက်ခဲ့ရတဲ့ ဧရာဝတီရဲ့ရနံ့ရယ်၊ ဧရာဝတီရဲ့လေတိုးသံ၊ ဟိုးအဝေးခပ်ပြပြက သဲမှုန်တိုင်းငယ်ငယ်၊ နောက် ငှက်ကလေးတွေရဲ့အသံ၊ ဘုရားအုတ်ပေါက်တွေကြားက လှမ်းမြင်နေတဲ့  မြတ်နိုးစရာကောင်းတဲ့ ကျွန်မတို့ရဲ့ဧရာဝတီ ....






ရွှေစည်းခုံဘုရားပေါ်မှာ မီးမပူဇော်ရသေးတဲ့အချိန် . မှောင်ပြပြ ညနေရီမှာ ကျေးငှက်တွေရဲ့အသံရယ်.. ဘုရားထဲလာ ကစားနေကြတဲ့...  ကလေးတွေရဲ့အသံရယ်.. ဘုရားကဆည်းလည်း သံတွေရယ် .....  နောက်ဘုရားစာရွတ်နေတဲ့ အဘိုးတစ်ယောက်အရဲ့အသံ .. ညနေခင်း ခပ်စိမ့်စိမ့်တိုက်နေတဲ့ လေညှင်း .. ဘာကိုမှန်းမသိဘူး ငြိမ်းငြိမ်းချမ်းချမ်းခံစားမှုတစ်မျိုးခံစားရတယ် .. အဲဒီခံစားမှုကိုလည်း မျှဝေချင်စိတ်တစ်မျိုးလည်း ကပ်ပါခံစားရတယ် ... 

အပြန်ကျတော့ ဘုရားဇောင်းတန်းတွေ မီးထွန်းထားပြီ.. ဘုရားဝန်းကျင်ကတော့ မှောင်မိုက်နေတုန်းပဲ.. ဘုရားဇောင်းတန်းထဲက ယိုဖိတ်ထွက်နေတဲ့ ၀ါကျင်ကျင် အလင်းရောင်က အနုပညာဆန်တယ် ..

 ဓမ္မယံကြီး ဘုရားဝန်းထဲမှာ တွေ့ခဲ့တဲ့ ကလေးလေးတွေ .......


အလှူခံနည်း အမျိုးမျိုး တွေ့ခဲ့ဖူးတယ် .. မင်းကွန်းတစ်ဖက်ကမ်းသွားတော့ လှေပေါ်က ဆင်းတာနဲ့ ကလေးငယ်တွေ ကပ်လိုက်လာပြီး အမွှေးတိုင်ယူပါ .. ဖယောင်းတိုင်ယူပါ နဲ့ အမှန်တော့ အလှူခံနည်းမျိုး မဆန်အောင် အမွှေးတိုင်ကို မယူမချင်း တောက်လျှောက်လိုက်ပြီး ဇွတ်လိုက်ရောင်းတဲ့ အလှူခံနည်းမျိုးကြုံဖူးတယ်..
နောက် .. သန်လျင်မှာ ကျောင်းတတ်တုန်းက ကိုရင်လေးတွေ အလှူခံတာ .. ကားပေါ်က ဆင်းပြီဆိုတာနဲ့ လမ်းကို ပိတ်ဆို့ထားပြီး အတင်းအလှူကို ထည့်စေတယ်.. မထည့်ဘဲ ဇွတ်ထွက်သွားရင် နောက်ကနေ ဖိနပ်ကို နင်းထားပြီး "ဒကာမကြီး အလှူခံပါတယ်" လို့ မပြတ်ပြောနေတဲ့ အလှူခံခြင်းမျိုးလည်း ကြုံဖူးတယ်။ ကိုရင်လေးတွေ နစ္စဒူဝ ဒါမျိုးကြီးလုပ်နေတော့ နောက်ပိုင်း သူတို့လက်က လွတ်အောင် ဇောချွေးပြန်မတတ် ထွက်ပြေးခဲ့ရဖူးတယ် ...
နောက် လမ်းတွေမှာ ခရီးသွားဟန်လွှဲ ကားခမကျန်တော့လို့ ကားခလေး လှူပါဆို .. မကြာခဏကြုံရတတ်တဲ့ အလှူခံခြင်းမျိုး.. အဲဒီ ကားခမကျန်တဲ့လူကိုပဲ ခဏခဏ ကားခမကျန်တဲ့ အဖြစ်နဲ့ သွားသွားတိုးတတ်တဲ့ အလှူခံခြင်းမျိုးပါ .. လှူနိုင်တဲ့ခါ လှူပြီး မလှူချင်တဲ့ခါလည်း မရှိဘူးပဲ ပြောပြောခဲ့တယ်

နောက် ဘူဖေးဆိုင်မှာ ကြုံခဲ့ဖူးတဲ့ အလှူခံခြင်းမျို.. ဒါကလည်း တစ်မျိုးလေး ထူးဆန်းတယ် .. အ၀စား မကုန်ရင် အလေးချိန်ချိန်ပြီး ငွေပြန်အန်းရမယ် ဆိုတဲ့ စာသားချိတ်ထားတဲ့ ဆိုင်တစ်ဆိုင်မှာ ..  .. အသားတွေ ပြုတ်စားရတဲ့ ဘူဖေးမျိုး .. ကိုယ်က စားနိုင်သလောက်ပဲ ယူပြီး ပြုတ်၊ ကင်စားနေတုန်း .. စားပွဲထိုးလေးတစ်ယောက်က သူတို့ကြိုက်ရာအသားတွေ အများကြီးယူလာပြီး ပြုတ်အိုးထဲ ထည့်ပါရစေတဲ့ .. ပြီးရင် သူတို့ မန်နေဂျာမမြင်အောင် ၀ှက်ယူပါ့မယ်တဲ့ .. အလှူခံတာပါတဲ့ .. အဲဒီတုန်းက မန်နေဂျာမြင်မှာစိုးလို့ ခိုးကြောင်ခိုးဝှက်နဲ့ လှူခဲ့ရဖူးတယ် ...

ဓမ္မယံကြီးဘုရားဝန်းမှာ တွေ့ခဲ့တဲ့ ကလေးတွေကတော့ ဘုရားသမိုင်းအကြောင်း ရှင်းပြပါရစေဆိုပြီး အလှူခံတယ် .. ဒါပေမယ့် ကိုယ်မသိချင်ဘူးဆိုလည်း အတင်းကပ်လိုက်မနေဘူး .. သိချင်ရင်ပြောပါတဲ့ .. ချစ်စရာကောင်းတယ် .... ကျောက်တုံးကြီးတစ်တုံးအကြောင်းကိုတော့ ပြောပြတယ် .. "ဒီကျောက်တုံးကြီးကို  လက်နှစ်ဖက်ကို ကြက်ခြေခတ် လျှိုသွင်းပြီး ဖြတ်စေတဲ့စက်လို့ လူတွေက လျှောက်ပြောကြတာ... အမှန်တော့ ဘုရားတည်လို့ အုတ်တွေစီတဲ့အခါ ထောင့်ချိုးတွေမှာ အုတ်တွေခိုင်အောင် ညှပ်တဲ့ဟာပါ ..
 လူတွေ ထင်သလိုမဟုတ်ပါဘူး" တဲ့။ 












ကျွန်မ အဲဒီကလေးကို သဘောကျသွားတယ် .. ကလေးဖြစ်ပေမယ့် ယုတ္တိမတန်တာတွေ ဇာတ်ဆန်ဆန် လျှောက်မပြောဘဲ ယုတ္တိဗေဒကျကျလေး ပြောတတ်တာလေးကိုပါ .. နောက် သရက်သီးစိတ်တွေဝယ်ပြီး အဲဒီကလေးတွေနဲ့ အတူထိုင်စားကြတယ် .. 

.ကောင်လေးအကြီးလေးက လေးတန်းနဲ့ ကျောင်းထွက်ထားတယ်တဲ့..အငယ်လေးတွေက ကျောင်းအားတုန်း အလုပ်လုပ်တာတဲ့ .. ဘုရားအကြောင်းတွေသိအောင် စာဖတ်တာလား မေးတော့ .. ကိုယ့်ထက် သိတဲ့ လူကြီးတွေဆီက သင်တာပါတဲ့ .. အငယ်လေးက " သားတို့ အစ်ကိုက ဒီဘုရားမှာပဲ သဲပန်းချီရေးတယ်လေ .. သားတို့က သူ့ဆိုက်ကယ်နဲ့ လိုက်လိုက်လာတာ .. အိမ်မှာဆို ပူတယ်ဗျ ဘုရားမှာက ပိုအေးတယ် .. သားတို့ရေချိုးရင် လောကနန္ဒာဘုရားနားက ဧရာဝတီမြစ်ထဲ ဒိုင်ဗင်သွားသွားပစ်တာပဲ .. သိပ်ပျော်ဖို့ကောင်းတာ"။ ခဏနေတော့ ဧည့်သည်တစ်စုဝင်လာတယ် .. " သွားလေ .. မင်းရှင်းပြရမယ့် အလှည့်မဟုတ်လား" ကျွန်မ အငယ်လေးကို ပြောလိုက်တယ်။ "သူတို့မှာ ဂိုတ် ပါတယ် .. သားသွားဖို့မလိုဘူး" တဲ့။ ကျွန်မ အဲဒီကလေးတွေကို မုန့်ဖိုးပေးတော့ "ကျေးဇူးတင်ပါတယ်" တဲ့။ ဒီလို ယဉ်ကျေးပြီး ရိုးသားချစ်စရာကောင်းတဲ့ ကလေးတွေကို ကျွန်မ စာသင်ကျောင်းကြီးထဲ စာအံလိုက်၊ ဆော့ကစားလိုက်နဲ့ပဲ မြင်ချင်တာပါ....။

(၂၈ ဧပြီ ၂၀၁၂ ... ပုဂံရောက်တုန်းက မှတ်မှတ်ရရ နှလုံးသားကို ထိခတ်စေခဲ့တဲ့ အရာတွေကို ခံစားတင်ပြခြင်းပါ။)












Sunday, March 25, 2012

အလျော်အစား


စိတ်ခံစားချက်ကို စိတ်ခံစားချက်နဲ့မှ
အလျော်ပေးရမယ်ဆို

ငါ့ခံစားချက်တွေ နင်ချေမွပါ။

အလွမ်းကို အလွမ်းနဲ့မှ
အလျော်ပေးရမယ်ဆို

ငါလွမ်းရဖို့လည်း အသင့်ဖြစ်ပါတယ်။

ဝမ်းနည်းမှုကို ၀မ်းနည်းမှုနဲ့မှ
 အလျော်ပေးရမယ်ဆို

ငါ့ဝမ်းနည်းမှုတွေ နင့်အတွက်စစ်မှန်စေရမယ်။

နာကျင်မှုကို နာကျင်မှုနဲ့မှ
အလျော်ပေးရမယ်ဆို

ငါ့နာကျင်မှုတွေ နင့်ရှေ့သက်ဝင်စေမယ်။

ငါ ....အကြောင်းပြချက်မပေးဘူး

ဖြေရှင်းချက်လည်းမရှိဘူး

ကျေပျက်ပါစေလို့လည်း မတွေးဘူး

ဘာနဲ့မှလည်း မချည်နှောင်ဘူး 

ငါပေးတဲ့အလျော်အစားတွေနဲ့

နင့်မာနတွေ အရောင်တင်နိုင်ခဲ့ရုံဆို တော်ပြီ.....။


 တနင်္ဂနွေနေ့တစ်နေ့





Saturday, March 24, 2012

ကျွန်မနှင့် စိတ်ဒဏ်ရာ


မှတ်မှတ်ရရ.....ကျွန်မ စိတ်ဒဏ်ရာဆိုတာနဲ့ ပထမဆုံးထိတွေ့ဖူးတဲ့ အဖြစ်ပျက်လေးတစ်ခုရှိခဲ့တယ်။ အဲဒီတုန်းက ကျွန်မအသက် ၁၁ နှစ်ဖြစ်မယ်ထင်တယ်။ ၅ တန်းနှစ်က။ ကျွန်မတို့ကျောင်းမှာ စာသင်နှစ်တစ်နှစ် ကုန်ဆုံးတိုင်း နှုတ်ဆက်ပွဲဆိုတဲ့ ပွဲလေးလုပ်လေ့ရှိတယ်။ အဲဒီနေ့ဆို ကျောင်းသူကျောင်းသားတွေက ၀တ်ကောင်းစားလှလေးတွေ ၀တ်လာပြီး၊ သီချင်းတွေ ဆိုကြတယ်။ ဂိမ်းတွေကစားကြတယ်။ လက်ဆောင်ပစ္စည်းတွေ လဲကြတယ်။ အဲဒီနေ့ဆို မုန့်တွေကျွေးတဲ့ အစီအစဉ်တွေလည်း ရှိတယ်။ စာသင်နှစ်ပြီးကာနီး အချိန်ဆိုတော့ ကျွန်မတို့ အရမ်းပျော်ကြတာ။ 

ကျွန်မက အဲဒီကျောင်းကို ပြောင်းတာ ၂ နှစ်လောက်ပဲ ရှိဦးမယ်။ ကျွန်မမှာ စွဲစွဲမြဲမြဲပေါင်းတဲ့ အတန်းဖော် သူငယ်ချင်းတစ်ယောက်ရှိတယ်။ သူနဲ့ ကျွန်မနဲ့က တစ်ဝန်းတည်းနေကြတာ။ သူက ကျွန်မထက်တော့ အသက် ၂ နှစ်လောက်ကြီးမယ်ထင်တယ်။ သူနဲ့ကျွန်မ ကစားဖော် ကစားဖက်၊ ကျောင်းသွားဖော် သွားဖက်တွေ။

ကျွန်မက အဲဒီကျောင်းကို ပြောင်းလာတာ မကြာသေးတော့ အဲဒီနှစ်မှ A တန်းဝင်တယ်။ အတန်းဖော်တွေနဲ့လည်း သိပ်မရင်းနှီးသေးတဲ့အချိန်ပေါ့။ ကျွန်မတို့ အတန်းထဲမှာဆို စာတော်တဲ့ ကောင်မလေးတွေက ပေါ်ပြူလာဖြစ်ကြတယ်။ အဲဒီကောင်မလေးတွေကလည်း နည်းနည်း လူကြီးဂိုက် ဖမ်းနေကြပြီ။ ကျွန်မက စာတော်တဲ့ထဲပါပေမယ့် ကလေးစိတ် မကုန်ဘဲ မျောက်ရှူံးအောင် ဆော့်တာကတစ်ကြောင်း၊ မဲမဲတုံးတုံးလေးဖြစ်တာက တစ်ကြောင်း ထင်ထင်ပေါ်ပေါ်တော့ မရှိလှဘူး။ နောက်ပြီး A တန်းကို ၀င်လာတဲ့ လူသစ်ဖြစ်နေတော့ မြို့ကျောင်းကလေးတွေသဘာဝ ကြီးကြီးကျယ်ကျယ်နိုင်ကြတယ်။

အဲဒီနှစ်က စာသင်နှစ်ကုန်ကာနီးလေ နှုတ်ဆက်ပွဲနေ့ကို ကြိုတွေးပြီး ပျော်လေပေါ့။ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းလည်း သီချင်းဝင်ဆိုချင်ကြတယ်။ နှုတ်ဆက်ပွဲမှာ သီချင်းဆိုမယ့်သူတွေ စာရင်းပေးဖို့ အတန်းခေါင်းဆောင်က လိုက်ကောက်တယ်။ သူက အမြဲအတန်းခေါင်းဆောင်အဖြစ် ခန့်ထားခံရတယ်။ အတန်းခေါင်းဆောင်ပီပီ အသံကလည်း ဟောင်ဖွာဟောင်ဖွာ......ဆရာကြီးကလည်း အားကြီးလုပ်ချင်တယ်။ ပြီးတော့ သူ့မှာ ပေါ်ပြူလာဖြစ်တဲ့သူတွေကို မျက်နှာလိုက်တတ်တဲ့ အကျင့်လည်း ရှိတယ်။ အဲဒီလို မထင်မပေါ်လူတွေဆို နှိမ်တတ်တဲ့ အကျင့်လေးကလည်း ရှိတယ်။  ကလေးတုန်းကတော့ ကလေးနှိမ်နှိမ်တာပေါ့နော်။ ကျွန်မတော့ သူ့ကို ဘူဇွာကြီးလို့ ခေါ်တာပဲ။ အဲဒီနေ့က စာရင်းလိုက်ကောက်တော့ ကျွန်မတို့ နှစ်ယောက်လည်း စာရင်းပေးခဲ့ကြတယ်။ 

စာမေးပွဲအတွက်လည်း စာကျက်နေရတဲ့ကြားက ကျွန်မတို့နှစ်ယောက်မှာ သီချင်းတစ်ပုဒ်တူတူဆိုမယ်ဆို သဘောတူလိုက်တယ်။ ဒါပေမယ့် ကျွန်မတို့ ဘာသီချင်းဆိုရမှန်းမသိဘူး။ အဲဒီအချိန်တုန်းက ကျွန်မတို့ ရင်းနှီးတာဆိုလို့ စိုင်းထီးဆိုင် သီချင်းတွေပဲရှိတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့ အိမ်ဘေးမှာနေတဲ့ ရှမ်းတိုင်းရင်းသား အဒေါ်ကြီး တစ်ယောက်ရှိတယ်။ သူက ကလေးတွေကို ချစ်တယ်။ ကျွန်မတို့က ညဘက်ဆို သူ့အိမ်မှာ အမြဲသွားသွားကစားလေ့ရှိတယ်။ ကျွန်မတို့ သွားကစားတိုင်း အဲဒီ အဒေါ်ကြီးက ဂစ်တာတီးပြီး စိုင်းထီးဆိုင်သီချင်းတွေ ဆိုဆိုပြတယ်။ ကျွန်မတို့လည်း သူဆိုပြနေကျ ဘီးနံပါတ် OK သုည 122 အလ် တို့၊ မောတော့မောတာပေါ့ ဒါပေမယ့် မမောဘူးတဲ့၊ ချယ်ရီပင်အောက်နောက်တစ်ခေါက်တို့ ဆိုတဲ့ သီချင်းတွေနဲ့ပဲ ရင်းနှီးနေခဲ့တယ်။

အဲဒါနဲ့ ကျွန်မတို့နှစ်ယောက်လည်း စိုင်းထီးဆိုင်သီချင်းတစ်ပုဒ်ပဲ ရွေးဖို့ဆုံးဖြတ်လိုက်တယ်။ ဘယ်လိုဖြစ်လို့လဲတော့ မသိဘူး အဲဒီတုန်းက ကျွန်မတို့ စိုင်းထီးဆိုင်ရဲ့ နေရစ်တော့ကွယ် သွားတော့မယ် ဆိုတဲ့သီချင်းကို ရွေးလိုက်ကြတယ်။ အဲဒီလိုနဲ့ ကျွန်မနဲ့ကျွန်မသူငယ်ချင်း သီချင်းတိုက်ကြတယ်။ နှစ်ယောက်အတူဆိုမှာဆိုတော့ ပြိုင်တူဆိုပြီး တိုက်ရတာပေါ့။ သီချင်းကလည်း အလွန်ကို အေးပါတယ်။ ခုနေပြန်နားထောင်ရင်တောင် အလွန်အိပ်ချင်စရာကောင်းတဲ့ သီချင်းမျိုး။ အဲဒီတုန်းက ငါးတန်းကလေးအရွယ်နဲ့ ဘာကြောင့်ဆိုဖို့ ရွေးခဲ့လည်းတော့ မသိဘူး။ ဖြစ်ချင်တော့ ကျွန်မသူငယ်ချင်းကလည်း Chorus အပုဒ်ရောက်လာရင် ကီးက ကြောင်ကြောင်နေပြန်တယ်။ သူက သီချင်း မဆိုတတ်ဘူး။ ကျွန်မကတော့ သီချင်းတွေနဲ့ လက်ပွန်းတတီးတော့ရှိတယ်။ ကီးဝင်အောင်တော့ ဆိုတတ်တယ်။ ဒီလိုနဲ့ ကျွန်မတို့ ညညဘက်ဆို အဲဒီ ရှမ်းအဒေါ်ကြီးအိမ်မှာ သီချင်းသွားသွားတိုက်ရတယ်။ ကျွန်မတို့ ဆိုမယ့်အိုက်တင်ကိုပါ ကျင့်ရတယ်။ ဒီလိုသီချင်းမျိုးနဲ့ဆိုတော့ ကျွန်မတို့ စစ်ချီတေးဆိုသလိုပါပဲ ....တောင့်တောင့်ကြီးတွေရပ်ပြီး အလွန်မှ အေးတဲ့ သီချင်းကို ခဏခဏဆိုကျင့်ခဲ့တယ်။ ကျွန်မသူငယ်ချင်းအသံကလည်း နည်းနည်း ဘဲသံလို ရှဲရှဲရှဲရှဲ ဖြစ်နေတယ်။ ဘယ်လောက်တိုက်တိုက်လည်း အဲဒီ "ခွဲရကာနီးမှ နှုတ်မဆက်နိုင်တယ်" ဆိုတဲ့နေရာရောက်တာနဲ့ ကီးကကြောင်တော့တာပဲ။ နောက်တော့ ဘယ်လိုမှ တိုက်မရတော့ ဒီလိုပဲ အပြီးသတ်လိုက်တယ်။ 

ဒီလိုနဲ့ နှုတ်ဆက်ပွဲနေ့ရောက်လာပါတယ်။ ထုံးစံအတိုင်း အားလုံးက လှလှပပလေးတွေ ၀တ်စားလာကြတယ်။ သီချင်းဆိုမှာပါတဲ့သူတွေကဆို ပိုပြီးတော့ ပြင်လာကြတာပေါ့။ ထုံးစံအတိုင်း အတန်းခေါင်းဆောင်ကတော့ ဟောင်ဖွာဟောင်ဖွာနဲ့ စီမံနေရတာကို ကြီးကြီးကျယ်ကျယ်လုပ်နေတယ်။ သူက အဲဒီလိုနေ့ပွဲတွေတိုင်းလည်း အမြဲ အခန်းအနားမှူးလုပ်နေကျ။ အခမ်အနားအစီအစဉ်လည်း သူပဲ ပြင်ဆင်တယ်။ ဟိုလူ့ဟောက် ဒီလူ့ဟောက်လည်း လုပ်နေသေးပြန်တယ်။ ကျွန်မနဲ့ ကျွန်မသူငယ်ချင်းလည်း လချီပြီး ကြိုတိုက်ထားတဲ့ သီချင်းကို ဆိုရတော့မယ်ဆို ကြိုတင်ရင်ခုန်နေကြတယ်။ ကျွန်မတို့ အဲဒီနေ့က အလှအပပြင်သလား မပြင်သလားတော့ ကျွန်မသိပ်မမှတ်မိတော့ဘူး။ ဒါပေမယ့် ရင်ခုန်နေတာတော့ မှတ်မိတယ်။ အဲဒီလိုနဲ့ အခန်းအနား စပါတယ်။ အတန်းခေါင်းဆောင် ဘူဇွာကြီးက အခန်းနားအစီအစဉ်တွေ တခုခုပြီးတစ်ခု ဖတ်ပြသွားတယ်။ အဲဒီမှာ ကျွန်မတို့သီချင်းဆိုမယ့် အစီအစဉ်ကို နောက်ဆုံးမှာထည့်ထားတယ်။ ကျွန်မတို့ရှေ့မှာတော့ ပေါ်ပြူလာ ကောင်မလေးတွေရဲ့ အစီအစဉ်တွေ အများကြီးထည့်ထားတယ်။ စိတ်ထဲတော့ မကျေမနပ်ဖြစ်သွားတယ်။ ငါတို့ကျ နောက်ဆုံးထည့်ထားတယ်ပေါ့။ 

အဲဒီမှာ ဘူဇွာကြီးက သီချင်းဆိုမယ့်လူက ဘယ်သူ့အလှည့်ဖြစ်ပါတယ်ဆို ကြေငြာနေလိုက်တာ တကယ့် ခန်းနားမှူးကြီးလို ဟန်ပါပါနဲ့ပေါ့။  ကျွန်မတို့အတန်းထဲက ပေါ်ပြူလာဖြစ်တဲ့ကောင်မလေးတွေက ဘာသီချင်းတွေဆိုကြလဲဆိုတော့ အဆိုတော် မေဆွိတို့၊ နောင်တို့ရဲ့ "ငရုတ်သီး" သီချင်းတို့ဘာတို့ စတဲ့ ခပ်မြူမြူး ခေတ်ပေါ်သီချင်းလေးတွေနဲ့ ကကြဆိုကြတယ်။ ကျွန်မတို့လည်း သဘောကျတာပေါ့။ ဒါပေမယ့် စိတ်ထဲတော့တွေးမိတယ် ကျွန်မတို့ သီချင်းက အေးများနေသလားပေါ့.. စစ်ချီတေးလို တောင့်တောင့်ကြီးဆိုပြီး ကီးကြောင်ကြီးနဲ့ ထထအော်ရင် ကဲ့ရဲ့များခံရမလား နည်းနည်းတော့တွေးမိတယ်။ တစ်ယောက်ပြီးတစ်ယောက် ဆိုပြီးသွားတိုင်း ကျွန်မတို့အလှည့်ရောက်လာတော့မယ်ဆို ရင်တခုန်ခုန်နဲ့ စိတ်ရှည်ရှည်စောင့်ရင်း ညနေပိုင်းကလည်း ရောက်လာခဲ့တယ်။ အဲဒီလိုနဲ့ မထင်မှတ်ပါပဲ ကျွန်မတို့အလှည့်ရောက်မယ့် အချိန်မှာ ဘူဇွာကြီးက သီချင်းဆိုတဲ့ အစီအစဉ်ပြီးဆုံးကြောင်း ထကြေငြာလိုက်တယ်။ ကျွန်မတို့လည်း တော်တော် စိတ်တိုသွားပြီး ဘူဇွာကြီးကို သွားထပြောတဲ့အချိန်မှာ အချိန်မရှိတော့ဘူး ဂိမ်းကစားတော့မှာမို့ ပြီးပြီဆို ဖြတ်ချလိုက်တယ်။ အဲဒီနေ့က ကျွန်မတော်တော် စိတ်မကောင်းဖြစ်သွားတယ်။ ဒီလောက် ကြိုးစားပမ်းစား တိုက်ခဲ့ရတဲ့ သီချင်းကို မှန်းထားတဲ့အတိုင်း မဆိုလိုက်ရပါဘဲ အိမ်ပြန်ခဲ့ရတယ်။ 

 အဲဒီကျောင်းမှာ ကျွန်မဆယ်တန်းအောင်တဲ့အထိ နေခဲ့ပေမယ့် နောင်နှစ်တွေမှာ ကျွန်မဘယ်တော့မှ သီချင်းဝင်မဆိုတော့ပါဘူး။ အဲဒီဘူဇွာအတန်းဖော်ကတော့ ထုံးစံအတိုင်း နှစ်တိုင်း အတန်းခေါင်းဆောင်နဲ့ MC လုပ်မြဲပါပဲ။ ကျွန်မစိတ်ထဲမှာလည်း  အနှိမ်ခံရလို့လား၊ လူသစ်မို့လား၊ ပေါ်ပြူလာဖြစ်သူ မဟုတ်လို့လား၊ မဲမဲတုံးတုံးလေးမို့လား ဆိုပြီး ဘာကိုမှန်းမသိ မှတ်မှတ်ရရ နာနာကျင်ကျင်ဖြစ်ခဲ့တယ်။

ဒီလိုနဲ့ပဲ အချိန်တွေကြာလာခဲ့တယ်။ ကျွန်မလည်း တက္ကသိုလ်တတ်၊ ပြည်ပမှာ ပညာဆက်သင်ပြီး သင်တန်းကျောင်းတစ်ကျောင်းမှာ ဆရာမဖြစ်လာခဲ့တယ်။ တနေ့ကျတော့ ကျွန်မအတန်းသစ်တစ်ခုကို စ၀င်ရတဲ့နေ့ပေါ့။ ကျွန်မကို ကျောင်းသားတစ်ယောက်က တရင်းတနှီးကြီး လာနှုတ်ဆက်တယ်။ "ဟဲ့ .. နင်ဒီမှာ ဆရာမလုပ်နေတာလား" ကျွန်မကြည့်လိုက်တော့ ငယ်ငယ်တုန်းက ဘူဇွာကြီးဖြစ်နေတယ်။ " ငါဒီမှာ သင်တန်းလာတတ်တာလေ" တဲ့ သူပြောတယ်။ "နင်ငါ့ကို မမှတ်မိဘူးလား" တဲ့။ မှတ်မိတာပေါ့..။ ကျွန်မရဲ့ ကလေးဘ၀စိတ်ဒဏ်ရာကြီးပဲ...။ အဲဒီနေ့က ကျွန်မဘူဇွာကြီးတို့ အတန်းကို စာသင်ပြီး ပြန်လာခဲ့တယ်။ အပြန်လမ်းမှာ ဘာကြောင့်ရယ်မသိ ကျွန်မတစ်ယောက်တည်း ပြုံးလိုက်မိတယ်..။ နောက်ပြီး ကျွန်မကောင်းကင်ကို မော့ကြည့်မိတယ်။ တိမ်တွေနဲ့ လင်းလင်းချင်းချင်း ပြီးတော့ ကျွန်မ အသံထွက်ပြီးပဲ ရယ်လိုက်မိပါတယ်.. ပထမတစ်ကြိမ်ပြုံးလိုက်မိတဲ့ အပြုံးအတွက် ကျွန်မကိုယ်ကျွန်မ ရယ်မိတာပါ။ ကျွန်မစိတ်ထဲမှာတော့ စိုင်းထီးဆိုင်သီချင်းမဆိုရတဲ့ စိတ်ဒဏ်ရာဟာ အဲဒီကောင်းကင်ကိုမော့ကြည့်လိုက်တဲ့ အချိန်လေးအတွင်းမှာ အလွန်ကို ရီစရာကောင်းစွာနဲ့ ကျေပျက်သွားခဲ့ပါပြီ။

အခုချိန်မှာတော့ ကျွန်မ နာကျင်မှုကို ပုံသဏ္ဍန်မျိုးစုံနဲ့ သင်ယူနေခဲ့ရပါပြီ။ မျှော်လင့်တာတွေဖြစ်မလာတဲ့အခါ၊ လိုချင်ရက် မရယူနိုင်တဲ့အခါ၊ မလိုချင်ပါဘဲ ရယူလိုက်ရတဲ့အခါ၊ အကြောင်းပြချက်မရှိ ရှုံးနိမ့်လိုက်ရတဲ့အခါ၊ အမျှော်လင့်တဲ့အရာတွေကို နှလုံးသွင်းလိုက်ရတဲ့အခါ၊ ချစ်ခင်သူတွေ ခွဲခွါသွားတဲ့အခါ၊ ပိုင်ဆိုင်နေကျအရာတွေ ပျောက်ဆုံးသွားတဲ့အခါ စသဖြင့် နည်းလမ်းအသွယ်သွယ်နဲ့ နာကျင်မှုတွေကို သင်ယူနေခဲ့ရတယ်။  နာကျင်မှုတစ်ခု ဒဏ်ရာအဖြစ် မြုံကျန်ခဲ့မယ့်အချိန်တိုင်း အဲဒီလို တိမ်တွေနဲ့ လင်းလင်းချင်းချင်းကောင်းကင်ကြီးကို မော့ကြည့်ရင်း အဲဒီလို အသံထွက်ရယ်မောရင်း ကလေးဘ၀က စိတ်ဒဏ်ရာလေးလိုပဲ ရီစရာကောင်းစွာ ကျေပျက်သွားအောင် ကျွန်မကြိုးစားနေထိုင်နေပါတော့တယ်......။

၂၄ မတ်လ ၂၀၁၂
စနေနေ့

Wednesday, March 21, 2012

အဲဒီမြို့

အဲဒီမြို့
မြေလွတ်မြေရိုင်းတွေ ပေါတဲ့မြို့
ကွန်ကရစ် လမ်းမကျယ်တွေ ထိုးထောင်ထွက်နေတဲ့မြို့
နီယွန်မီးတွေ အပြိုင်းအရိုင်း ပြိုကျနေတဲ့မြို့

အဲဒီမြို့……
တောသူမလေး တစ်ယောက်
မတောက်တခေါက်အလှပြင်ထားသလို
မိတ်ကပ်တွေ ပေကျံနေတဲ့မြို့
ရုရှဖက်ဒရေးရှင်းလို Shock Therapy နည်းနဲ့
Transition နောက် ဒရောသောပါး လိုက်လိုက်ရတဲ့မြို့
အစိမ်းရောင် လွန်ကဲတဲ့မြို့
အူတိအူကြောင် မြို့တော်ဖြစ်လိုက်ရတဲ့မြို့…….

အဲဒီမြို့ဟာလေ
လွင်ထီးခေါင် အလှတရားတစ်ခု ရှိနေသေးလို့သာ
မော်တော်ဆိုက်ကယ် ယဉ်ကျေးမှုတစ်ခု ရှိနေသေးလို့သာ
မြို့ကြီးသားလေထုတွေရဲ့ ကျေးတော်ကျွန်တော်ဘ၀ မကျရောက်သေးလို့သာ
ဖားလောင်းဆန်ဆန်လေး လှနေသေးပြန်တာ………..။

(၁၁ မတ်လ ၂၀၁၂ အမှတ်တရ)

Tuesday, March 20, 2012

ကျွန်မနှင့် သစ်ပင်များ

ငယ်ငယ်တုန်းက ကစားနေကျ ကစားနည်းတစ်ခုရှိတယ်။ "တန်ခူးလမှာ ဘာရွက်လဲ" လို့ ပြေးမဲ့လူကမေးရင်လိုက်မယ့်သူတွေက "ပိတောက်ရွက်" ၊ "ကဆုန်လမှာ ဘာရွက်လဲ" စသည်ဖြင့် ၁၂ လရာသီအလိုက် မေးတဲ့လူကမေးရပြီး လိုက်မယ့်သူက အရွက်နာမည်တွေကိုဖြေ၊ အဲဒီဖြေလိုက်တဲ့အရွက်ကို ဖမ်းတဲ့လူ လိုက်မမှီခင် အမှီရအောင် ရှာခူးရတယ်။ အဲဒီလိုရှာခူးနိုင်ဖို့ကို သစ်ပင်နဲ့ အရွက်တွေကို အရင် သင်ယူထားရတာပေါ့။

ကျွန်မငယ်ငယ်ကဆို သစ်ပင်တွေကို သိပ်စိတ်ဝင်စားတယ်။ လမ်းတစ်လျှောက်သွားပြီဆို ဟိုဟာ ဘာပင်လဲ.. ဒီဟာဘာပင်လဲ မေးလွန်းလို့ ကျွန်မနဲ့ အတူသွားတဲ့လူကြီးတွေဆို ကျွန်မကိုပြောတယ် နင်တော့ ကြီးလာရင် သစ်ပင်တွေအကြောင်း သင်ရတဲ့ အလုပ်မျိုး လုပ်မယ်ထင်တယ်တဲ့။

သစ်ပင်တွေအကြောင်း ကျွန်မ စပြီးမှတ်မှတ်ရရရှိခဲ့တဲ့အချိန်ဆို ကျွန်မ လေးနှစ် သမီးလောက်က ဖြစ်မယ်ထင်တယ်။ ကျွန်မတို့ နေရတဲ့ ၀င်းကြီးက အကျယ်ကြီး... အရင်က သင်္ချိုင်းကြီး ဖြစ်ခဲ့ဖူးတယ်လို့တောင်ပြောကြတာ။ အဲဒီဝင်းအကျယ်ကြီးထဲမှာ ကျွန်မတို့နေတဲ့ ၂ လုံးတွဲ နှစ်ထပ်အိပ်ကလေး ရှိတယ်။ အဲဒီမှာ ကျွန်မ အဖေဘက်က အမျိုးတွေ နဲ့ အဘိုးအဘွားတွေ အားလုံးစုနေကြတယ်။ အဲဒီဝင်းကြီးရဲ့ အနောက်ဘက်ဝေးဝေးမှာ ကျူပင်တွေ တရုန်းရုန်းထနေတဲ့ တောကြီးရှိတယ်။ အဲဒီတောကြီးကိုမရောက်ခင် ရေကန်ကြီးတွေ၊ ကန်သင်းတွေလည်း ဖြတ်ရတယ်။ အဲဒီရေကန်တွေထဲမှာ သဲကန်ကြီး တစ်ကန်လည်းပါတယ်။ အဲဒီကန်ထဲမှာ ပုစွန်တွေလည်းပေါတယ်။ ငါးတွေလည်း မျှားလို့ရတယ်။ ကျူတော ကြီးထဲမှာတော့ မြွေတွေပေါတယ် ပြောကြပေမယ့် ကျွန်မတို့ မောင်နှမတွေ တစ်ယောက်မှတော့ မြွေနဲ့ မတိုးခဲ့ကြဘူး။ သဲကန်ကြီးထဲဆို ကျွန်မအစ်ကိုတွေက ဒိုင်ဗင်ပစ်နေကျ။ ကျွန်မက အဲဒီတုန်းက ငယ်သေးတော့ ကျွန်မအစ်ကိုတွေ ဘောင်းဘီစဆွဲပြီး တကောက်ကောက် လျှောက်လိုက်နေတဲ့ အရွယ်ပေါ့။ သူတို့ ကစားဝိုင်းတွေထဲ မပါရလို့ ငိုငိုယိုယိုနဲ့ တိုင်တန်းတတ်လွန်းလို့ ကျွန်မကို ငယ်ငယ်က လူဆိုးမလို့ မကြာခဏပြောကြတယ်။ မှတ်မှတ်ရရပါ .. အဲဒီဝင်းကြီးရဲ့ မြောက်ဘက်အရပ်မှာ ညောင်ပင်ကြီးတစ်ပင်ရှိတယ်။ အဲဒီညောင်ပင်ကြီးမှာ ကျစ်ကြိုးကြီးနှစ်ချောင်းကို သစ်သားပြား တစ်ပြားမှာ ချည်ထားပြီး ကျွန်မတို့ မောင်နှမတွေ ဒန်းလုပ်စီးတတ်ကြတယ်။ ကျွန်မအစ်ကိုတွေက ကစားပြီဆို မျောက်ရှုံးအောင် ဆာ့ကြတယ်။ မောင်နှမတွေလည်းများ၊ လွတ်လည်း လွတ်လပ်တော့ ဘေးမဲ့တောထဲက တိရစ္ဆာန်လေးတွေလို မီးကုန်ယမ်းကုန် ကစားတတ်ကြတယ်။ အဲဒီညောင်ပင်ကြီးမှာ ဒန်စီးပြီဆို လေထဲကို လွင့်နေအောင်ကို လွှဲကြတာ။ ကျွန်မကလည်း သူတို့စီးတော့ ငိုငိုယိုယို စီးမယ်လုပ်တော့ သူတို့ အမြင်ကပ်ကပ်နဲ့ အမြင့်ကြီးရောက်အောင် လွှဲ၊ ကျွန်မကလည်း အဲဒီလိုများစီးရပြီဆို ပျော်တာမှ။ ဘယ်တော့မှမမေ့တဲ့နေ့တွေပေါ့။ အဲဒါနဲ့ကျွန်မတို့အတွက် အဲဒီ ညောင်ပင်ကြီးက ကစားရပ်ဖြစ်နေတတ်တယ်။ ကျွန်မမှတ်မိသလောက် အဲဒီညောင်ပင်ကြီးမှာ နတ်ပူဇော်တာတွေ မကြာခဏ လာလာ လုပ်လေ့ရှိကြတယ်။ အမေတို့က ကျွန်မတို့ကို အဲဒီမှာ မဆော့ဖို့ အမြဲမှာတတ်တယ်။ ဒါပေမယ့် ကျွန်မတို့ မောင်နှမတွေကတော့ အဲဒီ နှစ်ချို့ ညောင်ပင်ကြီးကို တအားသံယောဇဉ်ကြီးကြတယ်။

တစ်နေ့ကျတော့ ကျွန်မ ဗိုက်ထဲမှာ အလုံးကြီးတစ်လုံး ပေါ်လာပြီး ပြင်းပြင်းထန်ထန် အောင့်အောင့်လာတယ်။ အဲဒီအချိန် ကျွန်မမောင်လေးက မွေးကာစ လသားလေးပဲ ရှိသေးတယ်။ ကျွန်မဗိုက်အောင်ပြီဆို မချိမဆန့် ခံစားရတယ်။ ဗိုက်ထဲက အလုံးကြီးကလည်း ဟိုပြေးလိုက် ဒီပြေးလိုက်နဲ့ တအားခံစားရတာလို့ အမေက ပြောဖူးတယ်။ အဲဒီလိုနဲ့ ကျွန်မဆေးရုံတွေ မကြာခဏ တက်ရတယ်။ ကျွန်မမောင်လေးက ကျွန်မဆေးရုံပဲတက်နေရတော့ အမေနို့မစို့ရဘူးလို့ ပြောတယ်။ ကျွန်မဆေးရုံတစ်ခုကဆင်းလာပြီး မကြာဘူး နောက်တစ်ခု တက်ရလိုက်နဲ့.. ကလေးဆေးရုံပေါင်းများစွာကို လှည့်တက်ခဲ့ရတယ်တဲ့။ ကျွန်မဗိုက်ထဲကအလုံးကြီးကလည်းဓာတ်မှန်ရိုက်လည်းမမြင်ရဘူးတဲ့။ ပေါ်လာပြီး ပျောက်တဲ့အခါကျ ပြန်ပျောက်သွားပြန်သတဲ့။ အဲဒီရက်တွေမှာ ကျွန်မရောဂါဖြစ်ရတာ နတ်ပြုစားတာများလားဆို ကျွန်မအဒေါ်က စပြီး သံသယာဝင်လာခဲ့တယ်။ ကျွန်မ ညောင်ပင်းကြီးဆီ သွားသွားဆော့လို့ တခုခုဖြစ်တာဆို ယုံကြည်စိတ်က ပိုပြင်းထန်လာကြတယ်။ ဒီလိုပဲ ကျွန်မလည်း ဆေးရုံတတ်ရလိုက် ပျောက်လို့ ပြန်ဆင်းလာလိုက်နဲ့ သံသရာလည်နေစဉ် တစ်နေ့မှာ.. ကျွန်မအဒေါ်က အလုပ်သမားတွေငှားပြီး အဲဒီညောင်ပင်ကြီးကို ခုတ်လှဲလိုက်ပါတယ်။ ငယ်ငယ်လေးတုန်းက ငယ်ငယ်လေးအလျောက် ၀မ်းပန်းတနည်းဖြစ်ခဲ့ရတယ်။ အဲဒီညောင်ပင်ကြီး မရှိတော့တဲ့အဖြစ်ကို ကျွန်မမှတ်မှတ်ရရ ၀မ်းနည်းဖွယ်ရာ ပြန်သတိရတတ်တယ်။ ညောင်ပင်ကြီးမရှိတော့ ကျွန်မတို့ မောင်နှမတွေလည်း ဒန်စီးရမယ့် နေရာမရှိကြတော့ဘူး။ ညောင်ပင်အောက် မြေတလင်းမှာလည်း သွားမဆော့ဖြစ်ကြတော့ဘူး။ ကျွန်မဗိုက်ထဲက အလုံးကြီးလည်း နောက်ဆုံးအခေါက် ဆေးရုံအတက်မှာ ခွဲစရာမလိုဘဲ ပျောက်သွားခဲ့တယ်။ ကျွန်မအဒေါ်နဲ့ အဘိုးအဘွားတွေကတော့ အဲဒါညောင်ပင်ကြီး ခုတ်လှဲလိုက်လို့ ပျောက်သွားတာလို့ ယုံကြည်နေခဲ့ကြတယ်။ ကျွန်မကတော့ သိပ်နားမလည်ဘူး ညောင်ပင်ကြီး မရှိတော့တာပဲ ၀မ်းပန်းတနည်း ဖြစ်နေခဲ့တယ်။

အဲဒီနောက် ကျွန်မတို့ အိမ်ပြောင်းခဲ့ရတယ်။ ထုံးစံအတိုင်း ကျွန်မတို့ မိသားစုကတော့ အိမ်တွေသိပ်ပြောင်းတဲ့ မိသားစုတစ်စုပါ။ အဖေတို့က နယ်လှည့်ဝန်ထမ်းလည်း မဟုတ်ပါဘဲ အိမ်တွေတော့ သိပ်ပြောင်းရပါတယ်။ ကျွန်မနောက်ပြောင်းရတဲ့ အိမ်မှာလည်း မြေတလင်းကျယ်တွေရှိတယ်။ ဒါပေမယ့် ကျွန်မတို့ နေရတဲ့ အိမ်က ပြိုလဲကာနီးလေးမို့ ၀ါးပိုးလုံးကြီးတွေနဲ့ ထိုးကန်ထားရတယ်။ အိမ်ပေါ်ထပ်မှာ ၀ါးကပ်လိုကြမ်းမျိုး ခင်းထားတာမှတ်မိတယ်။ အဲဒီ ၀ါးကြမ်းခင်းထဲမှာ ညဆို ကြွက်တွေ ပွက်လောရိုက်နေတတ်ကြတယ်။ ဒါပေမယ့် ကျွန်မ အဲဒီ အိမ်လေးမှာလည်း ပျော်ပါတယ်။ ပထမဆုံးအကြိမ် ကျွန်မတို့ မိသားစုချည်းပဲသက်သက် နေခဲ့ရတဲ့ အိမ်ကလေးပါ။ အဲဒီခြံထဲက မြေတလင်းထဲမှာ စံပယ်တာတွေလည်းရှိတယ်။ စံပါယ်တွေပွင့်ချိန်ဆို တအားမွှေးတာ။ ဒါပေမယ့် အဲဒီစံပယ်ပင်တွေက ကျွန်မတို့ ပိုင်တာတော့ မဟုတ်ဘူး။ သူများ ပိုင်တဲ့အပင်တွေပါ။ ကျွန်မက စံပါယ်ပန်းလေးတွေတော့ ကလေးတစ်ယောက် သဘောကျပုံမျိုးနဲ့ သဘောကျတယ်။ ဒါပေမယ့် ကျွန်မ ပန်းနံ့တွေတော့ အဲဒီထဲက မကြိုက်လှဘူး။ အဲဒီခြံထဲမှာ နောက်ထပ် ဒညင်းပင်၊ သနပ်ခါးပင်၊ သရက်ပင်တွေနဲ့ မာကလာပင်တွေလည်း ရှိတယ်။ သနပ်ခါးပင်က သစ်ကိုင်းပျော့ပျော့လေးတွေဆို ကျွန်မ တစ်သက်မမေ့ဘူး။ ကျွန်မ အတန်းထဲမှာ စာမေးပွဲဖြေလို့ အဆင့်တစ်မရခဲ့ရင် အဲဒီသစ်ကိုင်းနဲ့ ကျွန်မအစ်မဆော်တာ ခံရပြီသာမှတ်။ ဒညင်းပင်အောက်က မြေတလင်းမှာဆို ကျွန်မနဲ့ ကျွန်မအစ်ကိုတွေ ကုလားမဆီး နင်းနေကျ။ မြေတွေက သဲဆန်တဲ့မြေမို့ ကလေးပီပီ သိပ်လူးလို့ကောင်းတဲ့ မြေတွေပါ။ ပြီးတော့ ကျွန်မတို့မွေးထားတဲ့ ခွေးအကြီးကြီး နှစ်ကောင်လည်း ရှိတယ်။ အဲဒီခွေးကြီးတွေကို ဒညင်းပင်အောက်က မြေတလင်းကြီးမှာ ခွခွစီးရပြီဆို ကျွန်မသိပ်ပျော်တာ။ အဲဒီတုန်းက ကျွန်မအသက် ၇ နှစ်နဲ့ ၈ နှစ်ကြား ကာလတွေထင်တယ်။ ကျွန်မတက်ရတဲ့ကျောင်းက ၄၅ မိနစ်လောက်လမ်းလျှောက်သွားရတယ်။ အဲဒီ ၄၅ မိနစ်မှာ မိနစ် ၃၀ လောက်က ၀ါးရုံတောရှိတဲ့ လမ်းကြီးကို ဖြတ်ရတယ်။ လေတအားတိုက်တဲ့အချိန်ဆို ၀ါးရုံပင်တွေ ယိမ်းထိုးပြီး တရွှီးရွှီးမြည်နေတာ မော့မော့ကြည့်ပြီး ကျွန်မ တအားသဘောကျခဲ့တာ။ ပြီးတော့ အိမ်နားမှာ သဲချောင်းလေးတွေလည်း ရှိတယ်။ အဲဒီသဲချောင်းလေးတွေထဲ ခြေတွဲလောင်းချထိုင် ၀ါးပင်က ၀ါးရွက်လေးတွေကို လှေလုပ်ပြီးမျှော၊ နောက် ချောင်းထဲဆင်းပြီး ငါးသလဲတိုးလေးတွေ လက်ခုပ်လေးနဲ့ ဆင်းဆင်းဖမ်းနဲ့ ကျွန်မမှာ အားလပ်ချိန်ကို မရှိသလောက်ပဲ။ ကျောင်းအားရက်တွေဆို ကျွန်မ မာလကာပင်ကြီး နှစ်ပင်ပေါ်ရောက်ရောက်နေတတ်တယ်။ ကျွန်မအစ်ကိုတွေ ဒညင်းပင်ကြီးပေါ်တက်တော့ ကျွန်မလိုက်တက်ချင်တယ်။ ဒါပေမယ့် ကျွန်မ ၇ နှစ်အရွယ်မို့ မတက်နိုင်ဘူး။ ကျောင်းအားရက်တွေဆို ကျွန်မတက်နေကျ မာလကာပင်ကြီး၂ ပင်ရှိတယ်။ လေတိုက်လို့ ယိမ်းထိုးနေတဲ့ သစ်ကိုင်းတွေကိုစီး၊ မိုးရွာကာနီး အုံ့မှိုင်းပြီးလှနေတဲ့ ကောင်းကင်ကြီးကိုကြည့် ပြီးတော့ မာလကာသီးတစ်လုံးကို လက်ကကိုင်စား တကယ့်ကို စိုင်းထီးဆိုင် သီချင်းထဲက ပျောက်ဆုံးနေသော နိဗ္ဗန်ဘုံတစ်ခုလိုပါပဲ။ နောက်မကြာဘူး ကျွန်မတို့ မိသားစု အိမ်ပြောင်းရပြန်ပါတယ်။ မှတ်မိတယ် ကျွန်မ ကိုးနှစ်အရွယ်ပေါ့။ အဲဒီ မြေတလင်းရယ်၊ မာလကာပင်ကြီးနှစ်ပင်ရယ်၊ ခွေးကြီးတွေရယ်ပါ ထားခဲ့ရလို့လား၊ ကျွန်မပဲ ပိုပြီးခံစားတတ်လာလို့ပဲလား မသိ ညောင်ပင်ကြီး ခုတ်လှဲတာထက် ပိုပြီး မှတ်မှတ်ရရနဲ့ ခံစားခဲ့ရတယ်။

ကံတော့ကောင်းတယ်။ ကျွန်မတို့ နောက်ပြောင်းရတဲ့ အိမ်က သဲချောင်းတွေ၊ ၀ါးရုံတောတွေ၊ စံပယ်ခင်းတွေ မရှိပေမယ့် ခြံကြီးဝန်းကျယ်ကြီးတစ်ခုပဲ။ အဲဒီခြံဝန်းထဲမှာ ရှေးဟောင်းဂေဟာကြီးတစ်ခုရှိတယ်။ အဲဒီဂေဟာကြီးက အစိုးရပိုင်ပါ။ ကျွန်မတို့က အဲဒီဂေဟာကြီး အနောက်က အစိုးရတန်းယားတွမှာ နေရတယ်။ ဒီတစ်ခါတော့ ကျွန်မတို့မိသားစု ကျွန်မအဒေါ်နဲ့အတူ ပြန်ပေါင်းနေရတယ်။ အဲဒီခြံဝန်းကြီးထဲမှာ ရေတမာပင်တွေရှိတယ်။ ခေါင်းလောင်းပန်းပင်တွေ၊ ဂျပန်နှင်းဆီးတွေ၊ ယူကလစ်ပင်တွေ၊ ပုံဏရိပ်ပင်တွေ၊ တိုက်ကပ်ပန်းပင်နဲ့ စက္ကူပန်းပင်တွေ၊ ဂေါ်သဇင်ခြံစည်းရိုးပင်တွေ နောက် ကျွန်မအချစ်ဆုံး ကန့်ကော်ပင်တွေရှိတယ်။ အဲဒီနေရာမှာ ကျွန်မအချစ်ဆုံး ဆောင်းရာသီတွေ ရှိတယ်။ ဆောင်းရောက်ပြီဆို ကန့်ကော်ပင်တွေထိပ်ဖျားပဲ ကျွန်မအမြဲတမ်း ရောက်ရောက်နေတတ်တယ်။ ကန့်ကော်ရနံ့တွေ တသင်းသင်းနဲ့ ဆောင်းတွင်း ကာလတွေ ကျွန်မမမေ့ပါဘူး။ ကျွန်မတို့ကျောင်းက မနက် ၉ နာရီတက်ရတယ်။ ကျောင်းက အိမ်နဲ့နီးတယ်။ မနက် ၇ နာရီ ၈ နာရီထိ ကျွန်မ ကန့်ကော်ပင် အဖျားမှာရှိနေတတ်တုန်း။ ကျောင်းသွားတဲ့ သူငယ်ချင်းတွေနဲ့ လှမ်းနှုတ်ဆက်လို့ကောင်းတုန်း။ အဲဒီချိန် ကျွန်မ ကဗျာတွေစာတွေ ခံစားတတ်စဖြစ်နေပြီ။ သီချင်းတွေလည်း ခံစားတက်နေပြီ။ ၁၁ နှစ် ၁၂ အရွယ်.. မှတ်မိတယ်.. ကန့်ကော်ပင်ဖျားမှာ ဗဒင်သီချင်းလေး တညီးညီးနဲ့ မနက်ခင်းတွေ။ မကြာပါဘူး အဲဒီကန့်ကော်ရနံ့သင်းတဲ့ နံနက်ခင်းတွေလည်း ကျွန်မချန်ထားရစ်ခဲ့ရတယ်။

အဲဒီနောက်ပိုင်း ကာလတချို့မှာတော့ မြို့သစ်ရပ်ကွက်တစ်ခုကို ပြောင်းရွှေ့ခဲ့ပြန်တယ်။ မြို့သစ်အိမ်က သစ်ပင်တွေ ဖြစ်ထွန်းလောက်အောင် မြေခံမကောင်းပါဘူး။ ခြံကျယ်ကြီးလည်း မဟုတ်ဘူး။ ကျွန်မတို့ပြောင်းကာစက လည်ပတ်ကြား ကွဲအက်အက်မြေပေါ်မှာ ထင်းရှူးပင်လေးတွေ အိမ်ရှေ့မျက်နှာစာမှာ စစိုက်ထားခဲ့တယ်။ ကျွန်မတို့အိမ်လေးကို ဆေးအဖြူရောင်လေး သုတ်ထားတယ်။ ကျွန်မတို့မိသားစုတွေချည်းပဲ ပြန်နေရလို့ ပျော်စရာတော့ကောင်းတဲ့ ကာလတွေပါ။ ကျွန်မ ၈ တန်း ၉ တန်း အရွယ်.. ကျွန်မအစ်ကိုတွေ ဂစ်တာတီးသင်ပေးလို့ တဒေါင်ဒေါင် တဒင်ဒင်လုပ်တတ်နေပြီ။ တချို့ ၀တ္ထုစာအုပ်တွေကို ခိုးဖတ်ပြီး လှုပ်ခတ်တတ်တဲ့ အရွယ်ပါ။ ၁ နှစ် ၂ နှစ် အကြာမှာ ထင်ရှူးပင်လေးတွေ အပြိုင်းအရိုင်းကြီးလာခဲ့ပြီ။ မြို့သစ်ဆိုတော့ အပူအအေးလွန်ကဲပြီး လေတိုက်လည်းကြမ်းတမ်းတယ်။ ညဘက်တွေဆို လေနဲ့ ဝှေ့ရမ်းနေတဲ့ ထင်းရှူးပင်တန်းတွေကြားထဲကနေ လင်းထိန်နေတဲ့ အိမ်ဖြူဖြူလေးကို လှမ်းမြင်ရတဲ့မြင်ကွင်းမျိုး ကျွန်မ တစ်သက်မမေ့ပါဘူး။ အဲဒီထင်းရှုးပင်တွေအောက် ခုံတန်းမှာ ထင်းရှူးပင်တွေကပြောတဲ့ ဂီတကို နားထောင်ရင်း (ထင်းရှူးပင်တွေက လေချွန်တယ်လေ) ကျွန်မ အစ်ကိုတွေက ဂစ်တာတီး ကျွန်မက သီချင်းတွေဆိုနဲ့ .. ထင်းရှူးနံ့သင်းတဲ့ ကာလတွေကို အခု လက်ရှိ ကျွန်မတို့နေအိမ်ကို ပြောင်းရတဲ့ခါ ထားခဲ့ရပြန်ပါတယ်။

ခုတော့ ကျွန်မတို့အိမ်မှာ ဘာသစ်ပင်မှ မရှိပါဘူး။ လှေကားထစ်တွေရှိတယ်။ သစ်ပင်ဖျားက ခံစားရတဲ့ အရသာမျိုး မဟုတ်ပေမယ့် အထပ်မြင့်တဲ့အတွက် အဝေးက တိုက်လာတဲ့ လတ်ဆက်တဲ့ လေအေးတွေကို ခံစားခွင့်တော့ရှိတယ်။ အိမ်ရှေ့အိမ်နောက် တစ်မိနစ်လောက်တောင် လျှောက်စရာမလိုဘဲ ရောက်နိုင်တယ်။ အချိန်မရှိ အချိန်ရှိမှ အိမ်ပြန်လို့ရတယ်။ တိုက်ခန်း ယဉ်ကျေးမှုတွေရှိတယ်။ မြို့ပြအငွေ့အသက်တွေရှိတယ်။ ငါးကင်ယဉ်ကျေးမှုတွေလည်း ထွန်းကားတယ်။ တခါတရံ တန်ခူးအခါတွေ လမ်းထိပ်က ပျံ့လွင့်လာတတ်တဲ့ ပိတောက်ရနံ့ကို ရှူရှိုက်ရတာကလွဲလို့ ပန်းရနံ့တွေ ဆိတ်သုန်းတယ်။ ၂၅ - ၃၀ အရွယ်၊ နှလုံးသားလည်း ထိရှမလွယ်တော့ပေမယ့် ငယ်ငယ်တုန်းက သစ်ပင်တွေကို လွမ်းစိတ်ကတော့ အမြစ်တွယ်တုန်း။ သစ်ပင်တွေရှိတဲ့ အရပ်တွေရောက်ရင် ငယ်ငယ်တုန်းကလို တလှပ်လှပ်ပျော်တုန်း။ ခရီးသွားရင်း သဲချောင်းငယ်တွေ တွေ့ရင် ငါးဆင်းဖမ်းချင်တုန်း၊ မာလကာပင်တွေတွေ့ရင် တက်ခူးစားချင်တုန်း။ ၀ါးရွက်ငယ်တွေတွေ့ရင် လှေလုပ်လွှတ်ချင်တုန်း။ ထင်းရှူးပင်တွေတွေ့ရင် သီချင်းတွေ ငြီးချင်တုန်း။ ညောင်ညိုပင်ကြီးတွေတွေ့ရင် ဒန်းဆင်ပြီး စီးချင်တုန်း... ဒါပေမယ့် .... ပျောက်ဆုံးခဲ့တဲ့ နိဗ္ဗာန်ဘုံလေးကိုတော့ ပြန်ရှာမတွေ့နိုင်တော့ပါ...........။


၂၀ မတ်လ ၂၀၁၂
၉ ၃၀ ညနေ

အလေ့ကျပေါက်ပင်

သူဘာသာသူ ရှင်သန်နေနိုင်တာနဲ့ပဲ

ပြုစုယူယဖို့ မလိုအပ်တော့ဘူးလား …

သူ့မှာလည်း နွေးထွေးတဲ့ နေရောင်ကို

ထိတွေ့ခံစားချင်စိတ်မျိုးရှိမယ်

သူ့မှာလည်း ပေါင်းမြက်၊ ပိုမွှားတွေရဲ့ရန်က

အကာအကွယ်ခံချင်လိုစိတ်မျိုးရှိမယ်…

သူ့မှာလည်း အရိပ်တကြည့်ကြည့်

သူ့အသီးအပွင့်၊ အကိုင်းအခက်တွေရဲ့

လှပဝေဆာမှုကို အကြည်နူးခံလိုစိတ်မျိုးရှိမယ်…

လေဒဏ်ရေဒဏ်ခံနိုင်လွန်းတဲ့

ဖြစ်လာရာ ကျုန်းရုန်းရှင်သန်နိုင်လွန်းတဲ့

စိတ်ဓာတ်နဲ့ အားမာန်မျိုး ရှိနေပေမယ့်

သူလည်း …

နှလုံးသားနဲ့မှ အသိအမှတ်ပြုမှု ခံယူဖို့ လိုအပ်နေသေးတဲ့

သက်ရှိသစ်ပင်တစ်ပင် ဖြစ်တယ်…။

၁၉.၁၂.၂၀၁၀

တနင်္ဂနွေ

၃း၃၀

ပထမဆုံးရေးဖြစ်သောကဗျာ

မေတ္တာကို စွန်လိုလုပ်လွှတ်လို့ရစကောင်းလား

သစ်တစ်ပင်စိုက်သလိုလေ

အရိပ်တကြည့်ကြည့်

လွတ်လပ်စွာရှင်သန်ပါစေတော့……

မလျှိုမ၀ှက် ဌာန်ကုန်ရိုးသားခဲ့လို့ ရှုံးရသတဲ့

ဒါဆို .. အဲဒီအရာ အရှုံးမဟုတ်ဘူး သေချာတယ် …..။

သဘာဝကျကျ ရိုးရိုးလေး ရှင်သန်ရအောင်ပါ

အောင်နိုင်သူမဖြစ်လည်းနေ

သိမ်းပိုက်ခြင်းကို အလှတရားတစ်ခုလို့တော့ မမြင်ဘူး……။

Saturday, March 17, 2012 at 3:44pm


ငါဘာမှမသိပါ

နာကျင်မှုကို ဘယ်လို စာလုံးနဲ့ ပေါင်းမလဲ….

လူတစ်ယောက်ဟာ ချစ်တတ်တယ် မချစ်တတ်ဘူး ဘာနဲ့တိုင်းမလဲ ….

ညစဉ် မက်တဲ့ အိပ်မက်ဆိုးနဲ့

လန့်လန့်နိုးနေဆဲ

ဒီလိုမျိုး ထွက်ခွာသွားမယ်ဆိုလည်း

ဒါနဲ့ ညီမျှတဲ့ ခံနိုင်ရည်မျိုး

တစ်ဖက်မှာ ငါ့ကို ပေးခဲ့သင့်တာပေါ့ လောကဒဏ်ရယ် ..

အဲဒီလို ယုံတောင်ပြေး ခွေးမြောက်လိုက် အတွေးတွေနဲ့

နာကျင်မှုက ဆေးမတိုးတော့တဲ့ အခြေနေ ..

ငါက လောဘကြီးသူမဟုတ်ဘူး

အများသုံး ပေတံကြီးနဲ့လည်း ချစ်ခြင်းကို ငါမတိုင်းခဲ့ဖူးဘူး

ဘုရားစူး တကယ်

အရော်အစားကြီးတယ်ဆိုလည်း

ချစ်တတ်ချင်ပါသေးတယ် …

တစ် နှစ် သုံး ရေမယ်

အချစ်ကို ငါ ပိုတွက်ခဲ့မိပြီလား

မသေချာမရေရာခြင်းတွေကိုမှ

လျှော့တွက်ခဲ့မိပြီလား …

ခါးမှန်းသိတယ်

ဘ၀ဟာ သင်ယူစရာ များမှန်းသိတယ်

တမြေ့မြေ့ တိုက်စားပြုန်းတီးသွားနိုင်တဲ့

အဆိပ်ရည်တွေမှန်းလည်းသိတယ်

သိတယ်ဆိုတဲ့ အသိလည်း ရှိတယ်

ကဲ ဘာလိုသေးလဲ

ဒါနဲ့တောင်

မိုးလင်းတိုင်း

ပူနွေးစိုစွတ်တဲ့ မျက်ဝန်းတွေနဲ့

နိုးထနေရဆဲ ..

တရေးနိုးထမေးတောင်

နောက်ထပ်တစ်ခါ

နောက်ထပ်ကြိမ်ဖန်များစွာ

ရှုံးနိမ့်ဦးရင်တောင်မှ

ဘုရားစူးတကယ်

ငါချစ်တတ်သေးချင်ပါသေးတယ် ။

လင်းပြာနွေ

၁၀နာရီ ၃၀ မိနစ်

၁၃ ဇူလိုင် ၂၀၀၉

တနင်္လာနေ့

http://linpyarnway.wordpress.com/


ပျောက်ဆုံးနေသော အဖြေများ

သင်တို့ မိမိကိုယ်ကို ကော်ဖီကြိုက်သူလား .. လက်ဖက်ရည် ကြိုက်သူလား ခွဲခြားသိပါရဲ့လား။ ဥပမာ သင်ဟာ ကြက်ဥကြိုက်သူ ဆိုပါစို့ .. သင်ဟာ ကြက်ဥရဲ့ အကာကို ကြိုက်သူလား.. အနှစ်ကို ကြိုက်သူလား မိမိ ကိုယ်ကို ခွဲခြမ်း စိတ်ဖြာဖူးပါရဲ့လား။ ထို့အတူ သင်ဟာ ကန်ဇွန်းရွက် ကြိုက်သူ ဆိုပါစို့ .. သင်ဟာ ကန်ဇွန်းရွက် အရိုးနှင့် အရွက် မည်သည်အား ပို၍ ကြိုက်နှစ်သက်ပါသနည်း။ သင်တို့ ခွဲခြမ်း စိတ်ဖြာဖူးပါရဲ့လား….

ကျွန်မသည် ကော်ဖီကြိုက်သူ ဖြစ်သည်။ ကန်ဇွန်းရွက်တွင် အရိုးအား ပိုကြိုက်သူဖြစ်ပြီး ကြက်ဥတွင်တော့ အနှစ်နှင့် အကာ မည်သည်အား ပိုကြိုက်နှစ်သက်သည်ကို ယခုထိ မခွဲခြမ်း စိတ်ဖြာနိုင်သေးပါ။ ကျွန်မ ကော်ဖီကြိုက်သူ တစ်ယောက်ဖြစ်မှန်း ရှာဖွေတွေ့ရှိခဲ့သည်မှာ အတော်အတန် ကြာခဲ့ပြီ ဖြစ်သော်လည်း ကန်ဇွန်းရွက်အရိုးအား ကျွန်မ ပို၍ ကြိုက်နှစ်သက်မှန်း ရှာဖွေတွေ့ရှိခဲ့သည်မှာ မကြားသေးမီ ကပင် ဖြစ်သည်။ သေချာသည်မှာတော့ ကျွန်မသည် ကော်ဖီကြိုက်သူ တစ်ယောက်ဖြစ်သည်။

တစ်ခါတရံ ကျွန်မတို့သည် မိမိကိုယ်ကို ခွဲခြမ်း စိတ်ဖြာဖို့ရာ မေ့လျော့နေသည် (သို့) မေ့လျော့ ထားကြသည်ဟု ကျွန်မ ထင်မြင်မိသည်။ ဘ၀တွင် ကော်ဖီ ကြိုက်သူတစ်ယောက်သည် လက်ဖက်ရည်အား မိမိ ကြိုက်နှစ်သက်သည် အထင်နှင့် တစ်ဘ၀လုံး ရွေးချယ်နေခဲ့ကြသူများလည်း ရှိကောင်း ရှိနိုင်ပါသည်။ ထိုသို့ဖြင့် ဘ၀မှတ်တိုင် အချိုးအကွေ့များ တိုက်စား သွားခဲ့ပေမည်။ ထိုသူ မိမိကိုယ်ကို ကိုယ်ဖီ ကြိုက်သူမှန်း မည်သည့် အချိန်တွင်မှ ရှာဖွေတွေ့ရှိမည်နည်း။ အချို့လူများအတွက် အချိန်တိုနှင့် ရှာဖွေတွေ့ရှိနိုင်သော်လည်း အချို့ ရှာဖွေရကောင်းမှန်းမသိ တစ်ဘ၀လုံး မေ့လျော့ သွားခဲ့သည်များလည်း ရှိနိုင်ပါသည်။ သင်တို့ရော မိမိရွေးချယ်ခဲ့မှုများသည် မိမိစိတ်ဝိညာဉ်၏ တောင့်တမှု အစစ်မှန်များ ဖြစ်ခဲ့ပါရဲ့လား။ သို့ဆိုလျှင် စိတ်၏ တောင့်တမှု အစစ်မှန်များကိုသာ ရွေးချယ်သင့်ပါသလား။ ထိုသို့ရွေးချယ်ခြင်းသည် ကောင်းခြင်း (သို့) ဆိုးခြင်း ဖြစ်ပါသလား။ မသေချာပါ…

ကျွန်မသည် ကော်ဖီကြိုက်သူ တစ်ယောက် အဖြစ် ရာနှုန်းပြည့် သေချာပါသည်။ မည်သည့် အချိန်၊ မည်သည့်နေရာတွင်မဆို ကော်ဖီကိုသာ ကျွန်မရွေးချယ်ခဲ့ဖူးပါသည်။ မည်သည့် အရပ်သို့ ရောက်နေနေ ထို ကော်ဖီတစ်ခွက် ရှိရာအရပ်သို့ မဖြစ်မနေ သည်းသည်း မည်းမည်း ကျွန်မ ရောက်ရှိခဲ့သည် ချည်းပင်ဖြစ်သည်။ ဆိုလိုသည်မှာ ကျွန်မသည် မိမိ စိတ်ဝိညာဉ်၏ တောင့်တမှု အစစ်မှန်ကိုသာ ရွေးချယ်သူ ဖြစ်ပါသည်။ ကျွန်မသည် မိမိ ကိုယ်ကို လှည့်ဖျားသူတစ်ယောက်မဟုတ်ပါ။ သို့သော် ကျွန်မ ရွေးချယ်မှုများ၏ ကောင်းခြင်း၊ ဆိုးခြင်း များမှာ အသေချာပါ။ မသေချာခြင်းဆိုသည်မှာ ၀ှက်ဖဲမမည်သော ၀ှက်ဖဲတစ်ချက်လည်း ဖြစ်သည်။

စိတ်ဝိညာဉ်၏ တောင့်တမှု အစစ်မှန်တိုင်းသည် စိတ်အာဟာရအား ဖြစ်စေပါသလား (သို့) အကောင်း အဆိုး အဖြေတစ်ခုအား ထုတ်ပေးနိုင်ပါသလား။ ပို၍ပင် မသေချာပါ။ ဘ၀တွင် တိုင်းတာရ အခက်ဆုံးသောအရာသည် အကောင်းနှင့် အဆိုး ဖြစ်သည်ဟု ကျွန်မထင်ပါသည်။ စိတ်၏ တောင်းတမှု တိုင်းသည် ကျွန်မတို့အား ပျော်ရွှင် ချမ်းမြေ့မှုများ ပေးနိုင်ပါခဲ့ရဲ့လား။ တဖျက်ဖျက် တရိပ်ရိပ် တုန်ရင်နေသော၊ ပုံမှန်ထက် အချက်များ စွာ ခုန်နေသော ရင်အစုံ၊ မွမ်းကြပ်မောပန်းမှု များနှင့် များစွာသော ဘေးထွက်နာကျင်မှု များအားလည်း ကျွန်မစွဲလန်းသော ကော်ဖီ တစ်ခွက်က ပေးစွမ်းနိုင်လေသည်။ သို့သော် ကျွန်မစွဲလန်းစွာ တရှိုက်မက်မက် ရွေးချယ်နေဆဲပင် ဖြစ်သည်။ သို့သော် ထိုသို့ နာကျင်ခံစားနေရသော ခဏငယ်တိုင်းတွင် စိတ်၏ တောင့်တရာ ကိုသာ စွဲမြဲ ခိုင်မာစွာ ရွေးချယ်ခဲ့သော ကျွန်မ .. ရွေးချယ်မှု ၊ အကောင်း အဆိုးနှင့် မသေချာခြင်းများ အပေါ်ေ၀၀ါးစွား အဖြေထုတ်နေခဲ့မိပါသည်။ ကျွန်မတို့သည် မည်သို့သော သတ္တ၀ါများနည်း။

ကျွန်မ၏ ရွေးချယ်မှု တိုင်း၌ စိတ်ပျော်ရွှင် သာယာမှု ၁၀ ရာခိုင်နှုန်း နှင့် စိတ်ထိခိုက်ပွန်းပဲ့ နာကျင်မှု ၉၀ ရာခိုင်နှုန်း အချိုးကျစွာ ရောနှောပေါင်းစပ်ထားခဲ့သည် မှန်သော်လည်း ကျွန်မသည် စိတ်၏ တောင့်တရာ အစစ်မှန်ကို သာ ထပ်၍ ရွေးချယ်ဦးမည်မှာ သိပ်ကို သေချာနေခဲ့ပါသည်။ သို့သော် နောင်အနာဂတ် ကျွန်မ၏ ရွေးချယ်မှုများ အတွက် နာကျင်မှုဒဏ် အတောင်အသင့် ခံနိုင်သော စိတ်ပဋိပက္ခအားေ ဖြေရှင်းနိုင်သည့် လုံလောက်သော အဖြေ ကျွန်မ ယခုထိ ရှာဖွေရန် ခဲယဉ်းနေဆဲပင် ဖြစ်သည်။ သေချာသည်မှာတော့ ကော်ဖီသည် ကျွန်မအတွက်တော့ ချည်တိုင်တစ်ခုပင် ဖြစ်နေပါသေးသည်။ သို့သော် ကျွန်မသည် စိတ်၏ တောင့်တရာ အစစ်မှန်ကို သာ ရွေးချယ်ကြပါဟု မည်သူ့ကိုမှ တိုက်တွန်းလိမ့်မည်မဟုတ်သလို ကျွန်မကိုယ်တိုင်တွင်တော့ မိမိစိတ်၏ တောင့်တရာ အစစ်မှန်ကိုသာ ဆက်လက် ရွေးချယ်ဖြစ်နေဖြစ်ဦးမည်မှာ သေချာပါသည်။

လင်းပြာနွေ

သြဂုတ်လ ၇ ရက် ၂၀၀၉

သောကြာနေ့

ည ၈ နာရီ


http://linpyarnway.wordpress.com/


Saturday, March 28, 2009

ကိုယ်ပိုင်မှတ်စု

ချင်းမိုင် မနက်ခင်းတွေ လွမ်းနေရစ်ဦးမှာပါ.. နှစ်နှစ်တာကာလဟာ တကယ်ကို ဆေးရောင်စုံခဲ့တယ်.. ဆန်းပြားတဲ့ အရောင်တွေကြား.. ကျွန်မ တခန်းတနား နှလုံးသားချည်း သက်သက် ပျော်ဝင် တင်ဆက်ကပြခဲ့တယ်။ ဘ၀ဟာ ဆန်းပြားတယ်လို့ ပြောရမလား.. ရိုးစင်းလွန်းတယ်လို့ပဲ ပြောရမလား..။ ဒါဟာ ကျွန်မ ဘ၀ထဲ ပထမဆုံး အကြိမ် အရိပ်အာဝသ ကင်းကင်း လမ်းလျှောက်ထွက်ခဲ့မှုတစ်ခုပါ...။ တောင်တွေနဲ့ မြို့.. တောတွေ အုံ့ဆိုင်းတဲ့မြို့.. လှပတဲ့ မြို့လေး ... ကျွန်မချစ်ခဲ့ပေမယ့် ချန်နေရစ်ခဲ့ရမှာပါ။ ကျွန်မချစ်တဲ့ အရာတွေကို ချန်ထားရစ်ခဲ့ဖို့.. ဆေးရောင်စုံနေ့ရက်တွေက သင်ကြားပေးခဲ့ပြီ။
လွမ်းပြီ ရန်ကုန်မြေရေ...။ ကျွန်မ မကြာခဏ ငြီးမိတဲ့ စကားတစ်ခွန်း။


အဖေ... သမီး ပြန်လာခဲ့ပြီ.. ဘ၀ဆီက သင်ယူမှုတွေတပွေ့တပိုက်နဲ့ သမီးပြန်လာခဲ့ပြီ....။


မာနတရားနဲ့ သိက္ခာတွေ.. ယုံကြည်မှုနဲ့ ကိုယ်ကျင့်တရားတွေ.. သစ္စာတရားနဲ့ မြတ်နိုးမှုတွေ.. သင်းဂြိုဟ် ခံရဖူးတဲ့ ဟောဒီ ဆေးရောင်ဆန်းပြားနေ့ရက်တွေ ကျွန်မအတွက် ကြိုတင် သိမထားခဲ့ တဲ့ ဘ၀ရဲ့ သင်းရိုးညွှန်းတမ်း တစ်ခုဖြစ်ခဲ့တယ် ။ ရိုးရိုးသားသား ရှင်သန်ဖို့ပဲ ကုတ်ကပ်ကြိုးစားခဲ့ပါတယ်။ ခွင့်လွှတ်လွယ်မှုနဲ့ မနာကျည်းတတ်မှုတွေဟာ ကျွန်မနှလုံးသားကိုကျ.. ဟိုး.. ချောက်နက်နက်တွေထဲ ဆွဲသွင်းသွားခဲ့လေတယ်..။ ရိုးရိုးသားသား ချစ်ခင် မြတ်နိုး ခဲ့ပါတယ်.. ရိုးရိုးသားသား တမ်းတညွတ်နူးခဲ့ဖူးပါတယ်..။ ရိုးရိုးသားသာ ကြည်နူးခဲ့ရတယ်။ ရိုးရိုးသားသား ၀မ်းနည်းခဲ့ရတယ်..။ ရိုးရိုးသားသား ရင်ကွဲနာနဲ့ ဆန်းပြာတဲ့ နေ့ရက်တွေကြား .. ဘ၀မှာ .. ဟောဒီလူတွေဆီမှာ.. ရိုးသားမှုတွေ အနည်းဆုံး ရှိကိုရှိမှာပါဆိုတဲ့ မျှော်လင့်ချက်က ကျွန်မရင်ထဲ ဇွဲကြီးစွာ ထင်ကျန်နေဆဲပါပဲ..။


ဒီည ကျွန်မ အဖေ့အိမ် ပြန်ခဲ့မယ်.....။
ရိုးရိုးသားသား နာကျင်ခဲ့တဲ့ အဖေ့သမီး.. ရိုးသားစွာပဲ အဖေ့အိမ် ပြန်ခဲ့ဦးမှာပါ....။



လင်းပြာနွေ
မတ်လ ၂၈ စနေနေ့
မနက် ၁၀း ၃၀

Wednesday, March 25, 2009

လေညင်းသို့

တိတ်တိတ်လေး ဖြတ်မောင်းသွားတဲ့ ရထား သံကြားတယ်
ဘယ်အရပ်ကို ထွက်ခွါပြီလဲ....
ဒါမှမဟုတ်
ဘယ်အရပ်သို့ ဆိုက်ကပ်ပြီလဲ........

ခိုကပ်ဝင်လာတဲ့ လေညင်းတွေက
အရင်တုန်းက တိုက်ခဲ့တဲ့ လေတွေလို မဟုတ်သလိုပဲ....
စိမ်းစိမ်း ခါးခါး......

လေညင်းလေး တိုက်ရုံနဲ့တောင်
ရင်ဘတ်ဆီက စူးစူးဝါးဝါးအောင့်တယ်
ပုစဉ်းရင်ကွဲတွေလို ခြစ်ကုတ်အော်နေမိတယ်

သံ
တိတ်......

လက်နက်မပါတဲ့လူ
မခုခံ တတ်တဲ့လူ
မနာကျည်းတတ်တဲ့လူ ကိုမှ
အနိုင်ယူလိုသတဲ့လား လေညင်းရယ်......
ထပ်
ပြော
မယ်.....
အနိုင်မယူလိုပါ
အရှုံးတွေပဲ ပေးခဲ့လည်း
ဘ၀ရဲ့  ဆု လာဘ်တွေ အဖြစ်
မှတ်တိုင်စိုက်ခဲ့ပါ့မယ်......

နာကျင်ပါတယ်
အသက်ရှူကျပ်မတတ် နာကျင်မိတိုင်း
တိမ်မမြင် လမမြင်ရခဲ့ဖူးတဲ့
ကြည်နူးမှုတွေကြောင့်
ကျေးဇူးတင်နေမိပြန်တယ်
လွင့်ပါလေညင်းရယ် မင်းစိတ်စေရာ .......

လေညင်းရယ်...
အပျော်သဘောနဲ့ပဲ လှုပ်ခတ်သွား လှုပ်ခတ်သွား
ဦးတည်ရာမဲ့စွာပဲ ၀င်ခဲ့ဝင်ခဲ့
ငါ့ကမ္ဘာလေးထဲ
မျက်စိလည် လမ်းမှားရောက်လာခဲ့ဖူးလို့
ကျေးဇူးတင်တယ်။

လင်းပြာနွေ
မတ် ၂၆ ၂၀၀၉
ည ၁၂ နာရီ

Monday, January 12, 2009

ဟောင်းနေတဲ့ စိတ်သစ်

စိတ်ဟာ
မြစ်ရေနဲ့တူသလား
အဆက်မပြတ်
တသွင်သွင် စီးနေသံကြားတယ်......

မနေ့က ကလေးငယ်ရဲ့ အိပ်မက်
သီချင်းလုပ်ငြီးနေသူ နေ့သစ်တွေကြား
မနက်ဖြန်နဲ့ ဒီနေ့
ဘယ်လောက်ပြောင်းလဲခြင်း တန်းဖိုးရှိမှ
ဖြစ်တည်မှူတွေကွဲလွဲမလဲ......

ခုက ၂၀၀၉ တဲ့
၂၀၀၈ ကို အပြီးသတ်တိုက်စားလိုက်တာ မှန်ပေမယ့်
ဘယ်တန်ဖိုးတွေ စိတ်မှာ ပါးလျားသွားပြီး
ဘယ်တန်ဖိုးတွေ စိတ်မှာ ထိုးထောင်ထွက်လာခဲ့ပြီလဲ......

နည်းနည်းလေး ပျော်ရွှင်ပါတယ်
နည်းနည်းလေး ၀မ်းနည်းပြန်တယ်.....
နည်းနည်းလေး အောင်မြင်ပါတယ်
နည်းနည်းလေး ကျရှူံးနေပြန်တယ်.....
နည်းနည်းလေး ဆိတ်ငြိမ်နေပြန်တယ်
နည်းနည်းလေး ဆူညံနေသေးပြန်တယ်......

ပျော်ရွှင်
ကျရှူံး
ဆိတ်ငြိမ်
အောင်မြင်
ဝမ်းနည်း
ဆူညံ

ဘ၀ဟာ ဒီဝင်ရိုးလေးတွေနဲ့
ပုံဖေါ်ထားတာလို့
တင်စားမယ်ဆို......

ဒီခေတ်ကာလကြီးထဲမှာ
ငါ
သေးသေးနုတ်နုတ်လေး ရှင်သန်နေသေးတယ်.......

ဇန်န၀ါရီ ၁၂ ရက် ၂၀၀၉
တနင်္လာနေ့
မနက် ငါးနာရီ

Saturday, December 6, 2008

ဆောင်း

စိတ်တွေပဲ ချမ်းသလား ရုပ်ခန္ဓာကပဲ ချမ်းသလား
နူးနူးညံ့ညံ့ နေရာယူတတ်သူ ဆောင်း
ခုတစ်ခါတော့
ရင်ကွဲအောင် ချမ်းရဲ့....


ဆောင်းရယ်
သက်တော်ရာကျော်ရှည်ပါစေ
နှင်းတောကြီးထဲ
ကောင်မလေးတစ်ယောက်
မျက်လုံးစုံမှိတ် ဆုတောင်းခဲ့ဖူးတယ်...


ဆောင်းရယ် ..
မြူတွေထဲ မသဲကွဲဘူး...
မနှစ်က ဆောင်းလား ဒီနှစ်ဆောင်းလား....
အဲဒီလိုပဲ လုံခြုံခဲ့ဖူးတာ...
စိတ်ဝိညာဉ်လေး ခိုက်ခိုက်တုန်နေတယ်...


ခန်းလုံးပြည့်နေရာယူထားတာ
ဆောင်းရဲ့ အေးစက်မှုတွေလား
အသက်တောင်မရှူရဲအောင်
နှာသီးဖျားထဲ စိမ့်ဝင်လာတဲ့ လေက
နှလုံးသားကို တိတ်တခိုးလေး ဆောင့်ဆောင့်တိုးတယ်....
ဆောင်းရယ်
ဝင်ခဲ့ပါ..
နွေးထွေးတဲ့ အလွမ်းတွေပါ ခေါ်လာခဲ့ပါ...


ဆောင်းရယ်
ခြေသံဖွဖွနင်း မင်းထွက်ခွာသွားတဲ့ခါ
မင်းရဲ့....ဆောင်းအိပ်မက်ရှည်ကြီးက
နှိုးခဲ့ပါ......
မင်းရဲ့ ဆောင်းအိပ်မက်ရှည်ကြီးက
ငါ့ကို နှိုးခဲ့ပါ............


( အမှတ်တရ ချင်းမိုင်ဆောင်းညများသို့.....)

Friday, November 14, 2008

ဟောဒီညကို နှုတ်တယ်

စိတ်ရဲ့ ဆောက်တည်ရာ ဘယ်မှာ
လုံးဝ ကျဆုံးသွားပြီ
စစ်ထွက်တေးတွေ
နားမတိုးတော့
အောင်စည်အောင်မောင်း တီးစရာမလို
ကျဆုံးခဲ့ပြီ
ကိုယ့်ကိုကိုယ် ကိုယ့်လက်နဲ့ အမြဲထူခဲ့ပါတယ်
ဟောဒီတစ်ခါ
လုံးဝကျဆုံးခဲ့ပြီ
အေးတယ်
သွေးခဲမတတ်
လွမ်းတယ်
ဆောက်တည်ရာမဲ့
လေတယ်
ဘယ်ကိုမှ ခြေဦးမချချင်လောက်အောင်
ပိတယ်
လှုပ်မရတဲ့ စိတ်ဖိစီးဝန်တွေ
ပေါက်ကွဲတယ်
ယဉ်ကျေးချင်စိတ် လုံးဝကုန်ခမ်းသွားလောက်အောင်
စိတ်ကို နုတ်နုတ်စင်းနေတာ ဘယ်အရာလဲ
တစ်ပါဒမှ မပြောချင်လောက်အောင်
လွတ်တယ်
ဒီည
ငါစိတ်ရှိတိုင်း
ကျဆုံးနေလိုက်တာ
နည်းနည်းလေးမှ ယဉ်ကျေးချင်စိတ်မရှိတော့ဘူး.......
နည်းနည်းလေးမှ ယဉ်ကျေးချင်စိတ်မရှိတော့ဘူး ........

Friday, October 3, 2008

အိပ်မက်မက်သူများ

တစ်မှေးအိပ်နိုင်ဖို့
တစ်ညလုံးရင်းခဲ့ရသူတွေ....

တစ်ညတာ အိပ်စက်ရင်း
တရေးနိုးလာသူတွေ.....

ညကို အိပ်မက်နဲ့ဟင်းလင်းဖွင့်ချင်ကြတယ်

နှင်းတစ်စက်ကျသွားသံနဲ့
သူတို့ နှလုံးခုန်သံတစ်ချက်
တစ်ထပ်တည်းတဲ့

ဆုံးရှုံးမှုကို မြတ်နိုးတာဆိုလို့
အိပ်မက်မက်သူတွေပဲ ရှိတယ် ။

ပင်လယ်လေရှူထွက်ခြင်း

နက်မှောင်နေတဲ့ ညကြီးထဲ
ပင်လယ်မှာ လှိုင်းတစ်ခုတတ်လာတိုင်း
လူ့အတ္တတွေလားလို့ ငါသံသယ၀င်မိတယ် ။

အမှန်ဆို ဒီည ပန်းရနံ့တွေ မွှေးပျံ့နေသင့်တာလေ....
အမှန်ဆို ဒီည ပင်လယ်ရဲ့ ဂီတမှာ မွှေ့လျော်နေသင့်တာလေ....။

ရေအောက်မှာ မြုပ်နေတဲ့ ခရုငမွဲလေးတစ်ကောင်သာ ဖြစ်လိုက်ချင်တယ်
ကိုယ့်ကိုယ်ကို ဘယ်မှာ ၀ှက်ထားရမှန်းမသိ
လူတိုင်းမှာ ငါ့ကို ရှာနိုင်တဲ့ မြေပုံတစ်ခုစီရှိတယ် ။

မြို့ပြလို ဆွဲဆွဲငင်ငင် ခွေးအူသံများလည်း မရှိ
ပင်လယ်ကတော့ အော်မယ်ထင်ပါရဲ့
စိတ်အမှုံအမွှားတွေ သဲပြင်တွေပေါ်ကျသွားတယ်
ငါတစ်လှမ်းလှမ်းရင် ခြေရာတစ်လှမ်းစာထင်မယ်
ရှေ့ကိုပဲလှမ်းလှမ်း....နောက်ကိုပဲ လှမ်းလှမ်း
သူတို့ကို ဖျက်မဲ့ လှိုင်းတွေက
အချိန်မှန် တတ်လာနေမှာပဲ ။

ကြယ်တွေများလွန်းတော့ရော ဘာအရေးလဲ
ကြယ်တွေကြွေလွန်းတော့ရော ဘာအရေးလဲ
ကောင်းကင်က သူ့ရင်ခွင်ထဲ
မဆန့်မပြဲ ထည့်ထားမှာပဲ....
မနှစ်သိမ့်ပါနဲ့ ...ကောင်းကင်ရယ်
ကြယ်လေးတွေက ချော့ရင် ပိုငိုတတ်ကြတယ် ။

မီးပြတိုက်လေးရေ..
ရွက်လွှင့်ရောက်လာသူတွေကို လက်ခံလိုက်ပါ
တစ်ခါတရံ ကမ်းကို မမျှော်ပဲ
စုံလုံးသာ မျှောနေပစ်လိုက်ချင်တယ် ။

ဒီပုံနဲ့ ပဲ ခုညထဲ
လွတ်လပ်တဲ့လေကို ရှူရင်း
လက်သီးကို ကျစ်ကျစ်ဆုပ်ထားမိ
ကျားထိုးထွက်တိုက်တဲ့ အချိန်ကျမှ
လူအတုတွေနဲ့ စစ်ခင်းခဲ့ရမှန်း ငါသိခဲ့တယ် ။

လူသားနှင့် ခံစားခြင်း အနုပညာ

ကိုယ်ပိုင်ဆိုင်နေကျ အရာများ မပိုင်ဆိုင်ရတော့သည့် အခါ...ကိုယ်ပေးခွင့်ရနေသော အရာများ ပေးခွင့်မရတော့သည့် အခါ... လူတစ်ယောက်၌ စိတ်ထိခိုက် ပြိုလဲမှု ဖြစ်ပေါ်လေသည်။ ကမ္ဘာပေါ်တွင် အသည်းကွဲသည့် ကိစ္စ ရာထောင်သောင်းမက ရှိသည်။ မိမိ ချစ်သူက မိမိအား ပြန်မချစ်သည့် ကိစ္စ၊ မိမိချစ်သူ၏ သစ္စာဖောက်ခြင်းအား ခံရသည့် ကိစ္စ၊ နှစ်ဦးသဘောတူ ချစ်သော်လည်း အကြောင်းကြောင်းကြောင့် ခွဲခွာနေကြရသည့် ကိစ္စ၊ နှစ်ဦးသဘောတူ မချစ်သော်လည်း မနေမဖြစ် အတူနေထိုင် နေကြရသော ကိစ္စ....စသည် ကိစ္စများ အားလုံးသည် လူ့ဘ၀၌ ဖန်တစ်ရာတေနေသော ဇာတ်ထုပ်များသာဖြစ်သည်။ သို့သော် ၄င်းတို့သည် လူသားတို့ သည်းခြေကြိုက် စိတ်ခံစားမှုများလည်း ဖြစ်နေကြပြန်သည်။


တစ်ခါတရံ လူသားတစ်ယောက်ဖြစ်နေသော မိမိကိုယ်ကို အားမလို အားမရဖြစ်မိသည်။ နာကျင်ခံခက်မှန်း သိသော်လည်း လူသားသည် နာကျင်မှု အပေါ်သာယာနေ၏။ ခံစားမှုများအား ထိန်းချုပ်နိုင်စွမ်းမရှိ။ (၀ါ) ထိန်းချုပ်ဖို့ရာ တစ်ရာ ရာခိုင်နှုန်း အားမထုတ်ခြင်းလည်း ဖြစ်ကောင်းဖြစ်မည်။


လူသားတို့သည် လောကကြီးအတွင်း အသက်ရှင်ရပ်တည်မှု သက်တမ်းစေ့ ကုန်လွန်သွားစေရန် အလုပ်မရှိ ကြောင်ရေချိုး နေကြရသည်ဟု တစ်ခါတစ်ရံ မြင်လာမိသည်။ ဘုရားသခင်သည် လူသားများ မချိန်ဖြုန်းခြင်း၌ မပျင်းပြေစေရန် အလို့ငှာ နှလုံးသားတစ်စုံစီ တပ်ဆင်ပေးလိုက်၏။ လူသားများ ခံစားကြလေသည်။ ဖန်တစ်ရာတေနေသော ဇာတ်ထုပ်များအပေါ် ခံစားကြသည်။ သူလို ကိုယ်လို ခံစားဖူးသော အရာတစ်ခု ဖြစ်ပင်ဖြစ်သော်ငြားလည်း လူသားသည် မိမိသည် အပူလောင်ဆုံးဟု ခံစားကြသည်။ မိမိပင် ကံအဆိုးဆုံးဟု ခံစားပစ်ကြသည်။ ခံစားခြင်းသည် တစ်နည်းအားဖြင့် အနုပညာလည်း မည်သောကြောင့် လူသားတို့ အစုလိုက် အပြုံလိုက် ခံစားနေကြသည်။


အသည်းကွဲနေသော ကျောင်းသူကောင်မလေးက လောကကို ၀မ်းနည်း ညှိုးချုန်းနေသော စိတ်များဖြင့် တွေတွေ ကြည့်နေစဉ်တွင် အိမ်ခြေမဲ့ကလေးလေး၏ မျက်ဝန်း၌ ဤနေ့ရလာသော ၀မ်းစာအတွက် ၀င်းလဲ့တောက်ပမှုများ ပြည့်ရှန်နေသည်။ လခထုတ်ရက် အလုပ်မှ နွမ်းနယ်စွာ ပြန်လာသော ပညာတတ်တစ်ယောက် မိမိရသော လစာအတွက် ဘ၀င်မကျဖြစ်နေချိန်တွင် ငယ်ဖြူဘုန်းကြီးတစ်ပါးက မိမိဘာအတွက် အသက်ရှင်နေသနည်း ဆိုသည်ကို သေငယ်ဇောနဲ့ လိုက်ရှာနေသည်။ နိုင်ငံရေးသမားတစ်ယောက် အာဘောင်အာရင်းသန်သန် တရားဟောနေစဉ်တွင် လမ်းလေးမှ ကြွေဗေဒင်ဆရာ တစ်ယောက် မိမိအသက်မွေးမှု အဓွန့်ရှည်စေရန်အတွက် ရနိုင်သည့် နည်းမှန်သမျှနှင့် ရုန်းနေရသည်။


လောကကြီးအတွင်း၌ မည်သူက မည်သူ့ထက် ပို၍ ခံစားနေရသနည်း.....လူသားတို့အတွက် ထိုမေးခွန်း၏ အဖြေသည်တစ်ခုတည်းသာ ဖြစ်သည်...မိမိသာလျှင်...။ လူသားတို့သည် ကိုယ်ချင်းစာကောင်း စာကြည့်ကြမည်....ထိုသို့ ယှဉ်ထိုးတွေးကောင်းလည်း တွေးကြည့်ကြမည်... သို့သော် လူသားတို့သည် မိမိဘ၀တွင် မိမိသာ ဇာတ်လိုက် လုပ်လိုကြသည်။ ဇာတ်ပို့ မလုပ်လိုကြ.. တစ်ဖက်၌လည်း ထိုဘ၀အား မိမိဘ၀ ...မိမိပိုင်သောဘ၀ဟု အရိုးစွဲ တွေးထားပြီးဖြစ်လေသည်။


အမှန်စင်စစ်တွင် လူသားများသည် အတ္တတူရာစုဖွဲ့နေထိုင်သော ယဉ်ကျေးသည်ဟု ယူဆရသည့် သတ္တ၀ါများ ဖြစ်သော်ငြားလည်း လူသားသည် စကြ၀ဋ္ဌာ တစ်ခုလုံး၌ အထီးကျန်ဆုံးသော သတ္တ၀ါများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အထီးကျန်ခြင်းအား အကျယ်ချဲ့ ခံစားနိုင်ဆုံးသူများ ဖြစ်၍ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လိုအပ်လျှင် လိုအပ်သလောက် အပိုစာသားများ ခံစားနိုင်သော နှလုံးသား တစ်စုံ တပ်ဆင်ထားသောကြောင့်လည်း ဖြစ်သည်။


လူအများ ပြောပြောနေသော ဘုရားသခင်သာ အမှန်ရှိသေးမည် ဆိုလျှင် လူသားအား စုံစီနဖာခံစားနိုင်သော နှလုံးသားတစ်စုံ အပိုထည့်ပေးခဲ့ခြင်းအတွက် ဖြစ်ပေါ်ခဲ့သော ဘေးထွက်ဆိုးကျိုးများအား တွက်ချက်ရန် သူမေ့လျော့သွားခဲ့ကြောင်း ပြေရာ ပြေကြောင်း ထောက်ပြချင်ပါတော့သည်။


၃ အောက်တိုဘာ ၂၀၀၈
မနက် ၄နာရီ ၂၆ မနစ်
သောကြာနေ့

Saturday, September 20, 2008

လွမ်းနာ

အလွမ်းကို ရင်နဲ့ မက
ကျောနဲ့ ထမ်းထားပါ့မယ်
အမြစ်ကျန်တဲ့
တမ်းတနာက တဆစ်ဆစ်ကိုက်တယ် ။
သက်ပြင်းချတယ်..
ဘယ်ကို လှိမ့်တယ်..
ညာကို ရုန်းတယ်..
အိမ်မက်ကို
စိတ်နဲ့ ခတ်ထုတ်လိုက်တယ်..
ခေါင်းရင်းမှာ အမှောင်တွေက
အုပ်ဖွဲ့ လှောင်ပြောင်လို့ ။
လာပါစေတော့.. ဒီညထဲ
စိတ်ရဲ့ ပရမ်းပတာ လွင့်မျောမှုမှာ
အတိတ်ကာလတွေက
တပ်မက်မှုတွေ ခါးတစ်ခွင်ခွင်ပြီး
ပိုသီဖတ်သီ ပြေးဝင်ဝင်လာတယ် ။
ဘယ်မှာလဲ .. ချစ်သူရယ်
အဲဒီလို..အလင်္ကာဆန်ချင်တယ်ဆို
ကာရံတွေ နှစ်တစ်ရာမက
ချို့သွားကြလိမ့်မယ်...ငါရဲရင့်စမ်းပါရစေ ။
လွမ်းနာကို လွမ်းနာလို့ပဲချရေးခဲ့မယ်
ဘယ်အရောင်ပေါ်မှာမှတော့ နောက်ခံထားမကြည့်ပါနဲ့
ဒီသက္ကရာဇ်ရဲ့ ဒီလ .......
ဒီနေ့ .......
ဒီည.......
ဒီအချိန်တိတိမှာ......
လူတစ်ယောက်သမိုင်းထဲ
အလွမ်းနဲ့ ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့တယ်။ ။

Wednesday, September 10, 2008

အတိတ်ကို ပျံသန်း - အငဲ

အတိတ်ကို ပျံသန်း
အငဲ

ဒိုင်ယာရီအိမ်အိုဟောင်းလေးထဲ ငါ ကြုံပြီ ဒါဟာ အချစ်တဲ့လား
ပျော်ရွှင်ဖွယ်နေ့များ ဝေးသွားတော့
ကံကြမာရယ် ဝေဒနာတွေဟာ ရောက်ရှိခဲ့
ဘယ်ဆီမှာလဲ တစ်ခါက တို့ချစ်ခြင်း နေ့ရက်များ ငါ ဆုံးရှုံး
ဝေးမသွားခင် ဖက်ထားစမ်းပါ ချစ်တတ်ရင် မငိုနဲ့ဦး

အိုး…. စည်းများခြားလို့ တို့နှစ်ယောက် ဝေးပြီလား
တို့အဖြစ်က ဆိုးလွန်း အတိတ်ကို ပြန်တွေးတိုင်း ငါ့နှလုံးသား ကွဲအက်
ဒါဟာ ပုံပြင်အဟောင်းလေးတစ်ပုဒ်
အချစ်ကြောင့် အလွမ်းရဲ့ ဒုက္ခကျေးကျွန်များ
သွေးကြောထဲ စိမ့်ဝင် မင်းရဲ့အနမ်းလေး…
တစ်ခါက မင်းရယ်ကိုယ် ချစ်ခြင်းကောင်းကင်မှာ
ဒီအတိတ်ရဲ့နေ့လေး… အတိတ်ရဲ့နေ့လေး… အို...

တစ်ချိန်မှာ ဒီလိုခွဲကြဖို့ ငါလေ ကြိုတင်မစဉ်းစားခဲ့
ရီဝေစွာ ယစ်မူး မင်းအချစ်နဲ့ ဒီရာသီချိုတွေ ငါ ဖြတ်လျှောက်ရင်း
ဘယ်ဆီမှာလဲ ဟို တစ်ခါကချစ်ခဲ့ခြင်း နေ့ရင်းများ ငါ လွမ်းနေလိုက်
မင်းပါးပြင် ခိုနားဖို့ရာ ငါနေ့တွေ ပြန်ရမလား…

အိုး…. စည်းများခြားလို့ တို့နှစ်ယောက် ဝေးကွာသွား
တို့အဖြစ်က ဆိုးမြဲ အတိတ်ကို ပြန်တွေးတိုင်း ငါ့နှလုံးသား ကွဲအက်
ဒါဟာ ပုံပြင်အဟောင်းလေးတစ်ပဲ
အချစ်ကြောင့် အလွမ်းရဲ့ ဒုက္ခကျေးကျွန်များ
သွေးကြောထဲ စိမ့်ဝင် မင်းရဲ့အနမ်းလေး…
တစ်ခါက အချစ်တွေကို ပြန်ရလိုက်ချစ်တယ်
ငါတို့ရဲ့ နေ့လေး… ငါတို့ရဲ့နေ့လေး.. ရေး...

စည်းများခြားလို့ တို့နှစ်ယောက် ဝေးပြီလား
အေးချမ်းတဲ့ ချစ်သူ ကောင်းကင်ရဲ့အရိပ်
တစ်ခါက ပါးပြင်မှာ ခိုနားလိုက်ချင်တယ်
ငါတို့ရဲ့ နေ့လေး… ငါတို့ရဲ့အချစ်လေး..

စည်းများခြားလို့ တို့နှစ်ယောက် ဝေးပြီလား
ငါ မေ့မရနိုင်ခဲ့...
တို့ရဲ့ အချစ်လေး… ပြန်ရဦးမလား မျှော်လင့်ခဲ့
စည်းများခြားလို့ တို့နှစ်ယောက် ဝေးပြီလား
စွန့်ပစ်ခဲ့ မင်းနဲ့ တို့ဘ၀ဟာ ဝေးပြီ
အချစ်ကြောင့် အလွမ်းရဲ့ ဒုက္ခကျေးကျွန်များ
ဒါနောက်ဆုံး အနမ်း
စည်းများခြားလို့ တို့နှစ်ယောက် ဝေးပြီလား
အတိတ်ရဲ့ နေ့လေး….
စည်းများခြားလို့ တို့နှစ်ယောက် ဝေးပြီလား။ ။

(အငဲရဲ့ စိတ်ရွက်လှေစီးရီးမှ)